ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှ လယ်သမားများမှာ လယ်ယာမြေ မှတ်ပုံတင်ရန် ကြိုးစားလျှက် ရှိသော်လည်း အခက်အခဲများ ရှိနေသဖြင့် ယခုအချိန်အထိ ရရှိသူ နည်းပါးသေးကြောင်း သိရသည်။
ယခုလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လယ်သမား ၂၂ ဦး တွေ့ဆုံစဉ် လယ်သမား အချင်းချင်း မေးမြန်းကြည့်ရာ လယ်သမားများမှာ လယ်ယာမြေ မှတ်ပုံတင်ခွင့် မရရှိသေးကြောင်း ပြောဆို ဆွေးနွေးကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ကျေးရွာမှ လယ်သမားကြီး ဦးတင်ထွန်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ကတော့ အရှုပ်အရှင်းမရှိတဲ့ လယ်မြေကို မှတ်ပုံတင်လို့ ရအောင် ပြန်လုပ်ပေးမယ်၊ သူတာဝန်ယူတယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။
လယ်ယာမြေ မှတ်ပုံတင်ခွင့် ရရှိရန် အခက်အခဲ ကြုံနေရခြင်းမှာ မြေသိမ်းလယ်သိမ်း ကိစ္စရပ်များနှင့် သက်ဆိုင်ကြောင်း၊ လယ်ယာမြေ မှတ်ပုံတင်ရာတွင် လယ်သမားများ အခက်အခဲ ကြုံနေရသည်ကို ကြားသိရကြောင်း လွှတ်တော် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
“အထွက်နှုန်း ကောင်းတဲ့ မြေတွေကို မှတ်ပုံတင်ဖို့ လုပ်တဲ့အခါမှာ အကြီးအကျယ် ပြဿနာ တက်နေတယ်။ လယ်သမား ကလည်း သူ့လယ်ယာမြေကို ပြန်လုပ်ချင်တယ်။ ဒီဘက်ကလည်း ဋ္ဌာနဆိုင်ရာနဲ့ စစ်တပ်မြေတွေကို မှတ်ပုံတင်ပေးဖို့ မရဲဘူး။ ဥပဒေနဲ့ အညီ မလုပ်ခဲ့တာတွေက အခု ပြဿနာ တက်တာပဲ” ဟု သူက ပြောသည်။
နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးအေးမောင်စိန်ကမူ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် လယ်ယာမြေ မှတ်ပုံတင် လျှောက်လွှာ ပုံစံ (၁) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တပြေးညီ ထုတ်ပေးလျှက် ရှိကြောင်း၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးမှ လယ်သမား တချို့မှာ လယ်ယာမြေ မှတ်ပုံတင် ရရှိသွားပြီ ဖြစ်ကြောင်း ရှင်းပြသည်။
“တချို့ နေရာတွေ လက်မှတ်တွေ ရသွားပြီ။ ဒီနှစ်အတွင်း အကုန် လျှောက်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
လယ်ယာမြေ မှတ်ပုံတင်ရန် လျှောက်လွှာများကို နေပြည်တော် လယ်/ ဆယ် ဝန်ကြီးဌာနမှ ထုတ်ပေးလိုက်ပြီ ဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ် အနှံ့အပြားတွင် လယ်ယာမြေ အရှုပ်အရှင်း ပြဿနာများ ရှိနေသေးသောကြောင့် မှတ်ပုံတင်ရန် လယ်သမားများ အခက်အခဲ ဖြစ်နေသေးကြောင်း ကြားသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရွှေပြည်သာ မြို့နယ်တွင်သာမက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ မြို့နယ်များ အားလုံး မြေယာမှတ်ပုံတင်ခွင့် လျှောက်လွှာ ရရှိဦးမည် မဟုတ်ကြောင်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး ထံမှ သိရသည်။
