မြန်မာနိုင်ငံတွင် တရားမဝင် ဒေါ်လာမှောင်ခိုဈေးကွက် ပပျောက်ရေးနှင့် နိုင်ငံတကာ ငွေလဲဈေးကွက်ပုံစံ ဖြစ်ပေါ်စေရန် ယခုနှစ်ကုန်ပိုင်းမှ စတင်ပြီး ငွေလဲလှယ်စင်တာ (Money Changer) ဖွင့်လိုသူများကို တရားဝင်လိုင်စင်များ ချထားပေးရန် စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုလိုက်သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သော နိုင်ငံခြားငွေကြေး ဈေးကွက် ထူထောင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တရားဝင် ငွေလဲလှယ်ရေး လိုင်စင်များကို ဗဟိုဘဏ်က
ထုတ်ပေးသွားရန် စီစဉ်နေကြောင်း၊ ယင်းသို့ ထုတ်ပေးရာတွင်လည်း ဌာနက သတ်မှတ်ထားသော စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ပြီး လတ်တလော ပုဂ္ဂလိက ဘဏ်များကိုသာ ငွေလဲလှယ်စင်တာ ဖွင့်လှစ်ခွင့် လိုင်စင်များ ခွင့်ပြုပေးလျှက်ရှိကြောင်း၊ များမကြာမီ ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်လိုသူတိုင်း လိုင်စင် လျှောက်ထား လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သူက ဆိုသည်။
“ပထမအဆင့် ဘဏ် အဖွဲ့အစည်းတွေကို Money Changer လိုင်စင်တွေ ချပေးခဲ့ပြီးပြီ။ အခုတခါ ငွေလဲစင်တာ လုပ်ချင်တဲ့သူတွေကို လိုင်စင်တွေ ထပ်ချပေးဖို့ လုပ်နေပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ဆွဲပြီးပြီ။ အစိုးရအဖွဲ့ဆီ တင်ပြပြီး အတည်ပြုချက်ရတာနဲ့ ချက်ချင်း ခွင့်ပြုသွားမယ်။ ဒီနှစ် မကုန်ခင်ဖြစ်မှာပါ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ခုကို နိုင်ငံခြားငွေလဲလှယ်ရေး လိုင်စင်များ ခွင့်ပြုခဲ့ပြီး ယင်းဘဏ် ၁၇ ခုက တနိုင်ငံလုံး အတိုင်းအတာဖြင့် ငွေလဲစင်တာ ၁၃၁ ခု ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြား ငွေလဲစင်တာများ လုပ်ကိုင်ခွင့် ပေးသော်လည်း ယင်း ငွေလဲ စင်တာများတွင်
ကန့်သတ်ချက် များလွန်းသည့်အတွက် ပြင်ပ တရားမဝင် မှောင်ခို ဈေးကွက်တွင်သာ ဒေါ်လာ အရောင်းအဝယ် အဓိက ဖြစ်ထွန်းခဲ့ကြောင်း၊ သို့ရာတွင် အစိုးရက ပြင်ပ တရားမဝင်ဈေးကွက်မှ ငွေလဲဒိုင်များကိုလည်း တရားဝင် လိုင်စင်များ ထုတ်ပေးမည် ဆိုပါက ကွဲလွဲနေသော ဈေးကွက်နှစ်ခုသည် ဈေးကွက် တခုတည်းပုံစံ ပြောင်းလဲသွားမည့်အပြင် ဝန်ဆောင်မှုကို အခြေခံသော ဈေးကွက်ယှဉ်ပြိုင်မှု တိုးပွားလာမည်ဟု ပြင်ပ ငွေလဲဒိုင်များက ဆိုကြသည်။
