အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ မြန်မာပြည်ခရီးစဉ်ကို ပြည်တွင်းကရော ပြည်ပကပါ စိတ်ဝင်စား စောင့်ကြည့်ကြပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာအာဏာပိုင်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန်ခေါင်းဆောင်တွေ မြန်မာပြည် လာရောက်ဖို့ နေနေသာသာ သံတမန် ဆက်ဆံရေးကိုတောင် သံရုံးယာယီတာဝန်ခံအဆင့်ပဲ ထားရှိခဲ့တာပါ။
အခုတော့ သမ္မတကိုယ်တိုင် မြန်မာပြည်လာတဲ့အထိ အမေရိကန်က မူဝါဒ ပြောင်းလိုက်ပါပြီ။
တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တဦးရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်အစိုးရအတွက် အလွန်တရာ အကျိုးရှိမှာ အသေအချာပါပဲ။
မြန်မာပြည်က နိုင်ငံရေးသမား အများအပြားကလည်း သူ့ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြပါတယ်။ ဒီခရီးဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယူဆသူများလည်း ရှိပါတယ်။
တချိန်တည်းမှာပဲ – အိုဘားမား မြန်မာပြည် မလာသင့်သေးဘူးလို့ ဆိုကြသူများလည်း ရှိပါတယ်။ သူတို့ကတော့ ပြုပြင်ပြောင်းလဲရေး အခြေအနေကို အားမရသူတွေပါ၊ သူတို့က တိုင်းရင်းသားဒေသ ပဋိပက္ခ၊ နိုင်ငံရေးအကျဉ်းသား စတဲ့အခြေအနေတွေကို ထောက်ပြကြပြီး အမေရိကန်သမ္မတ တယောက်ရဲ့ မြန်မာပြည်ခရီးက စောလွန်းနေသေးတယ်လို့ ဆိုကြပါတယ်။
ဧရာဝတီ စာဖတ်သူများကရော အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကို ဘယ်လို မြင်ပါသလဲ။
သမ္မတအိုဘားမားရဲ့ မြန်မာပြည် ခရီးဟာ မြန်မာပြည်အတွက်၊ လူထုအတွက်၊ အစိုးရအတွက် ဘယ်လောက်အထိ အကျိုးရှိသလဲ၊ အကျိုးမဲ့သလဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ။
ဧရာဝတီဖိုရမ်မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။