ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအဝင် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စတဲ့ ဝန်ထမ်းများကို ထောက်ပံ့ကြေးပေးဖို့ လွှတ်တော်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါပြီ။
၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဒီလို ဘတ်ဂျက် တောင်းခံမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖံွ့ဖြိုးရေးဦးစီးဌာနက တင်သွင်းခဲ့တာပါ။ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံခဲ့တဲ့ ပမာဏက ကျပ် ၁၆၉ သန်း လို့ ဆိုပါတယ်။
ဒီသတင်းက အငြင်းပွားဖွယ် ဖြစ်နေပေမယ့် လွှတ်တော်ထဲမှာတော့ ဒီအကြောင်းအရာကို သတိမထားမိကြတဲ့အတွက် ဆွေးနွေးငြင်းခုံမှု မရှိဘဲ အတည်ပြုလိုက်ကြတာဖြစ်တယ်၊ အိုးအိမ်ဦးစီးဌာနရဲ့ တောင်းဆိုမှုကလည်း ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူး လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။
အဲဒီလို ပေးအပ်ဖို့၊ ထောက်ပံ့ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းမထားပါဘူး၊ သမ္မတ၊ ဒုသမ္မတများ အငြိမ်းစားယူတဲ့အခါမှာ ပင်စင်လစာအပြင် ယဉ်မောင်း၊ နေအိမ် အစရှိတာတွေ ထောက်ပံ့ ပေးအပ်ဖို့ပဲ ပြဋ္ဌာန်းထားတာပါ။
ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုတာကတော့ –
နှစ်ပေါင်းအတော်ကြာအောင် ရာထူးတာဝန် ကြီးကြီးမားမား ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအဝင် အငြိမ်းစား ပုဂ္ဂိုလ်တွေရဲ့ ဝန်ထမ်းများကို ထောက်ပံ့ရေးအတွက် နိုင်ငံနဲ့ပြည်သူတွေမှာ တာဝန်ရှိသလား / မရှိဘူးလား၊ ထောက်ပံ့သင့်သလား / မထောက်ပံ့သင့်ဘူးလား ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။