ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးပြီးတဲ့နောက် မြန်မာနိုင်ငံက ထွက်တဲ့ ဆန်ကို ဥရောပနိုင်ငံတွေထဲ ဈေးကွက် ဆက်လက် ချဲ့ထွင်ဖို့ ခြေလှမ်းပြင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်တွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရုရှားနဲ့ ဘယ်ဂျီယံ နိုင်ငံတွေကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ထဲမှာ တင်ပို့နေပြီး လာမယ့် ဘဏ္ဍာနှစ်တွေမှာ တိုးချဲ့ပို့ဆောင်ဖို့ ဆက်သွယ်ကြိုးပမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“အခုလို Sanction ပွင့်လာတော့ ကျနော်တို့ အနေနဲ့လည်း ဈေးကွက်ကို ဖွင့်ရှာလို့လည်း ရတာပေါ့။ ဟိုတုန်းကတော့ ဈေးကွက်ရှိလည်း မလုပ်ရဲဘူးပေါ့ဗျာ၊ လုပ်လို့လည်းမရဘူး။ အခုကတော့ ကျနော်တို့က ဘယ်ဘက်ကိုဖြစ်ဖြစ် ခြေလှမ်း လှမ်းလို့ ရတာပေါ့ဗျာနော်” လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။
ဦးစိန်ဝင်းလှိုင်ဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာလည်း ဒု ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်က စပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်မှု၊ လွှတ်တော် ပေါ်ပေါက်လာမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်း စတာတွေအပေါ် ထောက်ရှုပြီး ဒီနှစ် ဧပြီလ ၂၂ ရက်နေ့မှာ လက်နက်ရောင်းဝယ်ခြင်းမှအပ ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။
မြန်မာ့ ဆန်တွေကို အာဖရိက နိုင်ငံတချို့နဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကိုလည်း ပို့ဆောင်နေပြီဖြစ်ပြီး ဂျပန်နိုင်ငံကိုတော့ ဆန်တန်ချိန် ၅၀၀၀ တင်ပို့ခွင့် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အာဆီယံ နိုင်ငံတွေထဲက အင်ဒိုနီးရှားနိုင်ငံကိုလည်း တင်ပို့တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ အဓိကထား ပို့နေတာကတော့ ဧည့်မထ ၂၅ မတ်တန် ဆန်အမျိုးအစားဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ဆန်တင်ပို့မှု တန် ၁ ဒသမ ၅ သန်း တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး လတ်တလော အချိန်အထိတော့ တန် ၁ ဒသမ ၃၉ သန်း တင်ပို့ပြီးနေပြီလို့ သိရပါတယ်။
ဥရောပက စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခံထားစဉ် ကာလမှာ မြန်မာနိုင်ငံက ဆန်တွေကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ အဓိကထား ပို့ဆောင်နေပြီး အိုင်ဗရီကို့စ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတချို့ကိုလည်း ရေကြောင်းကနေတဆင့် ပို့ဆောင်ပါတယ်။
မြန်မာ့ဆန်တွေ နိုင်ငံတကာကို ပိုပြီး ခြေဆန့်လာတာနဲ့အမျှ ပြည်တွင်း ထုတ်လုပ်မှုအားလည်း တိုးချဲ့လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဆန်စပါးစိုက်ပျိုးတဲ့ နိုင်ငံသားတွေလည်း ပိုပြီးအကျိုးဖြစ်ထွန်းမှာ ဖြစ်တယ်လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။
