နောက်ဆက်လက်ဖော်ပြမယ့် အပိုင်းတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရွေးချယ်ရေးနဲ့ ပတ်သက်လို့ နယ်ပယ် ၉ ခုကိုဖော်ပြပြီး အဆိုပါ နယ်ပယ် ၁ ခုချင်းစီအတွက် ကျနော့်ရဲ့ အကြံပြုချက်တွေကိုလည်း ဖော်ပြမှာဖြစ်ပါတယ်။ အဆိုပါ အချက်အလက်တွေ အားလုံးကို ပေါင်းစပ်လိုက်ရင် ကြန်အင်လက္ခဏာတွေနဲ့ အခြေအနေတွေ တခုချင်းစီကို အမှုထားနေစရာ မလိုတော့ဘဲ အုပ်စုကွဲလူ့အဖွဲ့စည်း အများစုနဲ့ အဆင်ပြေ အသင့်တော်ဆုံးဖြစ်မယ့် အာဏာခွဲဝေရေး ပုံစံတခု ရလာမှာ ဖြစ်ပါတယ်။
၁) ဥပဒေပြုရွေးကောက်ပွဲစနစ်
အခြေခံဥပဒေရေးဆွဲသူတွေ အနေနဲ့ အရေးအကြီးဆုံး ရွေးချယ်ရမှာကတော့ ဥပဒေပြု ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်နေပါတယ်။ အဲဒီအထဲမှာ ကျယ်ပြန့်တဲ့အုပ်စုကြီး ၃ ခုကေတော့ အချိုးကျ ကိုယ်စားပြု စနစ်(PR)၊ အများစု အနိုင်ရစနစ် (Majoritarian) နဲ့ ၂ ခုပေါင်းစပ်စနစ် (Intermediate )တွေ ဖြစ်ပါတယ်။ အုပ်စုကွဲတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ကိုယ်စားပြုမှုကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဥပေဒေပြုလွှတ်တော်ကို ရွေးကောက် တင်မြှောက်နိုင်ရေးက အထူးအရေးကြီးပြီး အဲဒီလို ရွေးကောက်တင်မြှောက် နိုင်ဖို့အတွက် PR စနစ်က အကောင်းဆုံး ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါ။
အများစု အနိုင်ရစနစ် အုပ်စုတွေထဲမှာတော့ ဟိုးရိုးဝစ်ရဲ့ အော်လ်တာနေးတစ် (Alternative) စနစ်က Plurality စနစ်တွေ Two-ballot majority runoff စနစ်တွေထက် သာလွန်ကောင်းမွန်တယ်လို့ ကျနော် သဘောတူတာကြောင့် အဲဒီစနစ်ဘက်ကနေ ကောင်းကွက်တွေ အများကြီးကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုကွဲတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ အများစု အနိုင်ရစနစ်တွေ ကျင့်သုံးတာကိုတော့ ပညာရှင်တွေက တညီတညွတ်တည်း ကန့်ကွက်ကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး လယ်ရီဒိုင်းမွန်း (Larry Diamond) ရှင်းပြတာကတော့ “အခြေခံဥပဒေ ပုံစံရေးဆွဲတာနဲ့ ပတ်သက်ပြီး ယေဘုယျကျကျ တသမတ်တည်း ပြောနိုင်တာကတော့ လူမျိုးအလိုက်၊ ဒေသအလိုက် ကိုးကွယ်ရာ ဘာသာအလိုက် ဒါမှမဟုတ် တခြား သွေးကွဲစေတဲ့ ခံစားချက်တွေအရ နက်နက်ရှိုင်းရှိုင်း အုပ်စုကွဲပြားနေတဲ့ နိုင်ငံတွေမှာ အများစု အနိုင်ရစနစ်ကို ကျင့်သုံးဖို့က မသင့်တော်ပါ။ ကွဲပြားနေတဲ့ အုပ်စုတွေက ထင်ထင်ရှားရှားဖြစ်နေပြီး အဆိုပါ အုပ််စုတွေရဲ့ အမှတ်လက္ခဏာတွေ (နဲ့ အုပ်စုတခုနဲ့ တခုကြား သံသယတွေဝင် လုံခြုံစိတ်ချမှု မရှိဖြစ်နေ) က ပြတ်သားပေါ်လွင်တယ် ဆိုရင် ကြီးမားထင်ရှားတဲ့ အုပ်စုတွေကို ကဏ္ဍပေါင်းစုံမှာ အာဏာ မရအောင် အချိန်ကာလ အတိအကျမရှိ ဖယ်ထုတ်ထားတာကို ရှောင်ရှားရပါမယ်” လို့ ဆိုပါတယ်။