“ကျနော်တို့လည်း တရားဝင်လိုင်စင်နဲ့ ငွေလဲဒိုင် (Money Changer) လုပ်ချင်ပါတယ်။ လုပ်ခွင့်မရဘူး။ အခုတကယ်ပဲ လုပ်ခွင့် ပေးမယ်ဆိုရင်တော့ တရားဝင် လျှောက်ထားမယ်။ တရားဝင် လုပ်ခွင့်ပေးမယ်ဆိုရင် နိုင်ငံခြား ငွေလဲဈေးကွက် တခုတည်း ပုံစံဖြစ်သွားမယ့်အပြင် ငွေလဲနှုန်းလည်း တခုတည်း ပေါင်းစည်း သွားပါလိမ့်မယ်။ အခုကျနော်တို့ လုပ်နေတာက
အချိန်မရွေး ဥပဒေနဲ့ ငြိပြီး ထောင်ချခံရနိုင်လို့ ကျနော်တို့မှာလည်း စိတ်လုံခြုံမှု မရှိပါဘူး” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင် တဦးက ဆိုသည်။
ပြည်တွင်း စီးပွားရေးပညာရှင် တဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး ကမူ နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်မှုသည် စီးပွားရေးအတွက် များစွာ အရေးကြီးကြောင်း၊ ဈေးကွက်တခုတည်း ပုံစံနှင့် တည်ငြိမ်သော ငွေလဲနှုန်းက စီးပွားရေး တိုးတက်မှုများကို များစွာ အထောက်အကူပြုမည်ဟု သုံးသပ်သည်။
ဘဏ္ဍာ/ အခွန် ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကမူ အစိုးရသည် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နေသည့်အပြင် ငွေကြေးမူဝါဒကိုလည်း တိကျစွာ ချမှတ်ထားကြောင်း၊ ဗဟိုဘဏ် အနေနှင့် ပြည်တွင်း ဒေါ်လာဈေးကွက်၏ ရောင်းအားဝယ်အားကို နေ့စဉ် မျက်ခြေမပြတ် စောင့်ကြည့်လျှက် ရှိသည့်အပြင် ဗဟိုဘဏ်က
ငွေလဲနှုန်း ထိန်းညှိနိုင်ရေး ဒေါ်လာထုတ်ရောင်းခြင်း၊ ဝယ်ခြင်းများကိုပါ ကျင့်သုံးနေပြီဟု ဆိုသည်။
“ငွေလဲဈေးကွက်က သိပ်မကြာခင်မှာ နိုင်ငံတကာလိုပဲ ဈေးကွက် အခြေတည်တဲ့ နှုန်းရှင် (Floating Exchange Rate) ကို လုံး၀ ပြောင်းလဲသွားလိမ့်မယ်။ အခု အခြေအနေမှာတော့ ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးနေတဲ့ ငွေလဲနှုန်း (Reference Exchange Rate) စနစ် တနည်းအားဖြင့်ပြောရင် Manage Exchange Rate နဲ့သွားနေပါသေးတယ်” ဟု ၎င်းက ပြောသည်။
ယခင် စစ်အစိုးရလက်ထက်က အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်ဟူသော လက်တွေ့မကျသည့် သတ်မှတ်ချက်ရှိခဲ့ပြီး ယင်း သတ်မှတ်ချက်မှာ ဈေးကွက်တွင် အသုံးမတည့်ဘဲ မှောင်ခိုဈေးကွက် ပေါက်ဈေးကိုသာ စီးပွားရေး အသိုင်းအဝန်းက မူတည်တွက်ချက် သုံးစွဲခဲ့ကြသည်။
အစိုးရသစ် တက်လာချိန်တွင် ဗဟိုဘဏ်က တဒေါ်လာလျှင် မြန်မာကျပ်ငွေ မည်မျှ ရှိသည်ဆိုသော နေ့စဉ်သတ်မှတ် ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ် ပေါက်ဈေး စနစ်တရပ် ဖော်ဆောင်ခဲ့ပြီး ယင်းစနစ်အရ လတ်တလော ဈေးကွက်တွင် တဒေါ်လာ ၈၅၀ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။