ရှမ်းပြည် တာချီလိတ်ခရိုင် တာလေမြို့ရှိ တိမ်ကောလာသည့် နမ့်လင်းချောင်းအတွင်း သဲတူးဖော်မှုကို ဗန်းပြပြီး တရုတ်လူမျိုးများ တရားမဝင် ရွှေတူးဖော်ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းလားဒေသ အခြေစိုက် လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီက တိမ်ကောလာသည့် နမ့်လင်းချောင်း တူးဖော်ရန် အဆိုပါ တရုတ်လူမျိုးများကို ခေါ်ယူလာခြင်းဖြစ်ပြီး ရက်သတ္တနှစ်ပတ် နေထိုင်ခွင့်ရှိသည့် နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရှိရသည်။
တာလေ ဒေသခံတဦးက “သောင်တူးတယ်ဆိုပြီး ချောင်းကြမ်းပြင်က ဆယ်ယူထားတဲ့သဲတွေကို သောင်တူးသင်္ဘောပေါ်မှာ တင်မျှောတိုက်စနစ်နဲ့ ရွှေထုတ်ယူနေတာ တွေ့ရတယ်” ဟု ဆိုသည်။
နမ့်လင်းချောင်းသည် တာလေဒေသကို ဖြတ်ကာ မဲခေါင်မြစ်အတွင်း စီးဝင်သည့် ချောင်းတခုဖြစ်ပြီး ယခုအခါ တိမ်ကောလာသည့် အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ အကူအညီနှင့် တာလေဒေသ အာဏာပိုင်များ၊ မြို့မိမြိုဖများ ပူးပေါင်းကာ လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီအား ငွေကျပ် သိန်း ၃၀ ဖြင့် ငှားရမ်း လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ ရက်ခန့်က လုပ်ငန်းစတင်ခဲ့ဖြင်း ဖြစ်ကြောင်း သိရသည်။
တာလေ ပြည်သူစစ်ခေါင်းဆောင် ဦးခင်မောင်လတ်က “သောင်တူးစက်ကို ကျနော်တို့က မမြင်ဖူးဘူး။ သူတို့ လုပ်ချင်တယ်ဆိုလို့ ငှားလိုက်တာ။ သူတို့က သင်္ဘောပေါ်မှာ ခဲသပ်သပ်၊ သဲသပ်သပ် ပြန်လုပ်ပြီး ကမ်းပေါ်ကို တင်ပေးတာကို ကျေးဇူးတောင် တင်နေသေးတယ်” ဟု ဆိုသည်။
ယင်း တရုတ်လူမျိုးများကို မကြာသေးမီက တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးမှု ပြုခဲ့ကြောင်း ဦးခင်မောင်လတ်က ဆိုသည်။
ယင်းသို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လုပ်ငန်းရပ်ထားကာ တရုတ်များ ယင်းတူးဖော်မှုမှ ပြန်လည် ထွက်ခွာသွားကြောင်း၊ သောင်တူးဖော်မှုနှင့် တဆက်တည်း တရားမဝင် ရွှေတူးဖော်မှု လုပ်ခဲ့သည်ဟုလည်း ဝန်ခံကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ လွိုင်လုံ ကုမ္ပဏီသည် နမ့်လင်းချောင်းတလျှောက် ပေ ၄ ထောင်ကျော် ဆက်လက် တူးဖော်ရန် ကျန်နေသေးသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်က တာလေဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တာလေ၊ မိုင်းလင်း၊ နားယောင်း၊ ကျကူနီ စသည့် နယ်မြေများတွင် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။
မကြာသေးမီကလည်း မြန်မာနိုင်ငံ ရွှေတူးဖော်ရေး လုပ်ငန်းရှင်းများ အဖွဲ့က မြန်မာနိုင်ငံ၌ ငလျင်များ လှုပ်ခတ်ပြီးသည့်နောက် အဆိုပါ ဒေသများတွင် ရွှေကြောအသစ်များ တွေ့ရှိရကြောင်း ပြောဆိုခဲ့သေးသည်။