ပေါင်းစပ်စနစ် (Intermediate) အုပ်စုကိုတော့ Semi PR စနစ်၊ အရောစနစ် (Mixed) နဲ့ လူနည်းစုအုပ်စုတွေက ကိုယ်စားပြုမှုကို ရစေမယ်လို့ အာမခံတဲ့ အများစုစနစ်တွေဆိုပြီး ၃ မျိုး ထပ်မံခွဲခြားနိုင်ပါသေးတယ်။ Semi PR စနစ်က ထပ်တိုး စုပေါင်းမဲစနစ် (Cumulative)၊ အကန့်အသတ်ထား မဲစနစ်(Limited) (သူတို့ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်နဲ့ ဒေသန္တရအဆင့် ရွေးကောက်ပွဲတွေမှာ အဓိက အသုံးပြုပါတယ်) နဲ့ တခုတည်းသော မလွွှဲပြောင်းနိုင်တဲ့စနစ် (Single nontransferable) (ဂျပန်မှာ ၁၉၉၃ ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်) တွေလိုပဲ လူနည်းစုတွေကို ကိုယ်စားပြုခွင့် ပေးနိုင်ပါတယ်။ ဒါပေမယ့် PR လောက်တော့ တိတိကျကျ တသမတ်တည်း မပေးနိုင်ပါ။
Semi PR စနစ်ကို အသုံးပြုတာ နည်းပါးပြီး လူကြိုက်မများပေမယ့် ရောစပ်စနစ် “Mixed” တွေက ၁၉၉၀ ပြည့်နှစ်တွေကစပြီး လူကြိုက်များလာပါတယ်။ တချို့ ရောစပ်စနစ် (ဂျာမနီနဲ့ နယူးဇီလန်မှာ ကျင့်သုံးသလိုမျိုး) တွေမှာတော့ PR အပိုင်းက Plurality အပိုင်းကို လွှမ်းမိုးသွားတတ်တာကြောင့် သူတို့ကို အရောစနစ်လို့ မခေါ်တော့ဘဲ PR စစ်စစ်လို့သာ ခေါ်သင့်ပါတယ်။ PR အပိုင်းကို ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ထည့်ထားတာ မဟုတ်တဲ့ ဒါမှမဟုတ် နည်းနည်းပဲ ထည့်ထားတာဖြစ်တဲ့ စနစ်တွေ (ဂျပန်၊ ဟန်ဂေရီနဲ့ အီတလီ စနစ်တွေ) မှာတော့ ရလဒ်တွေက အပြည့်အ၀ အချိုးမကျဘဲ လူနည်းစုကိုယ်စားပြုမှုက မတိကျ မခိုင်မာပါ။ လူနည်းစုအုပ်စုတွေ ကိုယ်စားပြုမှုရအောင် သေချာရည်ရွယ်ပြီး အာမခံပေးမှုနဲ့ Plurality စနစ်ကို ပေါင်းစပ်ပေးတဲ့ စနစ်တွေ (အိန္ဒိယနဲ့ လက်ဘနွန်) မှာတော့ ဘယ်အုပ်စုက ကိုယ်စားပြုမှုကို သေချာရစေပြီး ဘယ်အုပ်စုကတော့ မသေချာမရေရာ ဖြစ်စေတာကြောင့် အုပ်စုတွေကြား သွေးကွဲမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ အုပ်စုတွေ အသီးသီးအနေနဲ့ အချိုးအစားအလိုက် ကိုယ်စားပြုမှုကိုရခြင်း၊ လူနည်းစုတွေလည်း ကိုယ်စားပြုခွင့်ရခြင်းဆိုတဲ့ ကောင်းမွန်တဲ့ အချက်တွေအပြင် အုပ်စုတွေအားလုံး (တိုင်းရင်းသားအုပ်စုဖြစ်စေ၊ လူမျိုးကွဲအုပ်စုတွေဖြစ်စေ၊ ဘာသာခြားအုပ်စုတွေဖြစ်စေ၊ ဒေသခံမဟုတ်တဲ့ အုပ်စုတွေဖြစ်စေ) ကို တန်းတူညီမျှ တပြေးညီ ဆက်ဆံတယ်ဆိုတာက PR စနစ်ရဲ့ လှပတဲ့အချက်ပါ။ PR စနစ် စစ်စစ်ကနေ ဘာလို့ သွေဖည်မှာလဲ။
၂) PR နဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်များ
PR စစ်စစ်ကိုပဲ ရွေးချယ်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ အခြေခံဥပဒေ ရေးဆွဲသူတွေက ဘယ်လို PR စနစ် မျိုးကို သုံးမယ်ဆိုတာ နောက်တဆင့် ထပ်မံ ဆုံးဖြတ်ရမှာပါ။ PR ဆိုတဲ့ခေါင်းစဉ်နဲ့ အုပ်စုကြီးက အရမ်းကို ကျယ်ပြန့်ပြီး ဖြစ်နိုင်ခြေတွေနဲ့ ရွေးချယ်စရာတွေကလည်း ရှုပ်ထွေးများပြားပါတယ်။ ဒီတော့ ရွေးချယ်စရာတွေ အများကြီးကို နောက်ထပ် ဘယ်လိုများ ချုံ့နိုင်မှာပါလိမ့်။ နားလည်ဖို့ လွယ်ကူသလို ကျင့်သုံးဖို့လည်း လွယ်ကူတဲ့ PR စနစ်ကို အရေးအကြီဆုံး ဦးစားပေး စဉ်းစားပါလို့တော့ ကျနော်က အကြံပေးချင်ပါတယ်။ တည်ထောင်ပြီးခါစ ဒီမိုကရေစီ နိုင်ငံတွေအတွက် ဒီသတ်မှတ်ချက်က ပိုလို့တောင် အရေးကြီးပါသေးတယ်။ ရိုးရှင်းလွယ်ကူရမယ်ဆိုတဲ့ သတ်မှတ်ချက်အပြင် တခြား လိုအပ်ချက်တွေလည်း ရှိလာနိုင်ပါသေးတယ်။
ပြီးပြည့်စုံတာ မဟုတ်ရင်တောင် အတော်အသင့် မြင့်မားတဲ့ ကိုယ်စားပြုမှုရှိခြင်း၊ မဲဆန္ဒရှင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကြား ထိတွေ့မှု အရမ်းအားမနည်းနေအောင် လွှတ်တော် ကိုယ်စားလှယ် အများအပြား ထားရှိပြီး မကြီးလွန်းတဲ့ ခရိုင်တွေ ဖန်တီးပေးခြင်း၊ ကိုယ်စားလှယ်လောင်းတွေ အများကြီးထဲကမှ တယောက်ချင်းစီကို မဲဆန္ဒရှင်တွေက ရွေးချယ်နိုင်အောင် ပါတီတွေ အသီးသီးက သူတို့ရဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာပေးရသော စာရင်း PR (List PR စနစ် – ကိုယ်စားလှယ်လောင်း အများကြီးထဲကမှ တယောက်ချင်းစီကို မဲဆန္ဒရှင်များက ရွေးချယ်နိုင်အောင် ပါတီအသီးသီးက သူတို့ရဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာပေးရသောစနစ်) ကျင့်သုံးခြင်း၊ အသုံးပြုသူ နည်းပါးသော Single transfer စနစ်ကို ရှောင်ရှားခြင်း၊ ပါတီအသီးသီးက ကြေညာထားသော ကိုယ်စားလှယ်စာရင်းထဲကမှ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ပါတီအလိုက် ရွေးချယ်ရသော အပိတ် (သို့မှမဟုတ် လုံးဝနီးပါး အပိတ်) စာရင်း PR စနစ်ကို ကျင့်သုံးခြင်းတို့ ဖြစ်ပါတယ်။ အပိတ်စာရင်းကို ကျင့်သုံးတဲ့ PR (Closed-list PR) စနစ်က စုစည်းခိုင်မာတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ထွန်ပြီး တည်တံ့လာအောင် တွန်းအားပေးပါတယ် (Closed-list PR – ပါတီအသီးသီးက ကြေညာထားသော ကိုယ်စားလှယ်စာရင်းထဲကမှ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ပါတီအလိုက် ရွေးချယ်ရသောစနစ်)။
အခုပြောတဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာကျင့်သုံးပြီး နှစ်သက်စရာကောင်းတဲ့ ပုံစံကတော့ ဒိန်းမတ်နိုင်ငံမှာ ကျင့်သုံးတဲ့ List-PR စနစ်ပါ။ အဆိုပါစနစ်အရ ခရိုင် ၁၇ ခုထဲကနေ တခုချင်းစီက ပျှမ်းမျှ အမတ် ၈ ယောက်ကို ရွေးကောက်တင်မြှောက်ကြပြီး ပါတီတွေကပေးတဲ့ တစိတ်တပိုင်း အဖွင့်စာရင်း (Partly open lists) ကနေ ရွေးချယ်ကြတာဖြစ်ပါတယ် (ပါတီအသီးသီးက ကြေညာထားသော ကိုယ်စားလှယ်စာရင်းထဲကမှ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ပါတီအလိုက်ရော ကိုယ်စားလှယ်အလိုက်ပါ ရွေးချယ်ရသောစနစ်)။ ခရိုင်အရွယ်အစားက သေးငယ်တာကြောင့် လူနည်းစုပါတီတွေ အနေနဲ့ မဲအားလုံးရဲ့ ၈ ရာခိုင်နှုန်းကျော် ရရင် ရွေးကောက်တင်မြှောက်ခံရဖု့ိ အလားအလာ ကောင်းသွားပါတယ်။
ခရိုင် ၁၇ ခုအတွက် ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၃၅ ယောက်အပြင် နိုင်ငံအဆင့် တန်ပြန်ထိန်းညှိနေရာ (Compensatory seats) ၄၀ ကို ပါတီတွေအတွက် ခွဲဝေပေးပါတယ် (ရွေးကောက်ပွဲ စနစ် တခုခုရဲ့ အကျိုးသက်ရောက်မှုများ လွန်လွန်ကဲကဲ ဖြစ်မသွားအောင် ထိန်းညှိတဲ့ အနေနဲ့ သီးသန့် ဖယ်ထားသော အမတ်နေရာ)။ အဆိုပါ နေရာ ၄၀ ထဲက ဝေစုကို ရဖို့ဆိုရင် ပါတီတွေက နိုင်ငံအဆင့် မဲရေတွက်မှုမှာ အနည်းဆုံး ၂ ရာခိုင်နှုန်း ရဖို့လိုတာကြောင့် နိုင်ငံအဆင့် အချိုးကျမှုကို အများဆုံးရအောင် ရည်ရွယ်ထားတဲ့ စနစ်လည်း ဖြစ်ပါတယ်။ တန်ပြန်ထိန်းညှိ အမတ်နေရာတွေအပြင် အနည်းဆုံး မဲအနိုင်ရမှုကို ၂ ရာခိုင်နှုန်းပဲ သတ်မှတ်ထားတာကြောင့် ပထဝီ အနေအထားအလိုက် စုစုစည်းစည်း