သင်္ကြန်၏ ဝိဉာဉ်သည် ပိတောက်ပန်းနှင့် သံချပ်ဖြစ်သည်။ သင်္ကြန်ဖြစ်ပါလျှက် ပိတောက်ပန်းရနံ့မရလျှင်၊ သံချပ်သံကလေးမှ မကြားရလျှင် သင်္ကြန်က အသက်မဝင်။ ဤအတိုင်းဆို သင်္ကြန်အသက်ဝိဉာဉ်ကင်းမဲ့နေသည်မှာ အနှစ်သုံးဆယ်ကျော်ခဲ့လေပြီ။
ကျနော်တို့ငယ်ငယ် (ကျနော်တို့ အကိုများခေတ်) ဖ.ဆ.ပ.လ အစိုးရလက်ထက်က တူညီဝတ်စုံဖြင့် ထွက်သော သံချပ်တိုင်သည့် ရေပက်ခံကားတွေ အတော်များများရှိသည်။ သံချပ်တွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတင်ရသည်။ တခု ထူးခြားတာက ဒီမြို့နယ် ..(ကိုယ့်မြို့နယ်က) သံချပ်ကိုလက်မခံသည်ရှိသော် တခြားမြို့နယ်ကို ပြောင်းတင်နိုင်သည်။ ထိုမြို့နယ်က ခွင့်ပြုသော် သံချပ်ကားထွက်လို့ရသည်။ ကိုယ့်သံချပ်ပိတ်ထားသည့်မြို့နယ်၌ မတိုင်ဘဲနေရုံသာရှိသည်။ ထူးထူးခြားခြား ပြင်းပြင်းထန်ထန် ဆင်ဆာလုပ်တာမျိုးတော့မရှိ။ မ.ဆ.လ ခေတ်မှာမှရှိလာသည်။ ထိုခေတ်တွင်တော့ မြို့နယ်တခုက ကိုယ့်သံချပ်ကို ပယ်လိုက်လျှင် တခြားမြို့နယ်မှာ ထပ်မံတင်ပြခွင့်မရှိ။ ပြီးတော့ ပြင်းပြင်းထန်ထန် တည်းဖြတ်သည်။ ကျနော့်မိတ်ဆွေများ ငသိုင်းချောင်းဝံသာ၊ အညာတမာ (နှစ်ဦးလုံး ကွယ်လွန်ကုန်ပြီ) နှင့် မြတ်လင်းထွေး(သဘင်ကိုလေး) စမ်းချောင်းကအဖွဲ့ “ပိတောက်တစ္ဆေ” မှာ သံချပ်တင်လိုက်ရုံနှင့် (တိုင်ပင် မတိုင်လိုက်ရဘဲ) အဖမ်းခံရကာ ထောင်ကျသွားကြသည်။ ဤမျှဆိုး၏။
ထိုအချိန်က ကဗျာဆရာ အတော်များများမှာ (ဒေါင်းနွယ်ဆွေကအစ အောင်ချိမ့်၊ မောင်လူမှိန်၊ မောင်စိမ်းနီ စသဖြင့်) သံချပ်ထဲတွင် နစ်မြုပ်နေကြသည်။ အစိုးရ၏ အမြီးအမောက် မတည့်ပုံကို ပြင်းပြင်းထန်ထန်ဖေါ်ထုတ်ကာ သံချပ်ထိုးကြသည်။ ဒီတော့ သံချပ်ကို လူထု၏ပဲ့တင်သံဟု ပြော၍ရသည်။ သံချပ်တွေကို ပိတ်ပင်ပစ်လိုက်သောအခါ လူထုပဲ့တင်သံကိုမကြားရ။ တကယ်တော့ လူထုပဲ့တင်သံ ဆိတ်သုဉ်းနေခဲ့သည်မှာ အနှစ်သုံးဆယ်ခန့်ရှိခဲ့လေသည်။
မကြာမီက “လူထုပဲ့တင်သံ” ဟူသောအမည်ဖြင့် သံချပ်ပြိုင်ပွဲကျင်းပမည်ဟု သတင်းကိုကြားသိလိုက်ရသောအခါ ကျနော်ရင်ခုန်သွားသည်။ ဘိုဘို အင်တာတိန်းမန့် Bo Bo Entertainment မှ စီစဉ်ခြင်းဖြစ်ကာ ဆုကြေးတွေလည်း မြင့်မားသည်။ ပထမဆု သိန်း ၃၀၊ ဒုတိယဆု သိန်း၂၀၊ တတိယဆု ၁၀သိန်း၊ ပရိသတ် အကြိုက်ဆုံးဆု ၁၅သိန်း။ ပြီးတော့ သံချပ် သီဆိုယှဉ်ပြိုင်နေကြပုံကို SKY NET ရုပ်သံမှ လွှင့်ဦးမည်။ ဒီကိစ္စမှာ ကျနော်က ပါဝင်ပတ်သက်လာရ၏။ ရိုတ်ကူးရေး တာဝန်ယူထားရသူက မီးပွား။ တခြားကိစ္စတွေပါ ကူညီနေရသည်။ နောက်တော့ ဒိုင်တဦးအဖြစ်ပါနေသူက သူငယ်ချင်း မောင်စိမ်းနီ။ ဒီလိုနှင့် ကျနော်လည်း အကဲဖြတ် အမှတ်ပေးဒိုင်ဖြစ်သွား၏။ ကဗျာဆရာတွေက သံချပ်နှင့် ဘာဆိုင်သတုန်းဟု မေးနိုင်သည်။ ဆိုင်ပါသည်။
သံချပ်ဆိုသည်မှာ ကဗျာတမျိုးပင် ဖြစ်သောကြောင့်တည်း။ ယိမ်းသံ၊ လှေတော်သံ၊ နတ်ချင်းတို့တွင် ကြားဝင်၊ ချပ်ညှပ်ကာ ဆိုရသောကြောင့် “သံချပ်”ဟု အမည်တွင်ခဲ့ခြင်းဖြစ်၏။ ကျနော်တို့အပြင် နှစ်ဟောင်းက သံချပ်ဝါရင့်တဦးဖြစ်သည့် ပန်းချီဆရာကြီး စတားမြသန်း၊ သာဓုပါဗျာ သံချပ်အဖွဲ့၏ ပဲ့ကိုင်တဦးဖြစ်သူ ဦးအောင်မြင့်နှင့် အများသိကြသည့် သင်္ကြန်မင်းသား ကုသိုလ်တို့ပါကြသည်။ မကြာခင်က ကုသိုလ်မှာ ကျန်းမာရေးကြောင့် နှုတ်ထွက်သွားသဖြင့် ထိုနေရာတွင် ကိုကြည်မင်း(ဆရာ ကျော်စောမင်း)ကို အစားထိုးခဲ့သည်။
သံချပ်အဖွဲ့ အတော်များများ တင်ကြ၏။ အဖွဲ့ဝင် ၁၅ ဦးထက် မနည်း၊ တနာရီထက် မပိုအောင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ လူတွေ စိတ်ဝင်စားနိုင်မည့်အဖွဲ့များက ဗေလုဝ၏ “ထလော့မြန်မာ”၊ မောင်မေတ္တာ၏ “ပြည်တော်ချစ်အဖွဲ့”၊ ကိုဧရာ၏ “ပျော်တော်ဆက်တို့ရဲ့ရွှေသင်္ကြန်” လို အဖွဲ့တွေဖြစ်မည် ထင်သည်။ ဝါရင့် သင်္ကြန်သံချပ်ပျော်များ၏အဖွဲ့ ဟု ဆိုနိုင်သော “စွယ်စုံအင်အားစု”၊ “သင်္ကြန်မင်းသားကြီး”၊ “ဆူးကြားက ဘူးခါး” စသောအဖွဲ့တွေ ပါသဖြင့် ယှဉ်ပြိုင်မှုမှာ အကြိတ်အနယ် ရှိလိမ့်မည်ထင်ပါသည်။ လူငယ်အဖွဲ့တွေအဖြစ် ခန့်မင်းထက်တို့၏ “အပြာရဲ့အနီ”၊ တ.က.သ ကျောင်းသားလူငယ်များ၏ “ပိတောက်စာမျက်နှာသစ်” ဆိုတာတွေလည်းပါသေးသည်။ မျိုးမျိုးခိုင်တို့ အမျိုးသမီးအဖွဲ့ “ရှင်လိမ်ညာတာတွေသိသည်” လည်းပါသေးသည်။ ခက်တာက ကျနော်တို့ ဒိုင်အဖွဲ့ဖြစ်သည်။ သူတို့လွတ်လွတ်လပ်လပ် လက်ကုန်ဖွင့်ရေးထားသော စာသားတွေက ရုပ်မြင်သံကြားထုတ်လွှင့်ရေးအတွက် အဆင်မပြေနိုင်ဘဲဖြစ်နေသည်။
