မြန်မာနိုင်ငံက ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ ကဏ္ဍနှင့်ပတ်သက်ပြီး ကမ်းလွန် လုပ်ကွက် နောက်ထပ် ၂၀ ကျော်ကို ယခုနှစ် မကုန်မီ လုပ်ငန်းလိုင်စင် ချပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ဇွန်လ ၅ ရက်နေ့က စတင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာ အစီရင် ခံစာတစောင်ကို ယမန်နေ့က ထုတ်ပြန်ရာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
“New Energy Architecture: Myanmar” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံက ယမန်နှစ် အတွင်း ကမ်းလွန်လုပ်ကွက် လိုင်စင်ချပေးရေး အတွက် တင်ပြလာသည့် စာပေါင်း ၇၅ ခု ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စိတ်ဝင်စားမှု အမြင့်ဆုံး ရောက်ခဲ့ကြောင်း ဆိုထားသည်။
မြန်မာအစိုးရက ကမ်းလွန်လုပ်ကွက် ၃၀ ကျော်အတွက် လုပ်ငန်းလိုင်စင်ချမှတ်ပေးရန် စွမ်းအင် လုပ်ငန်းရှင်များက ကမ်းလှမ်းခဲ့ပြီး ရေတိမ်ပိုင်း လုပ်ကွက် ၁၁ ခုနှင့် ရေနက်ပိုင်း လုပ်ကွက် ၁၉ ခု ရှိကြောင်း၊ ဇွန်လ ၁၄ ရက်နေ့သည် လေလံ လျှောက်လွှာ နောက် ဆုံးရက် ဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့် လိုင်စင်အတွက် ပြည်တွင်း နိုင်ငံသားပိုင် ကုမ္ပဏီ အနည်းငယ်ရှိနေပြီး ဗြိတိန်၊ ဆွီဒင်၊ နော်ဝေ အစရှိသည့် ပြည်ပနိုင်ငံပေါင်း ၁၅ နိုင်ငံထက် မနည်းကလည်း စိတ်ဝင်စား နေကြကြောင်း သိရသည်။
ထိုသို့ မြန်မာနိုင်ငံတွင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု မြင့်မားလာခြင်းသည်ကြိုဆိုရမည့် ကိစ္စ ဖြစ်သော်လည်း စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(MOGE) အနေဖြင့် ယခုအထိ လွတ်လပ်ပွင့်လင်းသည့် လုပ်ငန်းတခု မဖြစ်သေးကြောင်း၊ နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စံချိန်စံညွှန်းများကို လေးစားလိုက်နာရန် လိုကြောင်း ရွှေဂက်စ် လှုပ်ရှားမှု တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။
“မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ နှစ်ဦး နှစ်ဖက် ဘယ်လောက်အထိ အကျိုးအမြတ်ရှိမလဲ၊ ကျင့်ဝတ်သိက္ခာနဲ့ ဘယ်လောက် ညီညွှတ်မလဲ၊ ဒီလုပ်ငန်းက ရတဲ့အကျိုးအမြတ်တွေကို နိုင်ငံတော်က ဘယ်လောက် ရမှာလဲနဲ့ ဒေသခံ ပြည်သူ တွေ ကို ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲဆိုတာတော့ မေးခွန်းထုတ်ရမှာပါ”ဟု သူက ဆိုသည်။
အဆိုပါလုပ်ငန်းများကို သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ရန် မည်သည့်ပုံစံများဖြင့် လုပ်မည်နည်း၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး မည်သို့လုပ်မည်နည်းနှင့် တာဝန်သိ ရင်းနှီးမြှုပ်နံှမှု အခွင့်အလမ်းများသာဖြစ်သင့်ပြီး နောက်ထပ် လုပ်ကွက် လိုင်စင်ချပေးမည့် ကိစ္စသည် ယခုအချိန် စောလွန်းသေးသည်ဟု ထင်မြင်ကြောင်း ကိုဝင်းအောင် က ဆက်ပြောသည်။
“အရင်က MOGE ရော၊ ဗဟိုစာရင်းအင်းဌာနရော၊ ဗဟိုဘဏ်ရော၊ ဘတ်ဂျက်ဌာနတွေရောက ဒီလုပ်ငန်းက တိုင်းပြည် ဝင်ငွေ ဘယ်လောက်ရတယ်ဆိုတာ အသိပေးမှု မရှိခဲ့ဘူး။ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး”ဟုလည်း ကိုဝင်းအောင် က ဆိုသည်။
MOGE မှ ဝင်ငွေ အများစုသည် တိုင်းပြည်ဘဏ္ဍာသို့ ဝင်ရောက်မှု အလွန်နည်းပြီး အမေရိကန် ဒေါ်လာငွေ နှင့် ရောင်းရငွေ ကို ထိုစဉ်အစိုးရများက အစိုးရသတ်မှတ်ငွေဈေး ၆ ကျပ်ခွဲနှုန်းနှင့်သာ နိုင်ငံတော်ဘဏ္ဍာ စာရင်းသွင်းပြီး အဂတိ လိုက်စားမှု၊ အလွဲသုံးစားမှု များစွာ ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