မနေထိုင်ကြတဲ့ လူနည်းစုတွေက နိုင်ငံအဆင့် လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံရဖို့ အလားအလာ ကောင်းပါတယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံ စနစ်က အုပ်စုကွဲ လူ့အဖွဲ့အစည်းတွေအတွက် အားသားချက် ပိုများပါတယ်။ အချိုးကျမှုကို အမြင့်ဆုံးအထိ ရနိုင်အောင် ရည်ရွယ်ထားတဲ့ စိတ်ကူးကို ကျနော် ကြိုက်ပေမယ့် ရွေးကောက်ပွဲစနစ်တွေက ရိုးရှင်းလွယ်ကူပြီး ပွင့်လင်းမြင်သာရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဒီစနစ်က အတိုင်းအတာတခုအထိ ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံအဆင့် ပါတီတွေ မဖွံ့ဖြိုးသေးတဲ့ အုပ်စုကွဲ တိုင်းပြည်တွေမှာ နိုင်ငံအဆင့် တန်ပြန်ထိန်းညှိနေရာ Compensatory seats တွေကို သတ်မှတ် ထားတာကလည်း အဓိပ္ပာယ် မရှိလှပါ။
၃) ပါလီမန် အစိုးရလား၊ သမ္မတ အစိုးရလား
အခြေခံဥပဒေ ရေးဆွဲသူတွေ အနေနဲ့ ရင်ဆိုင်ရတဲ့ နောက်ထပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရကို ပါလီမန်စနစ်၊ သမ္မတစနစ်၊ ဒါမှမဟုတ် နှစ်ခုရောစပ် စနစ်ကိုသုံးပြီး ဖွဲ့စည်းမလား ဆိုတာပါပဲ။ အုပ်ချုပ်ရေးကဏ္ဍမှာ အာဏာခွဲဝေ ကျင့်သုံးမှုကို စနစ်တခုချင်းစီက ဘယ်လို ဖော်ဆောင်ပေးနိုင်မလဲ ဆိုတာအပေါ် မူတည်ပြီး တိုင်းရင်းသား လူမျိုးအရ၊ တခြားအရေးတွေအရ သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းတွေက စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ပါလီမန်စနစ် ကက်ဘိနက် ဝန်ကြီးအဖွဲ့မှာ တာဝန်ခွဲဝေယူပြီး ဆုံးဖြတ်ချက်တွေ ချတာကြောင့် အာဏာကို ကျယ်ကျယ်ပြန့်ပြန့် ခွဲဝေထားတဲ့ အစိုးရအဖွဲ့ ဖြစ်ပေါ်လာအောင် အစွမ်းကုန် လမ်းဖွင့်ပေးပါတယ် (သမ္မတစနစ်မှာတော့ လူတဦးတည်းကပဲ ဆုံးဖြတ်ချက်တွေကို ချမှတ်နေပြီး ဝန်ကြီးတွေကတော့ အကြံပေးအဖွဲ့သဘောပဲ ဖြစ်နေပါတယ်)။ ပါလီမန်စနစ်ရဲ့ ဒုတိယ အားသာချက်ကတော့ Mejority ဆန်တဲ့ သမ္မတ ရွေးကောက်ပွဲတွေကို ကျင်းပပေးစရာ မလိုတာပါ။
“သမ္မတစနစ်မှာ သတိထားစရာ အကောင်းဆုံး အကျိုးဆက်ကတော့ သူက ဒီမိုကရေစီ နိုင်ငံရေးစနစ်ထဲကို ရလဒ်သုည (Zero-sum game – တဖက်နိုင်၊ တဖက်ရှုံး ပြတ်ပြတ်သားသား ကွာခြားသောစနစ်) သဘောတရားတွေနဲ့ နိုင်သူအကုန်ယူ (Winner-take-all) စည်းမျဉ်းစည်းကမ်းတွေကို အားကောင်းမောင်းသန် ယူဆောင်လာတတ်တာပါ” လို့ ဟွမ်လင့်ဇ်က လူသိများ ထင်ရှားတဲ့ သူ့ရဲ့သမ္မတစနစ် ဝေဖန်ရေးထဲမှာ ပြောထားပါတယ်။ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေက လူပုဂ္ဂိုလ်အခြေပြု နိုင်ငံရေးကို အားကောင်းစေတတ်ပြီး နိုင်ငံရေးပါတီတွေ အချင်းချင်းကြား၊ ပါတီမူဝါဒတွေကြား ပြိုင်ဆိုင်မှုကို မှေးမှိန်စေတတ်ပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီ စနစ်မှာတော့ နိုင်ငံရေးပါတီတွေဆိုတာ အစိုးရနဲ့ မဲဆန္ဒရှင်တွေကြား ရှိရမယ့် အသက်တမျှ အရေးကြီးတဲ့ ဆက်သွယ်ချက် ဖြစ်ပြီး သူတို့က ဒေသအလိုက် နိုင်ငံရေးအုပ်စုတွေရဲ့ အကျိုးစီးပွားတွေကိုလည်း ဖွင့်ဟပြောဆိုပေးပါတယ်။
“ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးပါတီတွေဆိုတာ မရှိမဖြစ်ပဲ” လို့ပြောပြီး နိုင်ငံရေးပါတီတွေရဲ့ အရေးကြီးပုံကို ဆေးမြွာ မာတင် လစ်ပ်ဆက်က ထောာက်ပြထားပါတယ်။ “နိုင်ငံရေးပါတီတွေဆိုတာ မရှိရင် ခေတ်သစ် ဒီမိုကရေစီဆိုတာ စဉ်းတောင်စဉ်းစားလို့ မရနိုင်ဘူး” လို့ အီးအီး ရှတ်ရှနိုက်ဒါရဲ့စကားကို ပြန်လည် ပြောဆိုထားပါသေးတယ်။
သမ္မတစနစ်နဲ့ ပက်သက်ပြီး လင့်ဇ် () ထောက်ပြတဲ့ နောက်ထပ်ပြဿနာ ၂ ခုကတော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍတို့ကြား မကြာခဏ ဖြစ်ပွားတတ််တဲ့ လိပ်ခဲတည်းလဲ ဖြစ်နေမှုနဲ့ သမ္မတရာထူး သက်တမ်းအပေါ် ထားရှိတဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်ပဲ ဖြစ်ပါတယ်။ သမ္မတနဲ့ လွှတ်တော် ၂ ခုလုံးကို လူထုက ရွေးကောက်ပွဲမှာ တင်မြှောက် လိုက်တာကြောင့် ဒီမိုကရေစီနည်းအရ တရားဝင်မှု ရှိတယ်လို့ နှစ်ဖက်စလုံးက ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ပါတီနဲ့ လွှတ်တော်အတွင်း လူများစု Majority တွေရဲ့ ပါတီတို့က မတူတာကြောင့် လိပ်ခဲတည်းလဲ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတနဲ့ မဂျော်ရတီအုပ်စုတို့က တစ်ပါတီတည်းကဖြစ်ရင်တောင် ဦးစားပေး အစီအစဉ်တွေချင်း မတူတာကြောင့်လည်း အကျပ်အတည်းတွေ ဖြစ်နိုင်ပါတယ်။
ရာထူးသက်တမ်းကာလမှာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတတွေရဲ့ သက်တမ်းက ပုံသေဖြစ်နေပြီး ထပ်တိုးလို့ မရနိုင်တာကလည်း သမ္မတစနစ်ရဲ့ လုပ်ကိုင်ရ ခက်ခဲမှုပါပဲ။ သမ္မတ တယောက်က အပြင်းအထန် နာမကျန်းဖြစ်နေလို့ ဒါမှမဟုတ် တခြားအမျိုးမျိုးသော အရှုပ်တော်ပုံတွေကြောင့် တာဝန် မထမ်းဆောင်နိုင်တော့ဘူး ဆိုရင်တောင်မှ သူ့ရဲ့ သက်တမ်းကာလကို တိုသွားအောင် အလွယ်တကူ မလုပ်နိုင်ပါ။ ပါလီမန်စနစ်တွေမှာတော့ အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်ခြင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခြင်း အပြင် တခြားသောနည်းလမ်းတွေ အပ်နှင်းထားတာကြောင့် အလားတူ ပြဿနာမျိုး မကြုံတွေ့ရပါ။
ရောစပ် သမ္မတစနစ်််တွေကလည်း ရိုးရိုးသမ္မတ စနစ်တွေထက် နည်းနည်းပဲ သာလွန် ကောင်းမွန်ပါတယ်။ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့အတွင်း အာဏာခွဲဝေမှု အထိုက်အလျောက် ရှိနိုင်ပေမယ့် သမ္မတ ရွေးကောက်ပွဲတွေရဲ့ ရလဒ်သုည သဘာဝတွေကတော့ ကြွင်းကျန်နေဆဲပါပဲ။ ရောစပ် သမ္မတစနစ်အရ တက်လာတဲ့ သမ္မတက ရိုးရိုးသမ္မတစနစ် အများစုမှာ တက်လာတဲ့ သမ္မတထက် သြဇာအာဏာ ပိုကြီးမားနေတာလည်း ဖြစ်နိုင်ပါတယ်။ ရောစပ် သမ္မတစနစ်တွေထဲမှာတော့ ပြင်သစ်စနစ်က အကောင်းဆုံး ဥပမာဖြစ်ပြီး အားလုံးအပေါ် လွှမ်းခြုံတဲ့ အာဏာကို သမ္မတက ကိုင်စွဲထားပါတယ်။ ၁၉၆၂-၁၉၇၄ ခုနှစ်နဲ့ ၁၉၈၁-၁၉၈၆ ခုနှစ်တွေအတွင်း ပြင်သစ်မှာ ကြီးစိုးခဲ့တဲ့ သမ္မတစနစ်ကိုတော့ “တရားလွန် သမ္မတစနစ် Hyperpresidential” ကာလလို့တောင် သမုတ်ထားပါတယ်။ ရောစပ် သမ္မတစနစ်မှာ သမ္မတက သူ့ပါတီရဲ့ ထောက်ခံမှုကို မရတော့ရင် ဒါမှမဟုတ် လွှတ်တော်အတွင်း ကြီးစိုးထားတဲ့ ညွန့်ပေါင်းရဲ့ ထောက်ခံမှုကို မရတော့ရင် သမ္မတအဓိက စနစ်ကနေ ပါလီမန်အဓိက စနစ်ကို ကူးပြောင်းသွားနိုင်အောင် လုပ်ပေးထားတာကြောင့် ရိုးရိုးသမ္မတစနစ်အတွင်း ဖြစ်ပေါ်တတ်တဲ့ အကျပ်အတည်းကို တစိတ်တပိုင်း ဖြေရှင်းပေးထားပါတယ်။ လက်တင် အမေရိကတိုက်ရဲ့ သမ္မတ ဒီမိုကရေစီ နိုင်ငံတွေက အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲသူတွေကတော့ ပါလီမန် အစိုးရစနစ်ထက်စာရင် ရောစပ် သမ္မတစနစ်ကို ဦးစားပေး ပြောဆိုကြပါတယ်။
