စစ်အစိုးရ လက်ထက်မှာ နည်းမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ခရိုနီသူဌေးကြီးတွေကို ပြုပြင်ဖို့ ပြန်လည် အခွင့်အရေး ပေးရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က အခုလ အစောပိုင်းမှာ ပြောဆိုလိုက်တဲ့အခါ ဝေဖန်ဆွေးနွေးမှုတွေ ဂယက်ရိုက်ခဲ့ပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွေမှာ ချမ်းသာကြွယ်ဝလာတဲ့ သူဌေးတွေကို ခရိုနီဟု ခေါ်ဆိုနေကြပြီး ချမ်းသာလာပုံ ချမ်းသာလာနည်းတွေမှာ မတရားမှုတွေ ပါ မပါ စိစစ်ဖို့ လိုကြောင်း၊ ဘယ်သူမဆို ပြစ်မှု ကျူးလွန်ကြောင်း မတွေ့သမျှ အပြစ်မဲ့လို့ သတ်မှတ်ရမှာ ဖြစ်ပြီး အပြစ်ရှိခဲ့သည့်တိုင် ပြန်လည် ပြုပြင်ပိုင်ခွင့် ပေးဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံကြီးတွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို စီးပွားရေးပိတ်ဆို့မှု စာရင်းထဲ ထည့်ထားပါတယ်။
အမေရိကန်နိုင်ငံလို ဒီမိုကရေစီနိုင်ငံကြီးများမှာတောင် ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတွေဟာ မတရား ခေါင်းပုံဖြတ်မှုများ အသုံးပြု ချမ်းသာခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပရဟိတအကျိုး၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများ၏ အကျိုး သယ်ပိုးသောသူတွေ ဖြစ်လာကြောင်း၊ မြန်မာ ခရိုနီသူဌေးကြီးတချို့နဲ့ ကုမ္ပဏီတွေက NLD ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ငွေကြေးများလှူဒါန်းလာ ခြင်းအပေါ် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ယမန်နှစ် နှစ်ကုန်က ကျင်းပတဲ့ NLD ရဲ့ ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲတော်မှာ ခရိုနီ သူဌေးကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း (ရွှေသံလွင် / Sky Net ရုပ်သံ) က အလှူငွေ ကျပ်သိန်း ၁၃၅၀၊ ဦးတေဇ (ထူးကုမ္ပဏီ) က အလှူငွေ ကျပ်သိန်း ၇၀၀ အသီးသီး လှူဒါန်းခဲ့ပါတယ်။ အခုလထဲမှာ ဦးဇော်ဇော် (မက်စ်မြန်မာ) က ဆောက်လုပ်လှူဒါန်းတဲ့ ရန်ကင်း ကလေးဆေးရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ မြန်မာ့ခရိုနီ သူဌေးကြီးတွေကို ပစ်ပယ်လို့ မရဘူးလို့ ထောက်ပြ ပြောဆိုဖူးပါတယ်။
ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ ခရိုနီ သူဌေးကြီးတွေဟာ ကျောင်းဆောက်၊ ဆေးရုံဆောက်ရုံနဲ့ လုံလောက်ပြီလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ အရင် စစ်အစိုးရ လက်ထက်တွေတုန်းက မတရားနည်းနဲ့ ရယူထားတဲ့ မြေယာတွေ၊ လုပ်ငန်းတွေကို ပြန်လည်ပေးအပ်တာမျိုး၊ လျော်ကြေးပေးတာမျိုး၊ နည်းမျိုးစုံနဲ့ ကိုယ့်အိတ်ထဲ ရောက်နေတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အရပ်ဖက် အဖွဲ့အစည်းတွေကို စိတ်ရောကိုယ်ပါ ထောက်ပံ့ကူညီခြင်းဖြင့် ပြန်လုပ်ပေးတာမျိုး စတာတွေ လုပ်မှသာ သူတို့ ရုန်းထွက်ချင်နေတဲ့ ပိတ်ဆို့အရေးယူခံရမှု အနှောင်အဖွဲ့ကနေ လွတ်မြောက်ဖို့ လမ်းစ ဖြစ်နိုင်မှာပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ခရိုနီ သူဌေးကြီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးသလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီအပေါ် သဘောထားအပေါ် ထင်မြင်ချက်တွေ ဘယ်လိုရှိမလဲ၊ အရင်က အတိတ်မည်းတွေ ရှိနေတဲ့ ခရိုနီ သူဌေးကြီးတွေ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအတွက် ပါဝင်ထောက်ကူမယ်ဆိုရင် သူတို့ကို ခွင့်လွှတ်ပေးသင့်သလား စတာတွေကို ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။