ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းသစ်သို့ ပြောင်းရွေ့ခံရသည့် ကျောင်းသား ၃၀၀ ကျော်က ယနေ့နံနက် ၁၂ နာရီခန့်တွင် မန္တလေးမြို့ ရှားတောလေးရွာ မူလ ကောလိပ်ကျောင်းဟောင်း ရှေ့တွင်ထိုင်ကာ ဆန္ဒဖော်ထုတ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုင်းရင်းသား ကျောင်းသားများသည် မကြာသေးမီက မန္တလေးမြို့မှ စစ်ကိုင်းရွာသစ်ကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံ တက္ကသိုလ်သို့ ပြောင်းရွေ့ခံရခြင်းကြောင့် ယမန်နေ့ည ၇ နာရီခန့်မှ စတင်ကာ မိုင် ၃၀ ခန့် ဝေးသည့် မန္တလေးကျောင်းဟောင်းသို့ ၎င်းတို့ပိုင် ပစ္စည်းများကို သယ်ပိုးကာ လမ်းလျှောက်ချီတက်လာသူများဖြစ်သည်ဟု မန္တလေးမြို့ခံများက ဆိုသည်။
“တိုင်းရင်းသား ရိုးရာဝတ်စုံတွေဝတ်ပြီး ကျောင်းပေါက်ဝမှာ နေပူထဲ ထိုင်နေကြတယ်။ ဘာမှလည်း မစားဘူး၊ မနေ့ကတည်းက လမ်းလျှောက်လာကြလို့ ပင်ပန်းနေတယ်” ဟု သွားရောက်ကြည့်ရှု့သူ မန္တလေးမြို့ခံတဦးက ပြောသည်။
ကျောင်းသားများ၏ မကျေနပ်ချက်များကို ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းလာ ရောက်ကာ မေးမြန်းသည်ဟု အဆိုပါမြို့ခံက ဆိုသည်။
စစ်ကိုင်းရွာသစ်ကြီးကျောင်းတွင် နေထိုင်သွားလာမှု အဆင်မပြေသည့်အတွက် မန္တလေးမြို့အနီးရှိ မူလ ကျောင်းတွင်သာ ဆက်လက်နေလို၍ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ တောင်းဆိုချက်များ မရမချင်း ဤနေရာ၌ ဆက်လက်နေထိုင်နေမည် ကျောင်းသားများကဆိုကြောင်း သိရသည်။
ကျောင်းသားများ၏ စားဝတ်နေရေးအတွက် မန္တလေးမြို့ခံ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) စသည့်အဖွဲ့များက ကူညီပေးနေကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းသားများသည် ယနေ့ညနေ ၃ နာရီတွင် ကျောင်းဝင်းအပြင်သို့ ထွက်ပြီး ဆန္ဒပြမည်ဖြစ်သည့်အတွက် ကျောင်းရှေ့တွင် လုံထိန်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အသင့်အနေအထား ရောက်ရှိနေပြီး သံဆူးကြိုး အကာအရံများလည်း ချထားသည်ဟု သိရသည်။
ထို့အပြင် မန္တလေးတိုင်း ဥပဒေအရာရှိ တဦးမှလည်း ဆန္ဒပြမည်ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ကြိုတင်ခွင့်တောင်းရသည်ဆိုသည့် ဥပဒေ အချက်အလက်များကို ရှင်းလင်းထားသည့် စာများဝေငှနေကြောင်း မြို့ခံက ပြောသည်။
မဖွံ့ဖြိုးသေးသည့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအတွက် ရည်ရွယ်ကာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်က ရန်ကုန်-မန္တလေး ကားလမ်းနံဘေးရှိ ရှားတောကျေးရွာအနီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။