ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုတခုကို ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းကြောင့် ထပ်မံပေါက်ကွဲမှု ဖြစ် လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းသွား ရာ အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာ အနီး၌ ဓာတ်ငွေ့ ယိုစိမ့် မီးလောင်မှု တခု စက်တင်ဘာလ ၁၃ ရက်နေ့ ညနေတွင် ဖြစ် ပွားခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရမှု တစုံတရာ မရှိခဲ့ကြောင်း ကျောင်းမြောင်းရွာ ဒေသခံ တချို့က ပြောပြသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် ပိုက်လိုင်း ဆက်ထားသည်ဟု ယူဆရသောနေရာမှ မီးတောက်များ ဖြာထွက်ကြောင်း၊ နာရီဝက်ခန့် မီးတောက်လောင်ပြီး မီးတောက်များ လျော့ကျသွားကြောင်း၊ ထိုမြင်ကွင်းကြောင့် ရွာသားများကြောက်လန့်၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်ဟု ကျောက်မြောင်း ဒေသခံ ကိုမောင်စံလှ က ပြောသည်။
ပိုက်လိုင်းမီးလောင်ရာသို့ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပိုက်လိုင်း စောင့်ကြည့်နေသည့် အဖွဲ့များက လာရောက် စစ်ဆေးခဲ့ကြကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် ဂက်စ်ပိုက်လိုင်း အပေါ် စိုးရိမ်မှု မရှိကြရန် ပြောဆိုသွားကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အား သတင်း မပြန့်ပွားစေရန်လည်း ဒေသခံများကို အာဏာပိုင်များက ပြောဆိုသွားကြောင်း သိရသည်။
“စိုးရိမ်စရာ မလိုဘူးလို့ ပြောပါတယ်၊ တခုခုဖြစ်ရင် ကျနော်တို့ပဲ သေမှာဆိုတော့ သူတို့က ပြောအား ရှိတာပေါ့၊ ဒေသခံတွေ က ပိုက်လိုင်းပေါက်ကွဲ မီးလောင်မှာကို စိုးရိမ်နေကြသလို ဓာတ်ငွေ့ ယိုစိမ့်လို့ ရှှုမိရင်လည်း ကင်ဆာရောဂါ ဖြစ်လာနိုင်တယ် ဆိုလို့ အကုန်လုံးက ကြောက်နေကြတယ်”ဟု ကျောက်မြောင်းရွာမှ ကိုမောင်စံလှ က ပြောသည်။
ပိုက်လိုင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ဆိုသော နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ကျောက်ဖြူ လူမှု ကွန်ရက်မှ ဦးထွန်းလွင် က ပိုက်လိုင်း မီးလောင်မှုကို သိသိသာသာ မတွေ့ခဲ့ရသော်လည်း ပိုက်လိုင်း မြှုပ်နှံထားသည့် အနက် ပေသည် အနည်းငယ် သာ ရှိ၍ အချိန်မရွေး အန္တရာယ်ဖြစ်နိုင်သည်ကို မြင်တွေ့ခဲ့ကြကြောင်း ပြောဆိုသည်။
“ပိုက်လိုင်းကို နည်းနည်းလေးပဲ မြေကြီးထဲမှာ မြှုပ်ထားတော့ ရေရှည်အတွက် အန္တရာယ်များပါတယ်၊ ဒေသခံ တွေကလည်း စိုးရိမ်မှု ဖြစ်နေကြတာ တွေ့ခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။
ဂက်စ်ပိုက်လိုင်း ခြုံလုံရေးနှင့်ပတ်သက်၍ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) နှင့် တခြား သက်ဆိုင်သည့် အဖွဲ့ အစည်းများ၊ နားလည်တတ်ကျွမ်းသည့် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် တင်ပြဆွေးနွေးသွားရန်လည်း ရှိကြောင်း ဦးထွန်း လွင် က ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်း ခိုင်ခန့်မှု မရှိခြင်းကြောင့် ရှမ်းပြည်နယ် နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့လည်း စမ်းသပ် ကာလ၌ ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်စဉ်တခုကို ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် ဖြစ်ပေါ်ခဲ့သေးသည်။ ရှမ်းပြည်နယ် အတွင်းမှ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတလျှောက်ရှိ ပြည်သူများသည်လည်း စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရသည်။
ဂက်စ်ပိုက်လိုင်း လုံခြုံစိတ်ချရမှု မရှိခြင်းနှင့်ပတ်သက်၍ ပလောင် (တအာင်း) ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း စုဆောင်ရေး အဖွဲ့တို့ကလည်း သတင်းစာ ရှင်လင်းပွဲများ ပြုလုပ်ခဲ့ကြသေးသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ရခိုင်ဒေသခံများ အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတလျှောက်မှ ပြည်သူများသည် ပိုက်လိုင်း အပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း၊ ဂက်စ် ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ ၃ ပေမှ ၅ ပေခန့်သာ မြှုပ်နှံထားပြီး တချို့နေရာ၌ မြေမြှုပ်နှံခြင်း မရှိ၍ ဂက်စ် ယိုစိမ့်မှု၊ ပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြော သည်။ နိုင်ငံအများစု၌ ဂက်စ်ပိုက်လိုင်းကို ၁၀ ပေမှ ၁၂ ပေအနက်ရှိ မြေထဲတွင် မြှုပ်နှံကြောင်း သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။
ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ များကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ် ခဲ့ခြင်း ဖြစ်သည်။