“စည်ပင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ လယ်မြေတွေက တပ်မတော်အစိုးရ လက်ထက်မှာ အကြောင်း အမျိုးမျိုးနဲ့ စက်ရုံ အလုပ်ရုံတွေ ဖြစ်ကုန်ပြီ။ ရပ်ကျေးမြေစာရင်း ကော်မတီ ဖွဲ့ရင်လည်း ကျနော်တို့ ဋ္ဌာနတင် မဟုတ်ဘဲနဲ့ စည်ပင်ရော၊ အိုးအိမ်ပါ ပါဖို့လိုပါတယ်။ လယ်မြေအရှုပ်အရှင်း ကိစ္စတွေက သူတို့တွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာပါ” ဟု ယင်း အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်တွင် လယ်စိုက်တောင်သူများကို ဘဏ်များမှ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးလျှက် ရှိသော်လည်း လယ်ယာမြေ မှတ်ပုံတင်ခြင်းကို ခွင့်မပြုသေးကြောင်း ယင်းမြို့နယ်မှ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ဒေါ်မျိုးမျိုးအေးက ဧရာဝတီသို့ ပြောသည်။
“လယ်သမားတွေ ပြန်လိုချင်တဲ့မြေတွေက ကုမ္ပဏီတွေနဲ့ ပြဿနာတွေ ဖြစ်နေတာ။ ရပ်ကွက်ရုံးကို သွားတာ မချပေးသေးဘူး ပြောလို့ မြို့နယ်ရုံးကို လှမ်းမေးတော့ ရွှေပြည်သာအတွက် ပုံစံ (၁) မချပေးသေးတာလို့ ပြောတယ်” ဟု သူက ဆိုသည်။
လယ်ယာမြေ မှတ်ပုံတင်ရန် ကြေးတိုင်နှင့် မြေစာရင်းဋ္ဌာနမှ လာရောက် စာရင်းကောက်ယူခြင်း မရှိသေးကြောင်း၊ နွေစပါး အထွက်နှုန်း ကျသောကြောင့် မိုးမလာမီ အချိန်မီ ရိတ်သိမ်းနိုင်ရန် ပြင်ဆင်နေရသဖြင့် သွားရောက် စုံစမ်းနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် သဝန်းတော ကျေးရွာမှ လယ်ဧက ၃၀ ပိုင်ဆိုင်သူ ဦးေဋ္ဌးကြွယ်က ပြောသည်။
“ကျနော် မှတ်ပုံတင် ရချင်တဲ့ အကြောင်းက တောင်သူ လယ်သမားအသင်း အနေနဲ့ ဓာတ်မြေသြဇာတွေကို ကုမ္ပဏီ တခုကနေ အတိုးမဲ့ ထုတ်ချေးတာကို လယ်သမားတွေအတွက် တာဝန်ခံ ပေးထားရတယ်။ သူတို့ မှတ်ပုံတင် ရသွားရင် ကျနော် အာမခံစရာ မလိုတော့ဘူး” ဟု သူက ဆက်ပြောသည်။
တချို့သော ဒေသများတွင်မူ ဝန်ထမ်းအရေအတွက် မလုံလောက် သဖြင့် လယ်ယာမြေမှတ်ပုံတင် ပြုလုပ်ရန် ခက်ခဲမှုများ ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် ချောင်းဖျားကျေးရွာမှ လယ်သမား ဦးဇော်မင်းဦးက ၎င်းတို့ လယ်မြေများမှာ မှတ်ပုံတင်ခွင့် မရရှိသေးသောကြောင့် သွားရောက် စုံစမ်းသောအခါ ကျေးရွာအုပ်စု တခုတွင် မြေစာရင်း စာရေးတဦးသာ ရှိသောကြောင့် ဆောင်ရွက်မပေးနိုင် သေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ရှင်းပြသည်။
ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ရွာမှ လယ်သမားကြီး ဦးတင်ထွန်းက အရှုပ်အရှင်းမရှိသော လယ်မြေများကို ဦးစွာ ခွင့်ပြုပေးစေလိုကြောင်း၊ မှတ်ပုံတင်ခွင့် ရရှိမှသာလျှင် လယ်မြေကို အပေါင်ထားနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပြဿနာ ဖြစ်တဲ့ လယ်မြေကထား၊ ဘာမှ မဖြစ်တဲ့ လယ်မြေကိုတော့ မှတ်ပုံတင် ထုတ်ပေးသင့်တယ်။ လယ်မြေ ပိုင်ဆိုင်ကြောင်း အထောက်အထား ဦးပိုင်ကျတွေ မပြီးသေးလို့ ပုံစံထုတ်မပေးတာလို့ သိရတယ်” ဟု သူက ဆိုသည်။
လယ်ယာမြေ မှတ်ပုံတင်လိုပါက ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေမှတ်ပုံတင် လျှောက်လွှာ ပုံစံ (၁) ကို သွားရောက်ထုတ်ယူ၍ သက်ဆိုင်ရာ ကြေးတိုင်နှင့် မြေစာရင်းရုံးများတွင် လျှောက်ထားရမည် ဖြစ်ကြောင်း လယ်ယာမြေ ဥပဒေတွင် ပါရှိသည်။