“လယ်သမားတွေအနေနဲ့လည်း ထုတ်တော့ ထုတ်တယ်၊ ဘယ်မှာရောင်းရမှန်း မသိဘူး။ ခိုးထုတ်နေရတဲ့ အနေအထားကနေပြီး လွတ်လွတ်လပ်လပ် ရောင်းနိုင်တယ်။ နောက်ပြီးတော့ Export Tax ဆိုတာလည်း အရင်လို ထိန်းချုပ်မှု မရှိတော့ဘူးဆိုတော့ ဈေးကွက်မှာလည်း ယှဉ်ပြိုင်နိုင်တာပေါ့။ နိုင်ငံတကာ ကုန်သွယ်မှုအထိ စီးဆင်းမှုမြန်သွားရင် စိုက်ပျိုး ထုတ်လုပ်မှုတွေလည်း ပိုလုပ်နိုင်မှာပေါ့” လို့ ဦးစိန်ဝင်းလှိုင်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံက ဆန်စပါး လုပ်ငန်းရှင်ကြီးတွေဟာ ပြည်ပပို့မယ့် ဆန်တွေကို ထိန်းချုပ်ထားပြီး ပြည်တွင်းဈေးကွက်မှာ ဈေးနှိမ်ဝယ်မှုတွေဟာလည်း ဆက်ပြီးရှိနေဆဲပဲ ဖြစ်တယ်၊ ဒီလို လုပ်ဆောင်မှုတွေကြောင့် စပါးစိုက်ပျိုးတဲ့ လယ်သမားတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိနေရတယ်လို့ ဆန်စပါး စိုက်ပျိုးသူတွေနဲ့ ဆန်ကုန်သည်တွေက ပြောဆိုကြပါတယ်။
ဆန်ကုန်သည်တဦးက “ပိုက်ဆံရှိတဲ့လူတွေက ဝယ်ပြီး ဂိုဒေါင်တွေမှာ လှောင်ထားတယ်။ ဈေးကစားတယ်။ လယ်သမားတွေ ဆီမှာကျတော့ ဈေးနှိမ်ဝယ်တယ်။ ဟိုဘက်က ဝယ်လိုအား ရှိလာပြီဆိုရင် ဈေးတင်ပြီးထုတ်တယ်။ အထက်မှာ ပြည်ပပို့ဈေး ဘယ်လောက် ကောင်းကောင်း လယ်သမားတွေက ခံစားခွင့်ရမှာ မဟုတ်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
အခုလို မြန်မာနိုင်ငံက ဆန်တွေကို ဥရောပ၊ အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေကို တိုးချဲ့ ပို့ဆောင်မှုတွေ ပြုလုပ်နေတဲ့အတွက် လာမယ့် ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်ဖို့ မျှော်မှန်းတယ်လို့ သိရပါတယ်၊ ဒီအတွက်လည်း ပြည်တွင်းထုတ်လုပ်မှု ပိုများလာနိုင်ဖို့ လယ်သမားတွေကို နည်းပညာ၊ ချေးငွေနဲ့ ဓာတ်မြေသြဇာတွေကို ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းကနေ သိရပါတယ်။
ဒါ့အပြင် ပြည်ပ ဝယ်လိုအားကြောင့် ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်မှု မရှိစေဖို့ အရန်ဆန် ထားရှိမှုနဲ့ လုံလောက်တဲ့ ဆန်ပမာဏ ထားရှိဖို့ကိုလည်း စီမံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး အတွက် “ဆန်စပါး ညီလာခံ” ကို ဇူလိုင်လ ၂ ၇က်နေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးမှာ ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလ ၁၉၃၃၊ ၁၉၃၄ ကာလတွေမှာ မြန်မာ့ဆန်ဟာ ကမ္ဘာ့ဆန်ဈေးကွက်ထဲကို ဆန်တန်ချိန် ၃ သန်းခွဲအထိ တင်ပို့နိုင်ခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။
ဒီနှစ် ဘဏ္ဍာနှစ်အတွက် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်သွင်းနိုင်တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက ဆန်တန်ချိန် ၈ ဒသမ ၃ မီလီယံတင်ပို့မှုနဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး ဗီယက်နမ် နိုင်ငံက တန်ချိန် ၇ ဒသမ ၈ မီလီယံနဲ့ ဒုတိယ၊ ထိုင်းနိုင်ငံက ၇ ဒသမ ၇ မီလီယံနဲ့ တတိယ ဆိုပြီး ထိပ်ဆုံးနေရာတွေမှာ ရှိနေကြပါတယ်။
ကင်မရွန်း စီးပွားရေး သတင်းဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ ဆန်တန်ချိန် ၇ ထောင်ဟာ ဓာတ်ခွဲခန်း ၃ ခုရဲ့ စစ်ဆေးချက် ရလဒ်အရ ပိုးထိုးပြီး မသန့်ပြန့်ဘဲ စားသုံးရန် မသင့်လို့ သတ်မှတ်တဲ့အတွက် ကင်မရွန်းနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ဖျက်ဆီးပစ်ဖို့ မေလ ၁၇ ရက်နေ့က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ပျက်စီးရတဲ့ အကြောင်းရင်းကတော့ မြန်မာ့ဆန်ရဲ့ ပြဿနာကြောင့် မဟုတ်ဘဲ ဆန်တင်သင်္ဘောရဲ့ လေဝင်လေထွက်စနစ် မှားယွင်းမှုကြောင့် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။