သမ္မတစနစ် အစဉ်အလာတွေ ခိုင်မာနေပြီးသား နိုင်ငံတွေအတွက် ပါလီမန်စနစ်ကို ကူးပြောင်းတာက အဆင့်တွေ ကွာခြားလွန်းနေတယ်လို့ ထင်ရတာကြောင့် လွယ်ကူ အဆင်ပြေတဲ့ ရောစပ်စနစ်ကိုပဲ ပြောင်းလိုကြတာ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ အတွက် ညှိနှိုင်းဆွေးနွေးကြရာမှာ အစဉ်အလာတွေနဲ့ ခံစားချက်တွေကိုလည်း ထည့်သွင်း စဉ်းစားရကောင်းရနိုင်ပေမယ့် အုပ်စုကွဲပြားမှု ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ အတွင်းက အခြေခံဥပဒေ ရေးဆွဲသူတွေ အတွက်ကတော့ ပါလီမန် အစိုးရစနစ်ကပဲ လမ်းညွန်သဘောတရား ဖြစ်သင့်ပါတယ်။
ပါလီမန် အစိုးရစနစ်ကို ပညာရှင်တွေ တော်တော်များများကလည်း တညီတညွတ်တည်း သဘောတူ အားပေးကြပါတယ်။ ပါလီမန်စနစ်နဲ့ ပက်သက်ပြီး ပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် လေ့လာရေးသား တင်ပြကြရာမှာ ပါလီမန်စနစ်အတွင်း တည်ဆောက်ရတဲ့ အများသဘောတူညီမှု အပိုင်းကိုပဲ ပညာရှင် အနည်းအကျဉ်းက မေးခွန်းထုတ်ထားပါတယ်။ အမေရိကန် သမ္မတစနစ်မှာလည်း ဖြစ်တတ်တဲ့ အကျပ်အတည်းကို ထောက်ပြရင်း ပါလီမန်စနစ် အကျပ်အတည်း ပြဿနာကလည်း လင့်န်ဇ်နဲ့ တခြားသူတွေ ထောက်ပြထားတာလောက် မဆိုပါဘူးလို့လည်း အဆိုပါ ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။ ဒါပေမယ့် သမ္မတစနစ်အပေါ် တင်ထားတဲ့ တခြားစွဲချက်တွေ ဘယ်လောက်မှန်၊ မမှန် ဆိုတာကိုတော့ မဖြေရှင်းထားပါ။
၄) အုပ်ချုပ်ရေး ကဏ္ဍအတွင်း အာဏာခွဲဝေမှု
ပါလီမန်စနစ် ကက်ဘိနက်ဝန်ကြီး အဖွ့ဲမှာ တာဝန်တွေကို ခွဲဝေထမ်းဆောင်ကြတာကြောင့် အာဏာခွဲဝေယူတဲ့ အစိုးရအဖွဲ့ ဖြစ်ပေါ်လာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် ပါလီမန်စနစ် ကျင့်သုံးရုံ သက်သက်နဲ့တော့ အစိုးရအဖွဲ့တွေအတွင်း အာဏာခွဲဝေရေးကို စနစ်တကျ ဖြစ်သွားအောင် လုပ်ပေးမယ်လို့ အာမ မခံနိုင်ပါ။ အာဏာခွဲဝေရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရာမှာ အခြေခံနည်းစနစ် ၂ ခုကို ဘယ်လ်ဂျီယမ်နဲ့ တောင်အာဖရိက ၂ နိုင်ငံတို့က သာဓက ပြထားပါတယ်။
ဘယ်လ်ဂျီယမ် နိုင်ငံမှာတော့ ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို ဒတ်ချ်စကား ပြောသူတွေက တဝက်၊ ပြင်သစ်စကား ပြောသူတွေက တဝက်နဲ့ ဖွဲ့စည်းရမယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ အားနည်းချက်ကတော့ ခွဲဝေထားတဲ့ အာဏာတွေကို ဘယ်သူတွေက ရမယ်ဆိုတာကို အတိအကျ သတ်မှတ်ထားတာပါ။ ဒါကြောင့် လူနည်းစု အုပ်စုတွေအတွက် ကိုယ်စားပြုမှုနေရာ အာမခံထားတဲ့ တချို့သော ရွေးကောက်ပွဲ စနစ်တွေမှာ ရှိတတ်တဲ့ ခွဲခြား ဘက်လိုက်မှုတွေလည်း ဘယ်လ်ဂျီယမ် စနစ်မှာ ဖြစ်ပေါ်လာပါတယ်။
