နေပြည်တော်၌ ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် အဓိပ္ပာယ်မရှိသည့် အစည်းအဝေးဟု ယူဆသဖြင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က တက်ရောက်မည် မဟုတ်ကြောင်း ပြော သည်။
“ကျနော်တို့ မြင်တာကတော့ ဒီလိုအစည်းအဝေးလုပ်တာ အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် မတက်ရောက်တော့ဘူးလို့ ကျနော်တို့လူကြီးတွေ ဆုံးဖြတ်လိုက်တာပါ။ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရမှာပေါ့”ဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ကျောက်ရှောက်ဖူ က ဧရာဝတီကို ပြောသည်။
ယခုပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ ပါဝင်ပြီး NCA လက်မှတ် မထိုးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့(MNDAA) များနှင့် အစိုးရတပ်မတော်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ အဓိပ္ပာယ် မရှိသည့် အခြေအနေများ ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲဟူသည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ပါဝင်မှသာ လုပ်ငန်းစဉ် အောင်မြင်နိုင်မည် ဖြစ် သဖြင့် တိုင်းရင်းသားအဖွဲ့အားလုံး မပါဝင်မချင်း တက်ရောက်မည် မဟုတ်ကြောင်း၊ UWSA အနေဖြင့် နိုင်ငံရေးနည်းကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းပြီး စစ်ရေးအရ မဖြေရှင်းရေးဆိုသည့် မူဝါဒအပေါ်တွင်သာ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ကျောက်ရှောက်ဖူ က ဆက်ပြောသည်။
UWSA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးတွင် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အစိုးရက UWSA အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေးထား သည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) က ဒီဇင်ဘာလ ၂၀ ရက်တွင် “ဝ” ဒေသသို့ သွားရောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ပေးရန် UWSA အား ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ညီလာခံသို့ တက်ရောက်ရန် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အထူးဧည့်သည်အဖြစ် ဖိတ်ကြားသွားမည်ဟု အစိုးရက ပြောဆိုထားသော်လည်း ဧရာဝတီ၏ ဆက်သွယ် မေးမြန်းမှုများအရ ဒီဇင်ဘာလ ၇ ရက် အထိ ဖိတ်ကြား ခံထားရခြင်း မရှိသေးကြောင်း ထိုလက်နက်ကိုင် အဖွဲ့များက ပြောသည်။
လက်ရှိတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ MNDAA ၊ KIA ၊ PSLA/TNLA ၊ SSPP/SSA နှင့် AA တို့ဖြစ်ပြီး ထိုလက်နက်ကိုင် အဖွဲ့အားလုံးသည် UWSA နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ ဖြစ်ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမည့် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့က အဓိကထား၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ညီလာခံတွင် ဆွေးနွေးဖက်များအဖြစ် အစိုးရ အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ တပ် မတော် အစုအဖွဲ့ကိုယ်စားလှယ် ၁၅၀၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၈ ဖွဲ့ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စားလှယ် ၅၀၊ ဖိတ်ကြားသင့်သူ ၅၀ တို့ တက်ရောက်ကြမည် ဖြစ် သည်ဟု ဆိုသည်။