တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌ ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။
မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကျင်းပသော ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနားတက်ရောက်လာသော ဦးအန်တိုနီစူက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး သြဂုတ်လတွင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ မဟာမိတ်နိုင်ငံရေးပါတီများဖြစ်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတို့ ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နေပြီဖြစ်သည့်အတွက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးစီစဉ်နေပြီဖြစ်ကြောင်း ဦးအန်တိုနီစူက ပြောသည်။
“အခုဆိုရင် SNLD ပါတီကလည်း တရားဝင်မှတ်ပုံပြန်တင်တယ်။ NLD ကလည်း ရွေးကောက်ပွဲပြန်ဝင်တယ်။ ကျနော်တို့ မိတ်ဖက်တွေ အားလုံးကပါတီမှတ်ပုံပြန်တင် ရွေးကောက်ပွဲဝင်တော့ ကျနော်တို့လည်း ပြန်လုပ်ရမယ်။ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ စည်းရုံးရေးဆင်းဖို့ ကြိုတင် ပြင်ဆင်နေပါပြီ” ဟု ဦးအန်တိုနီစူက ပြောသည်။
တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေ ပြီဖြစ် သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုမှာ နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့်၂၀၁၅ ရွေးကောက်ပွဲဝင်ရေးကို လုံး၀ စိတ်ဝင်စားခြင်းမရှိဟု သိရှိရသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းသုံးခုဖြစ်သော ရှမ်းပြည် လူမျိုးပေါင်း စုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ကယန်းပြည်သူ့သစ်ပါတီတို့ ပါဝင်ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ပေါင်းစုအနေဖြင့်မူ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ ပါတီဖွဲ့စည်းရန်လည်း အစီအစဉ်မရှိသေးဟု တပ်ပေါင်းစု၏ နိုင်ငံရေးဌာနကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဆိုသည်။
“ကျနော်အနေနဲ့ ပြောရင်တာ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ ဘယ်တော့မှ ရွေးကောက်ပွဲဝင်ကြမယ်လို့ မထင်ဘူး။ ပါတီအဖြစ် ပြောင်းကြမယ်မထင်ဘူး ။ဒါသူတို့ ရဲ့ ခံယူချက်ပါ” ဟု စိုင်းထွန်းအေးကပြောသည်။
ရှမ်းပြည်နယ်မှ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော “ဝ”သွေးစည်းညီညွတ်ရေးပါတီ ကမူ ၂၀၁၅ခုနစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် နိုင်ငံရေးပါတီတခုအဖြစ်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ရန် အကြောင်းမရှိကြောင်း၊ မိမိတို့ပါတီသည် ယခင်ကတည်းက တည်ရှိပြီးသား ပါတီတရပ်ဖြစ်သည့် အတွက် မှတ်ပုံတင်ရန် မလိုအပ်ကြောင်း၊ “ဝ” သွေးစည်းညီညွတ်ရေး အတွက် “ဝ”ပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ “ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ “ဝ”ပြည်သူ့အစိုးရ ဟူ၍ ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း အထူးဒေသ ၂ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ပြည်ပ ဆက်ဆံရေး ဌာန၏ ဒုတိယ ဌာနမှူးကြီး ဦးဆမ်ခွန်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့မှာ က ပါတီရှိပြီးပြီ။ ထပ်မံလုပ်နေရင် ကမ္ဘာက မျက်စိလည်သွားနိုင်တယ်။ကျနော်တို့ကတော့ အခု ပါတီကိုပဲ အတည်ပြုပါမယ်။၂၀၁၅ ရွေးကောက်ပွဲကတော့ မပြိုင်ဘူး” ဟု ဦးဆမ်ခွန်းက ပြောသည်။