မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနောက်ဘက် ၁၆ မိုင်ခန့် အကွာရှိ ရွှေမင်းဖုန်း ရွှေတူးဖော်ရေး လုပ်ငန်းမှ ဈေးဆိုင်များ ရေထဲမျောပါပြီး လူ ၁၀ ဦးခန့် အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများထံမှ သတင်း ရသည်။
သေဆုံးသူများမှာ ရွှေတွင်းလုပ်သားများနှင့် ရွှေတွင်းကို အမှီပြု၍ ဈေးရောင်းနေသူများ ဖြစ်ကြောင်း၊ ယမန်နေ့ညက မိုးနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ တောင်ကျရေများ ကျဆင်းလာခြင်းကြောင့် ဈေးဆိုင်များရေထဲမျောပါ၍ လူသေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေတွင်း၌ ဈေးရောင်းသူ အမျိုးသမီးတဦးက“ည ၁၁ နာရီလောက်မှာ ဘာမှ မဖြစ်သေးဘူး၊ ပြီးမှ မိုးကြီးလေကြီးကျပြီး သစ် ပင်တွေ လဲကုန်တာ၊ အိပ်ချိန်ဆိုတော့ ရေကျလာတာ မသိလိုက်ဘူး၊ အကုန်လုံးမျောကုန်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ပလောင်တောင်ရှိ ရွှေမင်းဖုန်း ရွှေတွင်းလုပ်ငန်းနေရာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မိုးရွာသွန်းထားသည့်အတွက် သွား လာရန် မလွယ်ကူကြောင်း သိရသည်။
ကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် ယခုအခါ ကလောမြို့အာဏာပိုင်များ သွားရောက်နေပြီဟု ကလော ရဲစခန်း က အတည်ပြု ပြောကြားသည်။
“ကျနော်တို့ မြို့နယ်မှူးနဲ့ အဖွဲ့ ကယ်ဆယ်ရေး သွားနေပြီ၊ နေရာက ဝေးတယ်၊ အသေအပျောက် သတင်း အသေးစိတ်တော့ မသိရသေး ဘူး”ဟု ရဲ စခန်း တာဝန်မှူး ဒု ရဲအုပ် ဝင်းနိုင်က ပြောသည်။
ကလော ပြည်သူ့ ဆေးရုံကြီးကလည်း သေဆုံးသူများ ရှိကြောင်း၊ သို့သော် အရေအတွက် အတိအကျ မသိရသေးကြောင်း ပြော ဆိုသည်။
ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု ဆိုးရွားနေပြီး အပူလွန်ကဲခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နေသည်။
ယမန်နေ့က မြန်မာ့အလင်း သတင်းစာတွင် နေ့အပူချိန်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဧပြီလ၏ ဖျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီ စင်တီ ဂရိတ် ပိုကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသများတွင် မိုးဆက်လက် ထစ်ချုံး ရွာနိုင်ကြောင်း ဖော်ပြ ထားသည်။