၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ဦးနေဝင်း အာဏာသိမ်းပြီး နောက်ပိုင်း ပြောခဲ့တဲ့စကား တခွန်းကတော့ တိုင်းပြည် ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ တပ်မတော်က အာဏာသိမ်းပြီး ကယ်ခဲ့တယ်ဆိုတာပါပဲ။ တကယ်တော့ တိုင်းပြည်ကို ချောက်ထဲ ထိုးချခဲ့တာဟာ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပဲ ဖြစ်ပါတယ်။
အာဏာသိမ်း အစိုးရရဲ့ ပထမ အမှားကတော့ ပြည်သူပိုင် သိမ်းခဲ့ခြင်းပါပဲ။ မြန်မာပြည်ရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့ပြီး ပြည်တွင်း စီးပွားရေးကို ရိုက်ချိုးခဲ့တဲ့ မဟာ အမှားကြီးပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက သူမှားသွားပြီ ဆိုတာကို သိပုံရပါတယ်။ ဒါပေမယ့် အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဝန်မခံ ခဲ့ပါဘူး။
ဒါပေမယ့် သူက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ မကောင်းတော့ဘူးလို့ သဘောပေါက်စ ပြုလာချိန်မှာ တို့တော့ ကျားမြီး ဆွဲမိပြီကွာလို့ သတင်းစာဆရာတွေရှေ့မှာ ပြောခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ကိုသန့်မြင့်ဦးရဲ့ The River of Lost Footsteps ထဲမှာ ရေးသားခဲ့သလို ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အညမည သဘောတရားတွေကို ရေးခဲ့ပါတဲ့ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) နဲ့ ကျနော် ရန်ကုန် ရောက်တဲ့အချိန်က တွေ့ခဲ့တုန်းကလည်း အတိတ်ကို ပြန်ဖော်ရင်း ပြောပြတာ မှတ်သား ရပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက သူ့အနေနဲ့ ကျားမြီး ဆွဲမိနေတာတော့ သိနေပြီ၊ ဒါပေမယ့် ဆက်တော့ ဆွဲထားရ ဦးမှာပဲလို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း ၂၆ နှစ်လုံးလုံး အုပ်စိုးခဲ့တဲ့ မဆလ အစိုးရဟာ တိုင်းပြည်ကို ချောက်မကျအောင် ကယ်တင်တာ မဟုတ်ဘဲ ချောက်ထဲကို တွန်းချခဲ့တဲ့ အဖြစ်ကို ရောက်သွားခဲ့ ရတာပါ။ သူကိုယ်တိုင်လည်း ကျားမြီးဆွဲတာ အားမရဘဲ သူများကိုပါ ဆက်ပြီး ကျားမြီး ဆွဲခိုင်းခဲ့တာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းပါပဲ။
ဒီအချက်ကတော့ မြန်မာပြည်ကိုကြည့်ရင် သိသာပါတယ်။ မှန်ပါတယ် ဆိုတာကို ပြသနေတာပါပဲ။ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေတ်မှာ တပ်က ထွက်တဲ့ အရာရှိဟောင်းတွေကို အစိုးရဌာနတွေမှာ နေရာပေးတဲ့ စနစ်ဆိုးကြီး စတင်ခဲ့ပါတယ်။ ဒီစနစ်ဆိုးကြီးဟာ အခုအချိန်အထိ ကင်ဆာရောဂါလို မြန်မာနိုင်ငံတွင်းမှာ အမြစ်တွယ်နေတာကို တွေ့ခဲ့ရပါတယ်။
စစ်အစိုးရ လက်ထက်မှာတော့ စစ်တပ် အရာရှိဟောင်းတွေရော၊ ထောက်လှမ်းရေး အရာရှိ တွေပါ ဌာနဆိုင်ရာ လုပ်ငန်းတွေမှာ ဝင်ရောက် အုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။
သူတို့တတွေဟာ စစ်ရေးက လွဲရင် တခြား အစိုးရ လုပ်ငန်းတွေမှာ ကျင့်သားရနေတဲ့ သူတွေ၊ အလေ့ကျင့် ခံထားရတဲ့ သူတွေ၊ ကျွမ်းကျင်ပြီးသား သူတွေ မဟုတ်ကြ ပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အစစ အရာရာ နေရာတိုင်းမှာ ဆိုးဝါးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှု လွဲချော်ခဲ့တာတွေနဲ့ ခြစားမှုတွေ၊ လာဘ်စားမှုတွေ ကြောင့်လည်း သယံဇာတ ကြွယ်ဝတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံဘဝကို ရောက်ခဲ့ရ ပါတယ်။
