ယနေ့ ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း နှစ်တရာပြည့် မွေးနေ့ဂုဏ်ပြုပွဲ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအဝင် မြို့ကြီးများတွင် လွတ်လပ်စွာ ဂုဏ်ပြုကျင်းပကြသည်။
မကွေးတိုင်း နတ်မောက်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း အထိမ်းအမှတ် ကျောက်စာမော်ကွန်းတိုင်ကိုလည်း သီတဂူ ဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ယနေ့ တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့တွင် ဗိုလ်ချူပ် နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ကြီးကျယ်ခမ်းနား လွတ်လပ်စွာ ကျင်းပလျက် ရှိသည်။ ပြတိုက်အဖြစ် ပြုလုပ်ထားသည့် ဗိုလ်ချုပ်နေအိမ်သို့ လာရောက်လေ့လာသူ ထောင်သောင်းချီ ရောက်ရှိလျက်ရှိပြီး အထူးစည်ကားလျက် ရှိသည်။
အခမ်းအနားသို့ လာရောက်ကြသူများအား နတ်မောက်အသင်း (ရန်ကုန်) က ဦးဆောင်ပြီး နေ့စဉ် နံပြား အချပ်ပေါင်း ၅၀၀၀၊ ၆၀၀၀ ကျော် စတုဒီသာ လှူဒါန်းလျက် ရှိကာ နတ်မောက်ဒေသခံများက ၎င်းတို့၏ နေအိမ်များတွင် နယ်ဝေးမှ လာရောက်သူများအတွက် အခမဲ့ တည်းခိုခွင့်ပြုလျက် ရှိသည်ကို တွေ့ရပြီး ညပိုင်းတွင် အနုပညာရှင်များနှင့် တိုင်းရင်းသားများက ဖျော်ဖြေပွဲများ၊ ပြဇာတ်များ၊ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်များ တင်ဆက်လျက် ရှိသည်။
ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး စာပေ ဟော ပြောပွဲများ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ၊ လူငယ်သံချပ် ယှဉ်ပြိုင်ပွဲများ ပြုလုပ် ကျင်းပလျက် ရှိသည်။
ယနေ့နံနက်တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့ဂုဏ်ပြုပွဲ အစီအစဉ်အဖြစ် မြို့နယ်၊ ရပ်ကွက်တိုင်း၌ နိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့အစည်းများက ပဲပြုတ်နှင့် နံပြားကို ကုသိုလ်ပြု ကျွေးမွေးကြသည်။
ဗိုလ်ချူပ်မွေးရက် မတိုင်မီ အကြိုဂုဏ်ပြုခြင်းဖြင့် စာပေဟောပြောပွဲများ၊ သရုပ်ပြ ဖျော်ဖြေပွဲများ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ ကာတွန်း ပြ ပွဲပြိုင်ပွဲများကို မြို့နယ်၊ ရပ်ကွက် အသီးသီးတွင် အခမ်းအနားများ ပြုလုပ်၍ ဂုဏ်ပြု ကျင်းပနေကြသည်။
ယနေ့မှ စတင်ပြီး ရန်ကုန်တက္ကသိုလ်ရှိ ဗိုလ်ချူပ်အောင်ဆန်း တက္ကသိုလ် ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင်အဝင် လမ်းတလျှောက် တန်ဖိုးကြီး ရှားပါးဓာတ်ပုံများ ပြသထားပြီး၊ ဗိုလ်ချူပ်နေထိုင်ခဲ့သည့် အခန်းကိုလည်း ပြန်လည်မွမ်းမံ ပြင်ဆင်၍ လာရောက်လေ့လာ ကြည်ရှု့ခွင့် ပြုထားသည်ကို တွေ့ရသည်။
အလားတူ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၂၊ ၁၃ နှင့် ၁၄ ရက် သုံးရက် တိုင် တိုင် ကျင်းပလျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ပန်းချီ၊ ပန်းပုနှင့် ဓာတ်ပုံပြခန်းများ ခင်းကျင်းပြသလျက်ရှိကာ ညနေပိုင်း တွင် တေးသံရှင်များနှင့် တေးဂီတ အဖွဲ့များက ဖျော်ဖြေဂုဏ်ပြုလျက် ရှိသည်။
မန္တလေးမြို့တွင်လည်း ယနေ့နံနက်ပိုင်း၌ သံဃာအပါး ၁၅၀၀ အား ဆွမ်းလောင်း လှူဒါန်းခြင်းနှင့် မန္တလေး ပရိယတ္တိ သာသနာ့ဟိတ အသင်းတိုက်၌ သံဃာအပါး ၁၀၀ ကို နေ့ဆွမ်းလှူဒါန်းခြင်း ကုသိုလ်ပြုကြ၍ စတုဒိသာ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
အနယ်နယ် အရပ်ရပ်ရှိ ပရဟိတ လူငယ်အဖွဲ့အစည်းများက ဗိုလ်ချုပ် မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ဂေဟာများနှင့် ဆေးရုံများသို့ သွားရောက်ပြီး အစားအစာနှင့် အာဟာရများ လှူဒါန်းလျက် ရှိကြသည်။