အားလုံး မျှော်လင့်နေကြတဲ့ လက်ပံတောင်း ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပါပြီ။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် အရုဏ်တက်ချိန် မှာ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းမှုကြောင့် သံဃာတော် ၉၉ ပါးနဲ့ လူ ၉ ဦး မီးလောင်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်း မကျေနပ်မှုတွေ ကျယ်လောင်လာလို့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။
လက်ပံတောင်း ကော်မရှင်အနေနဲ့ “နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ အပြုသဘောဆောင်သည့်အမြင်” ဆိုတဲ့ မူ ၃ ရပ်ကို အခြေခံ ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ပွင့်လင်းမြင်သာမှု အားနည်းခဲ့တာဟာ အကြောင်းရင်းဖြစ်တယ်လို့ အဖွင့်မှာရော အပိတ်မှာပါ ထောက်ပြထားတဲ့ အစီရင်ခံစာရဲ့ ဖော်ပြချက်ကို အကျဉ်းချုံးပြောရရင် –
မြေသိမ်းမှုတွေနဲ့ ပတ်သက်လို့ လျော်ကြေးပေးရာမှာ – မြေယာ / သီးနှံလျော်ကြေးလို့ ပြောပြီး လက်မှတ်ထိုးခိုင်းတော့ မြေယာစွန့်လွှတ်ကြောင်း ဖြစ်နေတယ်။ လျော်ကြေးကလည်း ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ အနည်းဆုံး တဧက ၅ ကျပ်ကနေ အများဆုံး တဧက ၈၀ ကျပ်နဲ့ ပေးခဲ့တယ်။ ဒါကြောင့် လျော်ကြေးကို ကာလပေါက်ဈေးနဲ့ ပြန်ပေးသင့်တယ်၊ မသုံးမပြုတဲ့ မြေလွတ်မြေရိုင်းတွေကို ပြုပြင်ပြီး ပြန်ခွဲဝေပေးသင့်တယ်။ ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးပေးသင့်တယ်။
စီမံကိန်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကျင့်သုံးလိုက်နာမှု မရှိဘူး၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး၊ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်တွေ ရယူသင့်တယ်၊ ဦးပိုင်လီမိတက်ဟာ ကော်မရှင်ရဲ့ ဆွေးနွေးချက်အပေါ် မူတည်ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ ချုပ်တဲ့စာချုပ်ကို ပြင်ဆင်သင့်တယ်။
သာသနိက အဆောက်အအုံတွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ တွေ့ရှိချက်အရ တောင်ကုန်းပေါ်မှာ ကျန်နေတဲ့ စေတီနဲ့ သိမ်တို့ဟာ ပထမ လယ်တီဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ အထောက်အထား မတွေ့ရဘူး၊ သာသနိက အဆောက်အအုံတွေကို လက်ရှိ အနေအထားအတိုင်း အခြားသင့်လျော်မည့် နေရာတခုခုသို့ ပြောင်းရွှေ့သင့်တယ်။
ရဲတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ရဲ့ ဆန္ဒပြ နှိမ်နင်းမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုနဲ့ လေ့ကျင့်သင်ကြားမှုတွေ လုပ်ပေးရမယ်၊ သပိတ်စခန်း ဖြိုခွင်းမှုမှာ မီးခိုးဗုံး ၅၅ လုံး သုံးခဲ့တယ်၊ မီးခိုးဗုံးက ကွင်းပြင်မှာ မီးမလောင်နိုင်ပေမယ့် ပိုလီယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ် မိုးကာစတွေနဲ့ ထိတွေ့ရင် မီးလောင်တယ်။
ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုကလည်း ဥပဒေကို လေးစားလိုက်နာဖို့လိုသလို နိုင်ငံတော် အဖွဲ့အစည်းတွေကလည်း ဥပဒေကို လေးစားလိုက်နာရမယ်။
စုံစမ်းရေး ကော်မရှင်က တွေ့ရှိတဲ့ အားနည်းချက်တွေဟာ “ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်” တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုတိုပြောရရင် ပြင်ဆင်ရမယ့် အားနည်းချက်တွေ ပြင်ပြီးရင် လက်ပံတောင်း စီမံကိန်းကို ဆက်လုပ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ကော်မရှင်ရဲ့ အစီရင်ခံစာထွက်တဲ့ မတ်လ ၁၁ ရက်နေ့မှာပဲ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒါပေမယ့် သမ္မတရုံး ဝန်ကြီး ဦးလှထွန်း ဦးဆောင်တဲ့ အဆိုပါ ကော်မတီမှာ အငြင်းပွားမှု၊ ဆန္ဒပြမှုများဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းရဲ့ ဝန်ကြီးချုပ် ဦးသာအေး၊ စီမံကိန်းမှာ အဓိကနေရာက ပါဝင်နေသူ ဦးပိုင်လီမီတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ပါဝင်နေမှုကို မေးခွန်းထုတ်ခံနေရပါတယ်။ အကောင်အထည်ဖော်မယ့်သူတွေကို စောင့်ကြည့်မယ့် ကြားခံတဖွဲ့ လိုတယ်ဆိုပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ကော်မရှင်ရဲ့ အစီရင်ခံစာကို မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းခရီးစဉ်မှာ ကန့်ကွက်မှုတွေ ပေါ်နေသလို ထောက်ခံသူတွေလည်း တွေ့ရပါတယ်။
အစီရင်ခံစာရဲ့ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေဟာ တရားမျှတတယ်လို့ ထင်မြင်ပါသလား …။
ကာလပေါက်ဈေးနဲ့ လျော်ကြေးပေးမယ်၊ မြေယာသစ်တွေ ပြန်ဖော်ပေးမယ်၊ နိုင်ငံတကာ စံနှုန်းနဲ့အညီ စီမံကိန်းကို ပြန်လုပ်ရမယ်ဆိုတာတွေကိုရော ဘယ်လို ထင်မြင်ပါသလဲ …။
လက်ပံတောင်း ကော်မရှင်ကို ဦးဆောင် တာဝန်ယူခဲ့တာ၊ အစီရင်ခံစာအပေါ် တာဝန်ခံလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ထိခိုက်တယ်လို့ ယူဆပါသလား …။
အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို ဘာကြောင့် လက်ခံပြီး … လက်မခံရင်လည်း ဘာကြောင့် လက်မခံလိုပါသလဲ …။
ဒီတပတ် ဖိုရမ်မှာ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။