တနေ့ကို ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွားလာနေတဲ့ ရန်ကုန် – နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် လူသေမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ အမြန်လမ်းမကြီးကို စတင် ဖွင့်လှစ်ပြီးနောက် ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ်မတော်တဆမှုတွေက နေ့စဉ်နီးပါး ဖြစ်နေပြီး အများစုက အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်လို့ ဖြစ်ရတာ၊ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၇၀ ကျော်ပြီလို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မကြာသေးမီက ယာဉ်တိမ်းမှောက်ပြီး အဆိုတော် ဆိုတေး အပါအဝင် တခြား ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ တဦးသေဆုံးမှု ဖြစ်ပြီးနောက် ရန်ကုန် – နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးရဲ့ အန္တရာယ်များမှုကို ပြည်သူလူထုအကြား ကျယ်ကျယ်လောင်လောင် ထပ်မံ ပြောဆိုလာကြပြီး “လမ်းပေါ်က လူသတ်သမား”၊ “သေမင်းတမန် ကားလမ်း” ဆိုပြီး အမည်ပေးလာကြပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ အဝေးပြေးကား တိမ်းမှောက်တာကြောင့် ၉ ဦး သေဆုံးကာ ၂၄ ဦးဒဏ်ရာရခဲ့ပြီး ယခုနှစ် မေလမှာတော့ ၁၁ ဦးသေပြီး ၁၆ ဦး ဒဏ်ရာရမှုတွေက အစုလိုက်အပြုံလိုက် အများဆုံး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
လမ်းမြန်မြန်ပြီးဖို့ လုပ်တာကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိတာကို ဝန်ခံကြောင်း၊ ယာဉ်မတော်တဆမှုတွေ မဖြစ်အောင် လုပ်ဖို့ တာဝန်ရှိကြောင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းတည်ဆောက်မှုပိုင်းကို တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သတင်းဌာန ကို ပြောဆိုခဲ့ပါတယ်။
ယာဉ်မတော်တဆမှုတွေ ဘယ်လိုလုပ်ကြမလဲဆိုပြီး မကြာသေးမီက အစိုးရသတင်းစာထဲမှာ ရေးသားတာကိုလည်း တွေ့ရပါတယ်။ အိပ်မငိုက်အောင် စကားများများ ပြောကြဖို့ကနေ မေတ္တာပို့ဖို့အထိ နည်းလမ်းစုံအကြံပေးထားပါတယ်။ ဒါပေမယ့် ဒါက တကယ့် လက်တွေ့ ဖြေရှင်းမှုတော့ မဟုတ်ပါဘူး။
လမ်းမကြီးရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျမှာ ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းရဲ့ အားနည်းချက်တွေကို ပြန်လည်သုံံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးကို ပြန်လည် မွမ်းမံ ပြင်ဆင်ပေးမယ် လို့ ကတိပေးခဲ့ပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလမ်းမကြီးကို ပြုပြင်ရေးဆိုတာ တော်တော် အချိန်ယူရဦးမယ့် အနေအထားရှိတာကို တွေ့ရပါတယ်။ ယာဉ်မတော်တဆမှုတွေမှာ လမ်းရဲ့ အားနည်းချက်ရော ယာဉ်မောင်းသူ လူတွေရဲ့ အားနည်းချက်တွေပါ တွေ့ရပါတယ်။ ပြုပြင်နိုင်တဲ့ အနေအထား မရောက်ခင်အထိတော့ အသက်ကို ဉာဏ်စောင့်ပြီး သတိပြုဖို့က အရေးကြီးနေပါပြီ။
အဝေးပြေးလမ်းမကြီး ပြုပြင်ရေးမှာ ဘာတွေဟာ အဓိက ကျမလဲ။ လမ်းကြောင်းဖွဲ့စည်းမှုလား၊ သုံးစွဲထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကြောင့်လား၊ သတိပေးစနစ်တွေ အားနည်းလို့လား။
ယာဉ်မောင်းသူတွေ ဘက်ကရော ဘာတွေ အားနည်းနေလို့လဲ။ ကားမောင်ရင် လုံခြုံရေး ခါးပတ် ပတ်မှု ရှိမရှိ၊ မူးယစ်သောက်စားခြင်း ရှိမရှိ၊ အိပ်မငိုက်အောင် ဘယ်လို လုပ်ကြမလဲ။
မဖြစ်မနေ သွားလာဖို့ သုံးစွဲနေရဦးမယ့် ရန်ကုန် – နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ အသက်အန္တရာယ် ကင်းဝေးစေဖို့အတွက် ဘာတွေ လုပ်ဆောင်သင့်ကြောင်း ဒီတပတ်ဖိုရမ်မှာ အတွေ့အကြုံ ဖလှယ်ရင်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဆက်စပ်သတင်း