ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ မဒေးကျွန်း၌ ရွှေ သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြောင့် နစ်နာမှုများအတွက် ဆန္ဒပြသူများအား ဦးဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသူ ၁၀ ဦးကို ကျောက်ဖြူ မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လစီ ချမှတ် လိုက်ကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူများသည် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထောင်ချခံရခြင်း ဖြစ်ပြီး ယခုအခါ ကျောက်ဖြူ ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း၊ မိသားစုဝင်များနှင့် တွေ့ခွင့် ပေးထားကြောင်း ထောင်ချခံရသည့် ဦးထွန်းကြည် ၏ အစ်မဖြစ်သူက ဧရာဝတီ ကို ပြောသည်။
ထောင်ချခံရသူများမှာ ဦးထွန်းကြည်၊ ဦးမောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ဦးမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့ ဖြစ်သည်။
၎င်းတို့အား ထောင်ဒဏ်ချမှတ်ခြင်းကို မကျေနပ်သည့်အတွက် ချက်ချင်းပြန်လွှတ်ပေးရန် ဒေသခံ ၄၀၀ ဝန်းကျင်က ယနေ့ တွင် ဆန္ဒပြ တောင်းဆိုနေကြကြောင်း၊ ထိုသူများအား ပြန်လွှတ်မပေးပါက မဒေးကျွန်းပေါ်ရှိ ကျေးရွာအားလုံးက ဒေသခံများ ကိုပါ ဖမ်းဆီးထောင်ချရန် တရားရုံး အနီးတွင် ဆန္ဒထုတ်ဖော်နေကြကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
“မဒေးကျွန်း ဒေသ ဖွံ့ဖြိုးရေးအတွက် ဆန္ဒပြတောင်းဆိုတာက တကျွန်းလုံးဖြစ်တယ်၊ ဒီတော့ အဲဒီ ဆန္ဒပြမှုနဲ့ ဖမ်းဆီး အပြစ် ပေးတယ်ဆိုရင် ဆန္ဒပြခဲ့တဲ့ ကျေးရွာသားတွေ အားလုံးကိုပါ ဖမ်းဆီး ထောင်ချပေးဖို့ ဒေသခံတွေက တရားရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်”ဟု ကျောက်ဖြူမြို့ခံ ဦးလှမျိုးကျော် က ဧရာဝတီ ကို ပြောသည်။
တရားရုံးအနီးတွင် ရဲ တပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ မီးသတ် စသည်ဖြင့် လုံခြုံရေး အင်အား ၁၀၀ ကျော်ကို ချထားပြီး မီးသတ် ယာဉ် များကိုလည်း အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း၊ သို့သော် အဖမ်းအဆီး မရှိသေးကြောင်း ဒေသခံများက လည်း ပြောသည်။
ဦးထွန်းကြည် အပါအဝင် တရားစွဲဆိုခံထားရသူ ၁၀ ဦးသည် ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့် အတွက် ပုဒ်မ ၁၈ ဖြင့် ဒေသ ဆိုင်ရာ အာဏာပိုင်များက တရားလိုပြုလုပ်၍ ကျောက်ဖြူမြို့နယ် တရားရုံး၌ ပြီးခဲ့သည့် ဧပြီလအတွင်း တရားစွဲဆိုခဲ့ ခြင်းဖြစ် သည်။
ထိုအမှုကို စက်တင်ဘာ ၁၂ ရက်နေ့က စီရင်ချက် ချမှတ်ရန် ရက်ချိန်း သတ်မှတ်ပေးခဲ့သော်လည်း စီရင်ချက်အတွက် ရေး သားနေသည့် အချက်အလက်များ မပြီးသေးသည့် အတွက်ဟုဆိုကာ ရက်ချိန်းပြောင်းလဲခဲ့ပြီး ယနေ့တွင် အမိန့်ချခြင်း ဖြစ် သည်။
ဒေသခံများသည် မိမိတို့၏ နစ်နာ ဆုံးရှှုံးမှုကို တရားဝင် ဆန္ဒထုတ်ဖော်ရန် အာဏာပိုင်များထံ ၄ ကြိမ်အထိ ခွင့်ပြုချက် တင် ခဲ့သော်လည်း ခွင့်ပြုချက် မရရှိသည့် အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၈ သည် ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခံရလျှင် ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေ ပြဌာန်းထားသည်။
ထိုပုဒ်မ ကြောင့် မိမိတို့ လိုလားချက်များကို ဆန္ဒထုတ်ဖော်နေကြသည့် မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူ အများအပြားသည် တရားစွဲဆိုခံထားရခြင်း၊ ဖမ်းဆီးခံရခြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။ ပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရန် အတွက်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
ပြစ်ဒဏ်ချခံရသူများသည် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း(CNPC) အားကန့်ကွက်သည့် အနေဖြင့် မတ်လအတွင်းက ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် ဆန္ဒပြဒေသခံများအား ဘေးမှ ဝန်းရံ ဦးဆောင်ပေးခဲ့သူများလည်း ဖြစ်သည်။
China National Petroleum Corporation (CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန် ဆည် စသည့်ကျေးရွာများမှ ဒေသခံများသည် ၎င်းတို့ တောင်းဆိုချက် ၉ ချက်ကိုကြွေးကြော်၍ CNPC ရုံးရှေ့သို့ ချီတက်ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။
သိမ်းဆည်းခံ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း လျော်ကြေးပေးရေး၊ ကျွန်းပေါ်ရှိ ကျေးရွာ လမ်းများ ကောင်းမွန်ရန် ဆောင်ရွက်ပေးရေး၊ အလုပ်သမားကတ်ရှိသည့် ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် လုပ်အား ခ ကို နိုင်ငံတကာစံ အတိုင်း ရရှိရေး၊ ကျွန်းပေါ်ရှိ လူနေအိမ်များ လျှပ်စစ်မီး ရရှိရန် လုပ်ဆောင်ပေးရေး စသည့် အချက်များ အ ပါအဝင် အချက် ၉ ချက်ကို ဒေသခံများက တောင်းဆိုခဲ့ကြသည်။