သရုပ်ဆောင်၊ တေးဆို၊ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ခွန်းဆင့်နေခြည်လည်း ၁၀ နှစ်တာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ facebook အဟက်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
ဇွန် ၂၅ ရက်နေ့မှာ ခွန်းဆင့်နေခြည်ရဲ့ အကောင့် အဟက်ခံလိုက်ရပြီး facebook စာမျက်နှာတွေပေါ်ကနေ ကိုယ်ရေး ကိုယ်တာ ထိခိုက်စေမယ့် စာတွေ ရေးတင်ရုံသာ မကဘဲ Aroma ဓာတ်ပုံတိုက်နဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်တို့ရဲ့ ပြဿနာတွေ ကိုလည်း ခွန်းဆင့်နေခြည်ရဲ့ facebook စာမျက်နှာတွေကတဆင့် Share ထားတာ တွေ့ရပါတယ်။ Aroma ကို မကျေနပ်တဲ့ တစုံတဦးက အနုပညာရှင်တွေကို အသုံးချ နေတယ်လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။
“အစ်မ အကောင့်က ၂၅ ရက် မနက်ပိုင်းအထိ သုံးလို့ရသေးတယ်။ နေ့လယ် ၁၂ နာရီလောက်ကျတော့ သုံးမရတော့ဘူး။ ၁၁ နာရီ ၄၅ လောက်က ဟက်သွားတယ်။ အစ်မ သူငယ်ချင်းက အဲဒီအချိန်တွေ ကြည့်ပေးတာပေါ့နော်။ Aroma ဓာတ်ပုံတိုက်ကို မကျေနပ်တဲ့ လူတွေက ရေးတာပေါ့။ သူတို့တတွေက အနုပညာရှင်တွေကို ဓားစာခံလုပ်ပြီး အထင်အမြင် လွဲမှားစေအောင် လုပ်တာပေါ့။ အခုဟာက မကျေနပ်လည်း သူ့ကို Personal တိုက်ခိုက်ပေါ့။ ကြားလူတွေ ခံရတာတော့ မကောင်းဘူးပေါ့။ ပထမ မခင်ဇာခြည် ခံရတယ်။ အခုအစ်မ ခံရတယ်။ အစ်မလည်း ဒီအကောင့်ကို သုံးလာတာ ၁၀ နှစ်လောက်ကို ရှိပြီ၊ အခု အကောင့်အသစ် ဖွင့်ရတော့မယ်” လို့ ခွန်းဆင့်နေခြည်က ဧရာဝတီကို ပြောပြပါတယ်။
Aroma Zulu ဓာတ်ပုံ စတူဒီယိုနဲ့ ဓာတ်ပုံရိုက်ဖူးသူတွေ၊ လက်ရှိမှာ လက်တွဲ အလုပ်လုပ်နေတဲ့ သူတွေကို အဓိက ပစ်မှတ်ထားပြီး facebook အကောင့်တွေကို ဟက်နေတယ်လို့ ထင်ရကြောင်းလည်း ခွန်းဆင့်နေခြည်က ဆိုပါတယ်။
“ဒီလိုမျိုး Aroma Zulu ဖက်ရှင်ကို မကျေနပ်တာနဲ့ ကိုယ်တွေကို ခုတုံးလုပ်ခံရတာပေါ့။ သူတို့ကို ပြောချင်တာကို ကြားထဲက အစ်မတို့ကို ဓားစာခံလုပ် ပြောတာ။ အစ်မတို့က ကြားချောင် ခံနေရတယ်။ အစ်မတို့က မဟုတ်တန်းတရား ရေးခံရပြီး သိက္ခာကျတယ်၊ ဗုဒ္ဓဘာသာ မြန်မာတဦးအနေနဲ့ အဲဒီလို လုပ်ဖို့ မကောင်းဘူးလို့ ထင်ပါတယ်။ လုပ်တဲ့သူက ဘာလူမျိုးလည်း မသိပါဘူး၊ ဘယ်သူလဲ ဆိုတာလည်း မသိတော့ ပြောလို့ကလည်း မရသေးပါဘူး။ အစ်မကတော့ အဲဒီကိစ္စတွေ ဖြေရှင်းနေရတာနဲ့ အိပ်ရေးပျက်ပြီး ရှုတင်တောင် နောက်ကျတယ်” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။
သရုပ်ဆောင် အဆိုတော် ခွန်းဆင့်နေခြည်ဟာ ကျောက်ဆူး ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး တည်ထောင်ထားပြီး တကိုယ်တော် စီးရီး ၃ ခွေလည်း ထွက်ထားသူ ဖြစ်ပါတယ်။ လက်ရှိ အနုပညာ လှုပ်ရှားမှုအနေနဲ့ စိန်ဌေးရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ပြီး ဒါရိုက်တာ သွန်း၊ မင်းသားက ကောင်းပြည့်နဲ့ ဂမ္ဘီရ ဇာတ်ကား တကား ရိုက်နေတယ်၊ ဇွန်လကုန်မှာလည်း အမေရိကန် နိုင်ငံကို ၂ လကြာ ဖျော်ဖြေရေး သွားမှာဖြစ်ပြီး မင်းသား သူထူးစံနဲ့ ရိုက်ကူးထားတဲ့ မိုင်တိုင် ၂၆ ဇာတ်ကားကို DVDအနေနဲ့ တော်ဝင် စင်တာမှာ ရုံတင်ပြသဖို့ လုပ်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ facebook အကောင့်လည်း အဟက်ခံထားရတယ်လို့ သိရပြီး နောက်ထပ် ဘယ် အနုပညာရှင် တွေရဲ့ facebook တွေ အဟက်ခံရဦးမလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ အနုပညာရှင်တွေလည်း ကိုယ့်ရဲ့ Password တွေကို လုံခြုံစွာ ထိန်းသိမ်းဖို့လည်း ခွန်းဆင့်နေခြည်က အကြုံပြုလိုတယ်လို့ ဧရာဝတီကနေ တဆင့် ပြောလိုက်ပါတယ်။