တောင်အာဖရိက နိုင်ငံမှာတော့ လူမျိုးနဲ့ တိုင်းရင်းသား ဆိုတာကို အဓိပ္ပာယ် သတ်မှတ်ခွဲခြားရာမှာ အလွန်တရာ သဘောထားကွဲပြီး ပြဿနာ တက်တတ်တာကြောင့် နိုင်ငံရဲ့ ၁၉၉၄ ကြားဖြတ် အခြေခံ ဥပဒေမှာတော့ ဘယ်လ်ဂျီယမ် အာဏာခွဲဝေရေး စနစ်လိုမျိုးကို အခြေခံအဖြစ် မသုံးနိုင်ပါ။ အဲဒီအစား အာဏာခွဲဝေရေးကို နိုင်ငံရေး ပါတီတွေအပေါ် မူတည်ပြီးတော့ သတ်မှတ်ထားပါတယ်။ တိုင်းရင်းသားပါတီဖြစ်စေ၊ တခြား မည်သည့်ပါတီဖြစ်စေ လွှတ်တော် အမတ်နေရာတွေထဲက အနည်းဆုံး ၅ ရာခိုင်နှုန်းရရင် အချိုကျဖွ့ဲစည်းမှုကို အခြေခံပြီး ဝန်ကြီးအဖွဲ့ထဲမှာ ပါဝင်ခွင့်ရမယ်လို့ ပြဌာန်းထားပါတယ်။
အနေအထားချင်းတူတဲ့ တခြားနိုင်ငံတွေ အတွက်လည်း တောင်အာဖရိက ပုံစံက ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီးအဖွဲ့ အာဏာဝေစုကို ဘယ်တိုင်းရင်းသား အုပ်စုက ရမယ်ဆိုတာနဲ့ ပက်သက်ပြီး အခြေခံကျတဲ့ သဘောထား ကွဲလွဲမှုတွေ ရှိမနေရင် ဘယ်လ်ဂျီယမ် အာဏာခွဲဝေရေး စနစ်မှာ အရေးကြီးတဲ့ အားသားချက် ၂ ခု ရှိနေပါတယ်။ ပထမ တခုကတော့ အင်အားကြီး နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်တဲ့ ညွန့်ပေါင်းအုပ်စုကြီးကို ဖွဲ့ရမယ်လို့ ပြောမထားတာကြောင့် ပါလီမန်အတွင်း အားကောင်းတဲ့ အတိုက်အခံတွေ ရှိနေသေးပြီး အာဏာခွဲဝေရေးကို လုပ်ဆောင်နိုင်တာပါ။ ဒုတိယ အားသာချက်ကတော့ အားနည်းတဲ့ အုပ်စုတွေကို အရွယ်အစားနဲ့ မမျှအောင် ကိုယ်စားလှယ်နေရာ တချို့ ပေးထားတာကြောင့် အချိုးကျ အာဏာခွဲဝေရေးကို တင်းတင်းကျပ်ကျပ် လိုက်နာစရာမလိုဘဲ အနည်းငယ် သွေဖည်လို့ ရသွားပါတယ်။ တိုင်းရင်းသား လူများစုအုပ်စုကြီးက တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ တိုင်းရင်းသား လူနည်းစု အုပ်စုတွေနဲ့ ယှဉ်ပြိုင်နေတဲ့ နိုင်ငံတွေမှာ အဆိုပါအချက်က နှစ်သက်စရာ ကောင်းပါတယ်။
၅) ဝန်ကြီးအဖွ့ဲ တည်ငြိမ်မှု
ပါလီမန်စနစ်တွေမှာ အချိန်မရွေး ဖြစ်လာနိုင်တဲ့ ပြဿနာတခုကို အခြေခံဥပဒေ ရေးဆွဲသူတွေက စိုးရိမ်ပူပန်ကောင်း ပူပန်နိုင်ပါတယ်။ ဝန်ကြီးအဖွဲ့တွေက ပါလီမန်အတွင်း Majority ထောက်ခံမှုအပေါ် မူတည်နေပြီး ပါလီမန်အတွင်း အယုံအကြည်မရှိ အဆိုနဲ့ ဖျက်သိမ်းနိုင်တာကြောင့် ဝန်ကြီးအဖဲွဲ့ မတည်ငြိမ်မှုနဲ့ အဲဒီကနေတဆင့် အစိုးရအဖွဲ့ မတည်ငြိမ်မှုဆီကို ဦးတည်သွားနိုင်တဲ့ ပြဿနာပါ။ ဒါပေမယ့် ဒီပြဿနာရဲ့ အတိုင်းအဆကိုတော့ ပုံကြီးချဲ့ မပြောသင့်ပါ။ တည်ငြိမ်တဲ့ ဒီမိုကရေစီတွေ အများစုမှာ သမ္မတ ဒါမှမဟုတ် ရောစပ်စနစ်တွေ မဟုတ်ကြဘဲ ပါလီမန်စနစ်အရ ဖွ့ဲစည်းထားတဲ့ အစိုးရတွေ ရှိကြပါတယ်။ ဒါ့အပြင် ဥပဒေပြု လွှတ်တော်တွေနဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးနေရာတွေကို ခိုင်မာ အားကောင်းအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲထားနိုင်ပါတယ်။
၁၉၄၉ အနောက်ဂျာမနီ အခြေခံဥပဒေမှာ ထည့်သွင်းထားတဲ့ အပြုသဘောဆောင် အယုံအကြည်မရှိ အဆိုက အဲဒီလို ထည့်သွင်းရေးဆွဲထားမှုပါ။ ဝန်ကြီးချုပ် (အဓိပတိ) သစ်ကို ချက်ချင်း ရွေးကောက် တင်မြှောက်နိုင်မှသာ ဝန်ကြီးချုပ် (အဓိပတိ) ကို ပါလီမန်က ဖြုတ်ချနိုင်တယ်လို့ အဆိုပါ အခြေခံဥပဒေက ပြဌာန်းထားပါတယ်။ ဒီလိုမျိုး အခြေခံဥပဒေထဲမှာ ထည့်သွင်း ရေးဆွဲထားတာကြောင့် လွှတ်တော် လူများစုကနေ ဝန်ကြီးအဖွဲ့ကို ဖြုတ်ချနိုင်တဲ့ အန္တရယ်လည်း ကင်းစင်သွားပါတယ်။ အဆိုပါ လူများစုတွေက စင်ပြိုင် ဝန်ကြီးအဖွဲ့ကို မဖွဲ့နိုင်တာကြောင့် အနှုတ်လက္ခဏာ ဆောင်ပါတယ်။
