ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဒုတိယအကြိမ် ထပ်မံဖြစ်ပွားလာပြီးနောက် လူဦးရေ ရာဂဏန်းအထိ သေဆုံးမှုများရှိလာပြီး ကလေးငယ်များအပါအဝင် ဒဏ်ရာရသူများ၊ နေရပ်သေဒ စွန့်ခွာထွက်ပြေးသူများ၊ နေအိမ်၊ ဘာသာရေး အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုများ မြင့်တက်လာနေပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကတော့ အစိုးရနဲ့ အာဏာပိုင်များရဲ့ ကိုင်တွယ်ဖြေရှင်းမှု ပိုမို ထိထိရောက်ရောက်ဖြစ်ဖို့ လိုအပ်တယ်လို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လိုက်ကြပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ ဒီပဋိပက္ခတွေမှာ အစိုးရစစ်တပ် ပါဝင်ဆောင်ရွက်လာရင် နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ပြောဆိုကြမှာစိုးတယ်ဆိုပြီး အစောပိုင်းက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
သမ္မတရုံးကတော့ အောက်တိုဘာ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ ဒေသခံပြည်သူများရဲ့ ပူပေါင်းပါဝင်မှုနဲ့ ဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်မယ်၊ ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်အရေးယူမယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက လွှတ်တော်မှာ အရေးအပေါ်အဆို တင်သွင်းခဲ့ပါတယ်။
အစိုးရအနေနဲ့ တကြော့ပြန် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများပေါ် ကိုင်တွယ်မှုများ၊ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကို ထိန်းချုပ်ဖို့ ပါဝင်ရမယ့် တပ်မတော်ရဲ့ အခန်းကဏ္ဍတို့နဲ့ ပတ်သက်ပြီး ဒီ ဧရာဝတီဖိုရမ်မှာ ဆွေးနွေးနိုင်ပါတယ်။