ယခင် စစ်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ မနက်ပိုင်းက ပြုလုပ်သော တွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် UNA အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့မှ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးအေးသာအောင်၊ ဦးကျန်ရှင်းထျန် ၊ ဦးနိုင်ငွေသိန်း၊ ဦးစောဟယ်ရီ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ယနေ့ တွေ့ဆုံပွဲတွင် အဓိကအားဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကိစ္စရပ်အပြင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်) နှင့် စပ်လျဉ်းပြီး အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော အချက်အလက် များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရှေ့နောက်မညီခြင်း၊ ဆန့်ကျင်နေခြင်း များရှိနေကြောင်း၊ ယင်းအချက်အလက်များကို ဦးစွာပြင်ဆင်ပြီး နောက်ပိုင်းတွင် အသေးစိတ်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်သင့်သည့် အချက်များ တင်ပြနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ပြောဆိုကြောင်း ဆွေးနွေးပွဲ တက်ရောက်သည့် တိုင်းရင်းသားခေါင်းဆောင် များက ပြောကြသည်။
“ဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေ တည်ထောင်ဖို့ လိုနေတယ်။ အဲဒီကိစ္စ အတွက်ကိုလည်း အရှိန်ယူ လုပ်ဆောင်ရမှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ရာမှာ လွှတ်တော်တွင်းကနေ စတင် လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီကြ သော်လည်း တပ်မတော်၏ ပူးပေါင်းပါဝင်မှု အရေးကြီး လိုအပ်သည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆို ခဲ့သည်ဟု သိရှိရသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်၊ ဒါပေမယ့် တပ်မတော်ရဲ့ ပူးပေါင်း ပါဝင်မှုလည်း လိုတယ်လို့ ပြောတယ်။ အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့နဲ့ PR စနစ် အကြောင်းကိုပဲ ဆွေးနွေးဖြစ်ခဲ့တယ်” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောသည်။
UNA အဖွဲ့ဝင်ဖြစ်သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အဓိကကျပြီး လွှတ်တော်တွင်း တပ်မတော်ပါဝင်မှုကို တဖြည်းဖြည်း လျော့ချ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်၏ အရေးပေါ် ကာလတွင် နိုင်ငံတော် သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ လွှဲပြောင်း၍ တိုင်းပြည် အုပ်ချုပ်စေမည့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲ အနိုင်ရ ပါတီများက သက်ဆိုင်ရာ ဒေသ၏ ဝန်ကြီးချုပ်ရာထူး ရပိုင်ခွင့်နှင့် အစိုးရ အဖွဲ့တွင် ပါဝင်ခွင့် ရရှိရေး၊ နိုင်ငံတော် သမ္မတ ရွေးချယ်မှုကိုလည်း တိုက်ရိုက်ရွေးချယ်ရမည့် စနစ် ပြောင်းလဲရေးကို လိုလားကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ပြည်ထောင်စုလွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များ အပါအဝင် အလွှာပေါင်းစုံ ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ စိစစ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းရန် ယခုနှစ်ဆန်းပိုင်း ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးတွင် သဘောတူညီ ထားသည်။