စပိန်နဲ့ ပါပူဝါနယူးဂီနီမှာလည်း အလားတူ အပြုသဘောဆောင် အယုံအကြည်မရှိ အဆိုတွေအတွက် အခြေခံဥပဒေထဲမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ ဒါပေမယ့် အပြုသဘောဆောင် အယုံအကြည်မရှိ အဆိုမှာလည်း အားနည်းချက် ရှိပါတယ်။ အဲဒါကတော့ အစိုးရအဖွဲ့ကို ပါလီမန်က ဖြုတ်မချနိုင်ပေမယ့် အစိုးရ ကိုယ်တိုင်မှာလည်း လွှတ်တော် Majority မရှိတာကြောင့် အစိုးရရဲ့ ဥပဒေပြု လုပ်ငန်းစဉ်ကို မဆောင်ရွက်နိုင်တာပါ။ အလားတူ ပြဿနာမျိုးက သမ္မတ စနစ်တွေမှာလည်း ဒုက္ခပေးတတ်ပါတယ်။
အဲဒီလို ပြဿနာမျိုးတွေကို ဖြေရှင်းဖို့အတွက် ၁၉၅၈ ခုနှစ် ပဉ္စမမြောက် ပြင်သစ်သမ္မတနိုင်ငံ အခြေခံဥပဒေထဲမှာ ပြေလည်စေနိုင်မယ့် အဖြေကို ထည့်သွင်း ရေးဆွဲထားပါတယ်။ အစိုးရရဲ့ ဥပဒေပြုလုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် အစိုးရအပေါ် အယုံအကြည် ရှိမရှိဆိုတာအပေါ် အခြေခံ တိုင်းတာလို့ ဆုံးဖြတ်ရမှာဖြစ်ပြီး ဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော် Majority က မဲမပေးရင် အစိုးရရဲ့ အဆိုပြုချက်တွေကို အလိုအလျောက် အတည်ဖြစ်စေတဲ့ ထည့်သွင်းရေးဆွဲထားမှုပါ။ ပြင်သစ်နဲ့ ဂျာမန် စည်းမျဉ်းစည်းကမ်းတွေကို ပေါင်းစပ်ဖို့ ကြိုးစားပြီး ရေးဆွဲထားတဲ့ အခြေခံ ဥပဒေမျိုး မရှိသေးပေမယ့် အဲဒီလိုသာ ပေါင်းစပ်ရေးဆွဲနိုင်ရင် ဝန်ကြီးအဖွ့ဲတွေ တည်ငြိမ်အောင် ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ပြီး သူတို့ရဲ့ ဥဒေပြု လုပ်ငန်းစဉ်တွေ ထိရောက် ထက်မြက်လာမှာကတော့ သေချာပါတယ်။ တချိန်တည်းမှာပဲ ဝန်ကြီးအဖွဲ့ကို ဖြုတ်ချနိုင်ပြီး လွှတ်တော်က အယုံအကြည်ပိုရှိတဲ့ ဝန်ကြီးအဖွဲ့နဲ့ အစားထိုးနိုင်တဲ့ အခြေခံအခွင့်အရေးကို လွှတ်တော် Majority က ဆက်လက် ကိုင်စွဲထားနိုင်ဦးမှာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
(ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ် (Arend Lijphart) ၏ Constitutional design for divided societies ကို ဘာသာပြန်ဆိုပါသည်။ ဒေါက်တာ အာရင်းဒ် လစ်ချ်ပါ့တ်သည် ကမ္ဘာသိ နိုင်ငံရေးသိပ္ပံပညာရှင် ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဆန်ဒီရေဂိုတွင် နိုင်ငံရေးသိပ္ပံဆိုင်ရာ ရာသက်ပန် သုတေသန ပါမောက္ခဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖြည့်စွက်ရေးသား ထုတ်ဝေသည့် Patterns of Democracy: Government Forms & Performance in Thirty-six Countries စာအုပ်အပါအဝင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းများအတွက် အုပ်ချုပ်ပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲ စနစ်များ၊ တိုင်းရင်းသားလူနည်းစုများနှင့် နှိုင်းယှဉ်လေ့လာမှု နိုင်ငံရေးများ အကြောင်း စာအုပ်များ ရေးသားခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။)