တကြော့ပြန် ဆင်ဆာ ဖြတ်တောက်မှုလား …။
စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ဆဲ လက္ခဏာလား …။
အမျိုးသားရေးဝါဒကို ကာကွယ်မှုလား …။
ဒါတွေကတော့ အခု ရက်ပိုင်းအတွင်း ညံနေတဲ့ အသံတွေ ဖြစ်ပါတယ်။ မန္တလေးက ဦးဝီရသူ အကြောင်းကို တိုင်းမ်မဂ္ဂဇင်းမှာ ဟန်နာဘိချ်ကThe Face of Buddhist Terror ဆိုပြီး ရေးသားတဲ့အပေါ် တုံ့ုပြန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဦးဝီရသူဘက်ကနေ ခုခံသူ၊ ဦးဝီရသူကို မထောက်ခံပေမယ့် တိုင်းမ်မဂ္ဂဇင်းရဲ့ ရေးသားမှုကို ကန့်ကွက်သူ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရှုထောင့်ကနေ ဝေဖန်သူ၊ အမျိုးသားရေးဝါဒ ဘက်ကနေ ကာကွယ်သူ စသဖြင့် အသံမျိုးစုံ ညံသွားပါတယ်။
ဒီ ဆောင်းပါးကိစ္စဟာ ပြည်တွင်းဂျာနယ်တွေမှာသာ မက နိုင်ငံတကာ သတင်းဌာနတွေကိုလည်း ဂယက်ရိုက်သွားစေတဲ့ သတင်းဖြစ်ပါတယ်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကလည်း ဒီကိစ္စအပေါ်မှာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အစိုးရရဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီက “ဗုဒ္ဓသာသနာ အပေါ် အထင်အမြင် လွှဲမှားစေနိုင်ပြီး နိုင်ငံတော်က ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်” ဆိုပြီး တိုင်းမ်မဂ္ဂဇင်း ပြည်တွင်း ဖြန့်ချိမှုကို ပိတ်ပင်လိုက်ပါတယ်။
ဒီလို ဂယက်ရိုက်မှုတွေနဲ့ ပတ်သက်လို့ တိုင်းမ်မဂ္ဂဇင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူက “ဤသို့ အရေးပါသည့် ဆောင်းပါးက တင်ပြခြင်းကြောင့် ဆွေးနွေးငြင်းခုံမှု ဖြစ်သည်ကို တိုင်းမ်မဂ္ဂဇင်းက ကျေနပ်မိသည်” လို့ မှတ်ချက်ပေးပါတယ်။
ဆောင်းပါးရှင် ဟန်နာဘိချ်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုတွေ လုပ်မှာလားဆိုတာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်မှုဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးတာလား …။
တိုင်းမ်ဂ္ဂဇင်းပါ ဆောင်းပါးဟာ မြန်မာပြည်ရဲ့ အနယ်မထိုင်သေးတဲ့ ပဋိပက္ခတွေကို ပိုပြီး မီးထိုးပေးလိုက်တယ်လို့ ထင်ပါသလား …။
အမျိုးသားရေး၊ ဘာသာရေးအရ တိုင်းမဂ္ဂဇင်းရဲ့ ရေးသားမှုကို ဘယ်လို ဝေဖန်ချက်၊ မှတ်ချက် ပေးချင်ပါသလဲ …။
တိုင်းမ်မဂ္ဂဇင်း ပြည်တွင်း ဖြန့်ချိခွင့်ကို ပိတ်ပင်ပေမယ့် အဲဒီ ဆောင်းပါးကို ပြည်တွင်း မီဒီယာတွေက အပြည့်အစုံ ဘာသာပြန်ဖော်ပြနေတာကို မတားဆီးကရော ဖြစ်သင့်တယ်လို့ ထင်ပါသလား …။
တိုင်းမဂ္ဂဇင်းရဲ့ ဆောင်းပါးက မြန်မာပြည်ရဲ့ ပွင့်လင်းစရှိလာမှုနဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်လိုက်တယ်လို့ မြင်ပါသလား …။
ဒီဂယက်ရိုက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီတပတ် ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။