တိုင်းရင်းသား တန်းတူရေးအတွက် ဖက်ဒရယ် စနစ်ကျင့်သုံးမည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်များကို ပြင်ဆင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်မလိုဘဲ ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးနိုင်မည့် ဥပဒေ မူကြမ်းတခု ရေး ဆွဲရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကိုယ်စားလှယ် တချို့ကို တာဝန်ပေးခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များက အထက်ပါ အတိုင်း တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်နှင့်ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဒေါ်နန်းဝါနုတို့အား တာဝန် ပေးထားကြောင်း သိရသည်။
အသစ်ရေးဆွဲမည့် ဥပဒေကြမ်းသည် ဖက်ဒရယ် ဥပဒေကြမ်းဟူ၍ အတိအကျ မဟုတ်သော်လည်း ဖက်ဒရယ် ကိုယ်စားပြု မည်ဖြစ်ကြောင်း၊ ဦးတီခွန်မြတ် ယခင်က တင်သွင်းထားသည့်အဆိုနှင့်၎င်း ကိုယ်တိုင်တင်သွင်းခဲ့ သော အဆိုတို့အပေါ် အခြေ ခံ၍ ရေးဆွဲရန် ဖြစ်ကြောင်း ဒေါ်နန်းဝါနုက ဧရာဝတီ ကို ပြောသည်။
“ပြည်နယ် အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်ဖို့ အဆိုတခု ကျမ တင်ခဲ့တာနဲ့ ဦးတီခွန်မြတ် တင်သွင်းထားတဲ့ တိုင်းရင်းသား အခွင့်အရေး ရရေး အဆိုတွေ အပေါ် အခြေခံပြီး ရေးဆွဲမှာပါ”ဟု ၎င်းက ဆိုသည်။
ဦးတီခွန်မြတ်သည် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ “တိုင်းရင်းသား လူမျိုးများ၏ အ ခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေ တရပ်ပြဌာန်းရေး” အဆိုကို ဇူလိုင်လ တွင် တင်သွင်းခဲ့သေးသည်။
၎င်း၏ အဆိုသည် စာပေနှင့်ယဉ်ကျေးမှုကိုသာ အခြေခံတင်သွင်းခဲ့ပြီး၊ တိုင်းရင်းသား အားလုံးအတွက် အဓိကျ အရေးပါသည့် တန်းတူရေး၊ ဥပဒေ ပြုရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်တို့ ပါဝင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသား အများစုက နှစ်သက်မှု မရှိကြကြောင်းလည်း ဝေဖန်မှုများ ရှိခဲ့သည်။
ဖက်ဒရယ် ဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၂ ကို အခြေခံ၍ ရေးဆွဲပေးရန် သူရ ဦးရွှေမန်းက လမ်းညွှန်ထားကြောင်း သိရသည်။ ဇယား ၂ တွင် ပြည်နယ်၊ တိုင်းဒေသ အစိုးရတို့ အား ဥပဒေပြု ရေးအ တွက် လုပ်ပိုင်ခွင့် တချို့ပေးထားသည်။
“၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေ ကိုယ်တိုင်က လုပ်ပိုင်ခွင့် မရှိလို့ဘဲ ပြင်ဆင်ရေးဆွဲပေးဖို့ ကြိုးစားနေကြတာပါ၊ အဲဒီအပေါ်မှာ ထပ်ပြီး အခြေခံ ရေးဆွဲမယ်ဆိုတော့ ဘာမှထူးမှာ မဟုတ်ဘူး”ဟု ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ် က ဧရာဝတီ ကို ပြော သည်။
ဖွဲ့စည်းပုံ၏ ဇယား ၂ ၌ ပြည်နယ်၊ တိုင်းဒေသ အစိုးရများအတွက် ဥပဒေပြုရေး ကိစ္စတချို့သာ ပါဝင်ကြောင်း၊ ထို ဇယားကို အခြေခံရုံနှင့် ဖက်ဒရယ်မူ ဖြစ်မလာနိုင်ကြောင်း၊ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များ ကို နိုင်ငံတော် သမ္မတ မှ တိုက်ရိုက် ခန့်အပ်သည့်ကိစ္စနှင့်တခြား သော ပြင်ဆင်စရာ အချက်အလက် များစွာ ရှိသေးကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD )ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
ပြည်နယ်၊ တိုင်း အစိုးရ ဖွဲ့စည်းရာတွင်လည်း ထိုဒေသ၌ အများစု ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံရေး အဖွဲ့အစည်း များအနေဖြင့် အစိုးရ ဖွဲ့ခွင့်မရကြောင်း၊ ထို့အတူ ဒေသတွင်းထွက်ကုန် သဘာ၀ သယံဇာများနှင့် ပတ်သက်၍ လည်း အပြည့် အ၀ စီမံလုပ်ဆောင်ပိုင်ခွင့် မရှိခြင်း စသည့်အချက်များကို ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်သေးကြောင်း ၎င်း က ဆက်ပြော သည်။
“ဇယား ၂ မှာပါတာက၊ ဥပမာ- စည်ပင် အခွန်ကောက်ခွင့်တို့၊ သတ္တုဆိုလည်း ရှာဖွေခွင့်၊ တူးဖော်ခွင့် မရှိဘဲ ခွဲစိပ်ခွင့် လို့သာ ရေးထားတော့ ဘာမှ မယ်မယ်ရရ လုပ်ပိုင်ခွင့်ပေးထားတာမျိုး မရှိဘူး”ဟု ဦးအေးသာအောင် က ဆိုသည်။
ဥပဒေသစ် ရေးဆွဲမည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ ၏ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှု မရှိသည့် အကြောင်းအရာများ၊ အားနည်းချက် များကိုသာ ပြင်ဆင်ရေးဆွဲ သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။ ဥပဒေပြုရေး လွှတ်တော် အနေဖြင့် လည်း တိုင်းရင်းသား အရေး၊ ဒီမိုကရေစီ အရေးကို တကယ်ဆောင်ရွက်လိုပါက ပြင်ဆင်စရာ ဥပဒေများကိုသာ လုပ်ဆောင် ပေး သင့်ကြောင်း ပြောသည်။
စစ်မှန်သည့် ဖက်ဒရယ် စနစ်ဖြစ်ပေါ်ရေး အတွက် ၂၀၀၈ ဖွဲ့စည်ပုံ၏ အချက်တချို့ကို ပြင်ဆင်နိုင်ရန် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်များ၊ တိုင်းရင်း လက်နက်အဖွဲ့အစည်းများ စသည်တို့ က အလေးပေး လုပ်ဆောင်နေချိန် တွင် အသစ်ရေးဆွဲမည့် ဥပဒေကြမ်း ကိစ္စ ပေါ်လာခြင်း ဖြစ်သည်။
ယခုလ အတွင်း ကျင်းပမည့် ရှမ်းတိုင်းရင်းသား ပေါင်းစုံပါဝင်သော ညီလာခံ တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စစ်မှန် သည့် ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး ကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီက တရားဝင် ပြောဆိုထားသည်။
ထို့အတူ ဖက်ဒရယ်ကိစ္စနှင့်ပတ်သက်၍ မိတ်ဆွေ ၁၀ ပါတီနှင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံးစဉ်ကလည်း ဆွေးနွေးခဲ့ကြသေးသည်။ ဖက်ဒရယ် စနစ်တည်ဆောက်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စသည် လည်း လွှတ်တော်ကသာ ဆောင်ရွက်နိုင်ကြောင်း ဦးအောင်မင်း က ပြောဆို ထားသည်။