လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ဆုရခဲ့သည့် ဇာတ်ကားများကို ခရီးသွားရုပ်ရှင်ပွဲတော် အမည်ဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့နယ် ၁၃ ခုတွင် သြဂုတ်လ ၂၅ ရက်နေ့မှ စတင် ပြသသွားရန် စီစဉ်ထားကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ရာ ၎င်းပွဲတွင် ဆုရရှိခဲ့သည့် ဇာတ်ကားများကို နယ်လှည့် ပြသသွားမည် ဖြစ်ကြောင်း၊ ခရီးသွား ရုပ်ရှင်ပွဲတော်တွင် ပြသရန် ဆုရသည့် မြန်မာကား ၅ ကား၊ နိုင်ငံတကာ ဇာတ်ကား ၁ ကား၊ ကလေးငယ်များအတွက် ဇာတ်ကား ၅ ကား တို့ကို ဝင်ကြေး အခမဲ့ ပြသသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
“သြဂုတ်လကနေ ဒီဇင်ဘာလအထိ လှည့်လည် ပြသသွားမှာပါ။ ရုပ်ရှင်ရုံမရှိတဲ့ နေရာတွေဆိုရင် မြို့တော် ခန်းမတို့ဘာတို့တွေ မှာ နေရာငှား ပြမှာပါ။ အခု တချို့နေရာတွေက နေရာပြောလို့ မရသေးဘူး။ လုပ်ကိုင်နေတုန်းပါပဲ။ အခု ဒီပွဲတွေမှာ ဆုရတဲ့ ဇာတ်လမ်းကို ဖန်တီးတဲ့ ဒါရိုက်တာတွေ၊ ဆုရသူတွေလည်း လိုက်ပါမယ်။ နောက် တချို့နေရာတွေမှာ အမေရိကန် သံအမတ်နဲ့ ဗြိတိန် သံအမတ်တို့ ကပါ လိုက်ပါဖို့ရှိပါတယ်။ ဘယ်မှာ ပါဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
ခရီးသွား ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၅ ရက်နေ့တွင် စတင်ကာ မကွေးမြို့ရှိ စီးတီးစတား ခန်းမတွင်လည်းကောင်း၊ သြဂုတ် ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မြနန္ဒာ ခန်းမတွင်လည်းကောင်း၊ စက်တင်ဘာ ၁ ရက်နေ့တွင် မန္တလေးမြို့ရှိ ဝင်းလိုက် ရုပ်ရှင်ရုံတွင်လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ Strand Hotel တွင်လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ တက်နေဝန်း ရုပ်ရှင်ရုံတွင်လည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပဲခူးမြို့ရှိ ရွှေဟင်္သာ ရုပ်ရှင်ရုံတွင်လည်းကောင်း ပြသသွားရန် စီစဉ်ထားကြောင်း၊ ကျန်ရှိသည့် ဧရာဝတီတိုင်း ပုသိမ်မြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကယားပြည်နယ် လွိုင်ကော်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ တနင်္သာရီတိုင်းရှိ မြိတ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ် ဟားခါး စသည့် မြို့နယ်တို့တွင် ပြသသွားရန် စီစဉ်ထားပြီး ဖြစ်သော်လည်း ပြသမည့် နေ့နှင့် နေရာကိုမူ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ရန်ကုန်မှာက ၅ ရက်လုပ်တယ်။ နယ်တွေမှာ ကျတော့ အဲဒီလို မလုပ်နိုင်ဘူး။ တရက်တည်းပဲ ပြမယ်။ ၃ ပွဲ ပြမယ်။ ၁၂ နာရီ၊ ၃ နာရီ၊ ၆ နာရီခွဲ ပွဲတွေ ပြသသွားမယ်။ မြန်မာဆုရကား ၅ ကားကို ပထမတပွဲမှာ ပြမယ်၊ နောက် နိုင်ငံတကာ ဆုရကား ၁ ကားရယ်၊ ချစ်ခြင်းရယ် အပြစ်ကင်းပါစေ ဆိုတဲ့ ကားရယ်ကို ဒုတိယပွဲမှာ ပြမယ်။ နောက်ပြီး ဆိုလာမမနဲ့ ကလေးအခွင့်အရေး ဇာတ်ကားတွေ စုစုပေါင်း ၅ ကားကို နောက်ဆုံးပွဲစဉ်မှာ ပြမယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် မြန်မာဇာတ်ကား ၁၅ ကားထဲမှ ဒေါ်အောင်ဆန်းစုကြည်ဆု၊ ကိုမင်းကိုနိုင်ဆုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မတ် ၁၃ ဆု၊ NBC (Norway – Burma Committee) ဆု၊ ဘားဂလက်ဟာဗဲလ်ဆုတို့ ချီးမြင့်ခဲ့ပြီး
နိုင်ငံတကာမှ ပြိုင်ပွဲဝင်ဇာတ်ကား ၁၁ ကားထဲမှ ဒေါ်အောင်ဆန်းဆုကြည်ဆု တဆု ချီးမြင့်ခဲ့ကြောင်း သိရသည်။
“နောက်နှစ်တွေမှာတော့ ဒီထက်ငယ်တဲ့ မြို့တွေ၊ ဝေးတဲ့နေရာတွေမှာပါ ပြနိုင်အောင်လုပ်မယ်။ ပြတဲ့မြို့တွေလည်း ပိုကောင်း ပိုလာနိုင်တယ်” ဟု စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
ခရီးသွား ရုပ်ရှင်ပွဲတော်တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ဆုရခဲ့သည့် ဇာတ်ကားများမှာ ဖြစ်သည့် အကျဉ်းစံဘဝ (မှတ်တမ်းရုပ်ရှင်)၊ အိမ်အပြန် (မှတ်တမ်းရုပ်ရှင်)၊ အခွင့်အရေး (အယ်နီမေးရှင်း)၊ စစ်တုရင် (အန်တီမေးရှင်း)၊ အဖြူနဲ့အစိမ်း (ဇာတ်လမ်းတို) နှင့် Solar Mamas ဇာတ်ကားတို့ ပြသမည် ဖြစ်ပြီး ကလေးသူငယ်ဆိုင်ရာ လူ့အခွင့်အရေး ဇာတ်ကားများ ဖြစ်သည့် ဂရိနိုင်ငံမှ ဇာတ်ကားများ ဖြစ်ကြသော The Game Must Go On၊ 4 Document Films တို့ကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
နယ်လှည့် ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၂၀ ရက်နေ့ နေ့လယ်တွင် ကျင်းပခဲ့သည်။