ဒီနှစ်ရဲ့ အငြင်းပွားဖွယ်အဖြစ်ဆုံးထဲမှာ မုံရွာခရိုင်အတွင်း ကြေးနီတူးဖော်ရေး စီမံကိန်းက ထိပ်တန်းက ပါဝင်နေပါတယ်။
လက်ပံတောင်းတောင် ဝန်းကျင် ရွာပေါင်း ၂၀ ထက် မနည်း နေရာ ဖယ်ပေးလိုက်ရတဲ့ စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။
ဒေသခံတွေက အသိမ်းခံရတဲ့ မြေယာတို့အတွက် သင့်လျော်တဲ့လျော်ကြေးမရခဲ့ဘူး၊ တူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတယ် စသဖြင့် ထောက်ပြပြီး စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြတာ လအတန်ကြာခဲ့ပါပြီ။
မြန်မာ့တပ်မတော်ကတော့ သူ့ရဲ့ စီးပွားရေးဦးပိုင်လီမိတက် နဲ့ တရုတ်အစိုးရ ကုမ္ပဏီတခု ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တဲ့ ဒီစီမံကိန်း ဖျက်ရမှာကို မလိုလားပါဘူး။ ဒီစီမံကိန်းရဲ့ အကျိုးအမြတ်တွေဟာ အငြိမ်းစား ရဲဘော်မိသားစုများအတွက် ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့လမှာ လွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ရဲ့ နှိမ်နင်းမှုကြောင့် စီမံကိန်းနယ်မြေမှာ ဆန္ဒပြသူ အများအပြား ဒဏ်ရာအကြီးအကျယ် ရသွားကြပါတယ်။
နောက်တနေ့မှာ ရန်ကုန်မြို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာမှာ ဒီစီမံကိန်းဟာ နှစ်ဘက်အကျိုးရှိတဲ့အတွက် ဆက်လက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားပါတယ်။
စီမံကိန်းကို လုံး၀ ရပ်ဆိုင်းလိုက်ဖို့ တရုတ်၊ မြန်မာ အစိုးရတို့ ဘာကြောင့် သဘော မတူနိုင်ရသလဲ၊
အများလက်ခံနိုင်တဲ့အခြေအနေတခု ရအောင် စီစဉ်ပြီး စီမံကိန်း ဆက်လုပ်နိုင်မလား၊
ဒေသခံတို့ရဲ့ အဓိက တောင်းဆိုချက်က ဘာတွေလဲ၊
ဆန္ဒပြသူတွေဆီကို ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် အချိန်လေးမှာ ဘာကြောင့် လူစုခွဲလိုက်သလဲ၊
မီးလောင်ဒဏ်ရာတွေရသွားအောင် ဘယ်လိုလက်နက်မျိုး သုံးခဲ့သလဲ၊
ဒီလိုဒဏ်ရာရသွားရတဲ့ အကြောင်းရင်းကို တိုင်း/ဗဟိုအစိုးရက ဘာကြောင့် ရှင်းချက် မထုတ်ရတာလဲ၊
ဒဏ်ရာရသူတွေထဲ သံဃာတွေ ပါဝင်နေတာ ဘာကြောင့်လဲ၊
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ၊
ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ ဒီစီမံကိန်း ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ
စသဖြင့် မေးခွန်းထုတ်စရာ အများအပြား ဖြစ်နေတဲ့ စီမံကိန်းပါ။
ဧရာဝတီဖိုရမ်မှာ ဒီစီမံကိန်းအကြောင်း ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။