ကျနော်တို့ နိုင်ငံက တကယ်ပွင့်လင်း လွတ်လပ်သေးတာမဟုတ်။ ၁၂.၃.၁၃ စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်း ပွဲလုပ်သော နေ့မှာပင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်လိုက်သော “သံချပ်များ သက်ဆိုင်ရာသို့ တင်ပြကာ ခွင့်ပြုချက် ယူရမည်” ဆိုသော ကြေညာချက် ထွက်လာသည်။ ကျနော်တို့ စိတ်မကောင်းဖြစ်ရသည်။ သံချပ်၏ သဘောသဘာ၀ ပြောပြော၊ အလှတရား ပြောပြော၊ သမ္မဇဉ်ပဲပြောပြော အနှစ်သာရမှာ လူ့လောကကြီး၏ အပြီးအမောက် မတည့်မှုများကို အပြုသဘော ဝေဖန်ထောက်ပြခြင်း ဖြစ်သည်။ ဒါကို စိစစ်မည့် လူကြီးမင်းများ သဘောပေါက်ဖို့ လိုသည်။ ဒီလိုမဟုတ်ဘဲ မြင်မြင်ကရာ ဖြတ်တောက်ပစ်မည်ဆိုလျှင် ဘာသွားလုပ်တော့မည်နည်း။ သံချပ်လည်း သံချပ် မဟုတ်တော့။ လူထုပဲ့တင်သံကို ဘယ်မှာ ထင်ဟပ်နိုင်ပါတော့မည်နည်း။ အင်မတန်ခိုင်မာသော အဖြူပေါ်အနက်တင်ထားသည့်စာပေ၌ပင် စိစစ်ရေးမရှိသော ဒီလိုကာလမျိုးမှာ၊ ပါးစပ်ကရွတ်ဆိုရသော ခဏချင်းမှာပဲ လေထဲမှာ ပျောက်ကွယ်သွားနိုင်သည့် “သံချပ်” ကို ဘာကြောင့်စီစစ်တားမြစ်နေရသနည်း။ သဘောမပေါက်။
၁၂ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲ Central Hotel မှာ ကျနော်က စင်ပေါ်မှနေ၍ ဤကိစ္စကို ထည့်သွင်းပြောခဲ့သည်။ ကျနော်တို့သည် အနှစ်သုံးဆယ်ကျော် တိမ်မြုပ်နေသည့် မြန်မာ့ရိုးရာသံချပ်ကို ပြန်လည်ထုတ်ဖေါ်ဖို့ စိတ်အားထက်သန် နေကြသည်။ အဓိကနှင့် တခုတည်းသော ရည်ရွယ်ချက်ဖြစ်သည်။ စကိုင်းနက်မှာ ထုတ်လွှင့်ပြသလျှင် တနိုင်ငံလုံးကြည့်ကာ သံချပ်ဆိုတာဒါပဲဟု ခေတ်လူငယ်တွေသိကြမည်။ သူတို့ကြိုက်သော ဟစ်ဟော့သီချင်းပုံစံနှင့် သိပ်မကွာခြားလှ။ ဒါကြောင့် ပြိုင်ပွဲဝင်အဖွဲ့များကို စိတ်ရှည်လက်ရှည် သည်းခံကာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ရသည်။
ဧပြီလ ၇ ရက်နေ့ကျလျှင် ဖိုင်နယ်ရောက်လာသည့် အသင်းများ ယှဉ်ပြိုင်ပုံကို တိုက်ရိုတ် (Live on) ထုတ်လွှင့်ပြမည်။ ထိုနေ့တွင် ကျနော်တို့ ဒိုင် ၅ဦး အပြင် ပြင်ပက ဖိတ်ခေါ်ထားသော ပညာရှင် ၅ ဦး (ဖေမြင့်၊ ဝင်းငြိမ်း၊ ဇင်ဝိုင်း ….စသဖြင့် လျာထားညှိနှိုင်းနေဆဲဖြစ်၏) ပေါင်း ၁၀ ဦးက အမှတ်ပေးရွေးချယ်ကာ ဆုပေးကြမည်။ ပထမဆုံးပွဲဖြစ်သဖြင့် ဤပွဲကို အောင်မြင်စေချင်သည်။
“လူထုပဲ့တင်သံ” ဟူသောအမည်နှင့် လိုက်ဖက်အောင် လူထု၏အသံကို ပဲ့တင် ထပ်နိုင် မထပ်နိုင်ဆိုတာကတော့ ကျနော်တို့ ဒိုင်တွေနှင့်လည်း မဆိုင်၊ စီစဉ်ထုတ်လုပ်သူများနှင့်လည်းမဆိုင်၊ ပြိုင်ပွဲဝင်သံချပ်အဖွဲ့တွေနှင့်လည်းမဆိုင်၊ သံချပ်စိစစ်ရေး အဖွဲ့တွေနှင့်သာ သက်ဆိုင်ပါတော့သည်။
သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။