တရုတ်ကွန်မြူနစ် ပါတီ ၏ ဖိတ်ကြားမှုဖြင့် မနက်ဖြန် တရုတ်နိုင်ငံသို့ သွားရောက်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အနေဖြင့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောဆိုဆွေး နွေးသွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များ ထုတ်ယူမည့် တရုတ်အစိုးရ ကုမ္ပဏီများအနေဖြင့် သယံဇာတများကို ထုတ်ယူ သုံးစွဲရာတွင် ဒေသခံလူထု၏ အကျိုးခံစားခွင့်နှင့် ပတ်သက်သည့် လူမှုစီးပွားပေါ်လစီများကို နိုင်ငံတကာ စံချိန် စံညွန်းများနှင့် အညီ ထားရှိရန် တရုတ် အာဏာပိုင်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
“တရုတ်အစိုးရကုမ္ပဏီက ရခိုင်ဒေသထွက် ဂက်စ်ကို သုံးတယ်ဆိုရင် လူထုဖွံဖြိုးဖို့ ဒေသတခုလုံး မီးပေးမယ်၊ ဆိပ်ကမ်းကောင်းကြီး တွေ ဆောက်ပေးဖို့လိုတယ်၊ ဒါဆိုလူထုကလည်း တရုတ်ပြည် အကူအညီဆိုတာမျိုး ဂုဏ်ယူပြောဆိုလာမှာပါ”ဟု ၎င်းကဆိုသည်။
ထို့အတွက် သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲသည့် ကုမ္ပဏီအနေဖြင့် ဒေသခံများ၏ ယုံကြည်မှုရှိရန်မှာ အစိုးရအနေဖြင့် သာမက ပြည်သူအချင်းချင်းပါ ယုံကြည်မှုရစေရန် လိုအပ်ကြောင်း၊ ထိုအချက်အလက်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း ဒေါက်တာ အေးမောင်က ပြောပြသည်။
ယမန်နေ့ကပင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ တရုတ်ကုမ္ပဏီ(CNPC) လုပ်ကိုင်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သည် ဒေသတွင်း လူမှုအကျိုးစီးပွားများကို ထိခိုက်နေသည့်အတွက် ဒေသခံပြည်သူများ၏ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။
ယခုအခါ ကျောက်ဖြူမြို့နယ် အပါအဝင် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသများတွင် လျော်ကြေးမပေးဘဲ မြေသိမ်းယာသိမ်းမှုများပြားနေကြောင်း၊ ဒေသဖံွ့ဖြိုးမှုကို ရယူလိုလျှင် သဘာ၀ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထိခိုက်နစ်နာမှုရှိသည်ကို နားလည်ကြောင်း၊ သို့သော် ပြန်လည်တည်ဆောက်မှုလည်း ရှိရမည်ဖြစ်ကြောင်း၊ RNDP ပါတီအနေဖြင့် တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်နှင့် လူထုအကျိုးခံစားခွင့်ကို ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အေးမောင် က ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကလည်း တရုတ်ကွန်မြူနစ် ပါတီ တာဝန်ရှိ သူ များနှင့် တွေ့ဆုံသည့်အခါ ရခိုင်ဒေသအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ပြောကြားသွားမည်ဟု ပြောသည်။
တရုတ်ကွန်မြူနစ် ပါတီ ၏ အိမ်နီးချင်းနိုင်ငံများရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရေးမူအရ RNDP အပါအဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ တို့လည်း တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရသည်ဟု သိရသည်။