“MOGE က ဝင်ငွေအများဆုံး ရခဲ့တာမှန်တယ်။ ဒါပေမယ့် နိုင်ငံတော်က သိပ်မရခဲ့ဘူး။ အခု ထပ်လုပ်မယ်ဆိုရင် အစိုးရလည်း နိုင်ငံ တကာ စံချိန်စံညွှန်းမီတဲ့ စာချုပ်စာတမ်းတွေကို သေချာ စနစ်တကျ ပြင်ဆင်ပြီးမှ လုပ်သင့်တယ်”ဟု သူ က ဆိုသည်။
အာရှဖွံံ့ဖြိုးရေး ဘဏ်နှင့် အကြံပေးကုမ္ပဏီများကလည်း မြန်မာ့စွမ်းအင် ကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိက နေရာက ဆက်လက် ရှိနေဦးမည်ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ ပြောဆိုကြသည်။
“မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး ဝင်ငွေကတော့ သဘာ၀ ဓာတ်ငွေက ရနေတယ်ဆိုတဲ့အချက်က စွမ်းအင်ကဏ္ဍဟာ ဗဟို ချက်မ ကျနေသေးတယ် ဆိုတာ ပြတာပဲ”ဟု မြန်မာ့ စွမ်းအင် ဆိုင်ရာ အစီရင်ခံစာက ဆိုသည်။
မြန်မာက အရံ သဘာ၀ ဓာတ်ငွေ့ပမာဏ တနေ့ ကုဗပေ ၇.၈ ထရီလီယမ် ထားရှိသည်ဟု အစိုးရ သတင်းရင်းမြစ်တခုက ဆိုထားခြင်းသည် ဒေသတွင်း လိုအပ်ချက် ပမာဏကို ပြည့်မီရန် မရှိသေးကြောင်းလည်း သိရသည်။
၂၀၁၁ ခုနှစ်က ပြည်တွင်း လိုအပ်ချက် တနေ့လျှင် ကုဗပေ သန်းပေါင်း ၄ သိန်းခန့် ရှိပြီး ယခုနှစ်တွင် တနေ့ ကုဗပေ သန်း ပေါင်း ၇ သိန်းကျော် တိုးမြင့်မည်ဟု ခန့်မှန်းကြောင်း အစီရင်ခံစာက ဆိုသည်။
လက်ရှိ သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်ပေးနိုင်မှုသည့် တနေ့ ကုဗပေသန်းပေါင်း ၃ သိန်းခန့် ရှိပြီး ပြည်တွင်းလိုအပ်ချက်၏ ထက်ဝက်ခန့်ထက် နည်းနေသည်ကို ပြသလျက် ရှိသည်။
၂၀၁၁ ခုနှစ်မတိုင်မီ မြန်မာအစိုးရလက်ထက်များက နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရ၍ ဘဏ္ဍာငွေကြေး ရရှိရန် အတွက် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းများကို တရုတ်၊ ထိုင်းနိုင်ငံများသို့ ရောင်းချပြီး တချို့ကို ပြည်တွင်း လိုအပ်ချက်များတွင် အကန့်အသတ်ဖြင့် အသုံးပြုခဲ့သည်။
ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းကို ၁၉၆၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် MOGE က တာဝန်ယူ လုပ်ကိုင်နေသော်လည်း စိန်ခေါ်မှုများစွာ ရှိနေကြောင်း သိရသည်။
သို့သော် မိုင်ပေါင်း ၁၅၄၂.၅ မိုင်ရှိသည့် မြန်မာ့ကမ်းရိုးတမ်း တလျှောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆိုင်ရာ ကွန်ရက်တည် ဆောက်ရေး စီမံကိန်းများတွင် MOGE က ကျွမ်းကျင်ပညာရှင်းများကို ခန့်အပ် တာဝန်ပေးထားသော်လည်း နည်းပညာနှင့် လူ့ အရင်း အမြစ် ဆိုင်ရာ လိုအပ်ချက် များစွာ ရှိနေသေးကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။
ထိုစိန်ခေါ်မှုများကို ကျော်လွှားရန် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သဘာ၀ စွမ်းအင်စီမံကွပ်ကဲမှု ကော်မတီနှင့် စွမ်းအင်ဖွံ့ဖြိုး ရေး ကော်မတီတို့ကို ပိုမို အားကောင်းစေရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စွမ်းအင်ကဏ္ဍအတွက် အစီအမံများရေးဆွဲ နေကြကြောင်း သိရသည်။
“တိုင်းပြည်အတွက် တကယ်အကျိုးရှိဖို့တော့ တာဝန်ခံမှု နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အဓိကပါပဲ၊ အခု အထိတော့ အဲဒါတွေ မရှိ သေး ဘူး၊ ဒါကြောင့် အချိန်စောနေသေးတယ် ပြောတာပါ”ဟု ကိုဝင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ကမ်းလွန် ရွှေ သဘာ၀ ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက်၊ တနင်္သာ တိုင်း မုတ္တမကွေ့ ရဲတခွန် နှင့် ရတနာ ကမ်းလွန် လုပ်ကွက်များကို လုပ်ကိုင်နေကြသည်။