၁၉၈၈ မှာ ဦးနေဝင်းက အာဏာသိမ်းဖို့ ဆက်ပြီး စီစဉ် ညွှန်ကြားခဲ့တာ၊ သူရဲ့ လက်ထောက် စစ်ဗိုလ်ချုပ် ကြီးတွေကို ခေါ်ပြီး အာဏာသိမ်းခိုင်း ခဲ့တာဟာ ကျားမြီး ဆက်ဆွဲခိုင်းတာ ပါပဲ။
ကျားမြီးဆက်ဆွဲခဲ့ သူတွေကတော့ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ပဲ ဖြစ်ပါတယ်။
မြန်မာပြည်ကို အဖျက်အမှောင့်တွေ ရန်က ကယ်ခဲ့တယ် ဆိုပြီး အာဏာသိမ်းခဲ့ ပေမယ့် တိုင်းပြည်ကို လွန်ခဲ့တဲ့ ၂၄ နှစ် အတွင်းမှာ ဘာမှ မကယ်တင် နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲလို့ ပြန်သုံးသပ်ရင် စစ်တပ်က တိုင်းပြည်ရဲ့ ကဏ္ဍအဝဝမှာ ဝင်ပါခဲ့လို့ပါလို့ပဲ ခပ်တိုတို ခပ်ရှင်းရှင်း သုံးသပ်မိတယ်။
စစ်ဗိုလ်၊ အကြပ်၊ တပ်သားတွေဟာ တိုင်းပြည်ကို ချစ်တယ် ဆိုတာကို သံသယ မရှိပေမယ့် တိုင်းပြည် အစိုးရ တရပ်ကို အုပ်ချုပ်ဖို့အတွက် သင်တန်းပေး လေ့ကျင့်ခံခဲ့ရသူတွေ မဟုတ်ပါဘူး။ သူတို့လုပ်ရမယ့် အလုပ်က ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ပြည်ပရန်ကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
ဦးနေဝင်းကို မကြာခဏ တွေ့ဆုံခဲ့ဘူးတဲ့ စင်ကာပူက ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ စီးပွားရေး တံခါးအရင်ဖွင့်ဖို့၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ တိုင်းပြည် ဘဏ္ဍာငွေ ရအောင်လုပ်ဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ မကြာခဏ နားချ တိုက်တွန်းခဲ့ဖူးတယ် ဆိုတာ သူ့ရဲ့ From Third World To First The Singapore Story 1995 – 2000 Memoirs of Lee Kuan Yew စာအုပ်ထဲမှာ ရေးဖူး ပါတယ်။ အဲဒီ စာအုပ်မှာပဲ စင်ကာပူ ကျွန်းနိုင်ငံလေးက စီးပွားရေး ကဏ္ဍအရ ထိပ်တန်း နိုင်ငံတခု ဖြစ်လာအောင် လုပ်ခဲ့တဲ့ လီကွမ်ယုက စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်သင့်တဲ့ လူတွေ မဟုတ်ဘူး လို့ ပွင့်ပွင့်လင်းလင်း ရေးခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ ကျားမြီး ဆက်ဆွဲတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း နည်းနည်း ရေးချင်ပါတယ်။ ဦးချစ်လှိုင်နဲ့ တွေ့ဆုံခဲ့စဉ်တုန်းက သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှာ ၁၉၆၀ ဝန်းကျင် လောက်ကတည်းက ရင်းနှီးခဲ့သူတွေဆိုတော့ ဗိုလ်ချုပ်မှူးကြီးဟာ စစ်ဗိုလ် တဦးထက်စာရင် နိုင်ငံရေးသမား တဦးနဲ့ ပိုတူတယ်လို့ မှတ်ချက်ပြုပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာကလည်း ကျားမြီးဆွဲသူထဲ ပါခဲ့တာဆိုတော့ ဒီပြဿနာရဲ့ ထွက်ပေါက်ကို ကြိုရှာထားပုံ ရပါတယ်။
သူက အင်ဒိုနီးရှား ပုံစံကို အတုခိုးပြီး တပ်မတော်အတွက် ထွက်ပေါက်ကို ရှာပေးသွားတာ တွေ့ရပါတယ်။ ကျားမြီး ဆွဲခဲ့တဲ့သူတွေ အသက်ရှုချောင်အောင် လုပ်ပေးခဲ့တဲ့ နည်းဗျူဟာပါပဲ။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ထွက်ရပ်လမ်းကို ရှာတဲ့သူဟာ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်လက် ပါဝင်နိုင်ဖို့ အဓိက ရေးဆွဲခဲ့တာပါ။ လွှတ်တော်ထဲမှာ တပ်မတော်က တမတ်သား ပါဝင်ရေးကိုပါ သေသေချာချာ ရေးဆွဲ ခဲ့တာပါ။
၂၀၁၁ ရွေးကောက်ပွဲကို တံခါးပိတ် ကျင်းပ၊ တပ်မတော်က အငြိမ်းစား ပေးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကို လူဝတ်လဲခိုင်းပြီး တိုင်းပြည်မှာ တရားဝင် အာဏာဆက်ယူဖို့ သေသေချာချာ ဗျူဟာဆွဲ လုပ်ဆောင်ခဲ့တာပါ။
လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ စစ်တပ်မှာ ကြီးပြင်းခဲ့သူပါ။ ဒါကြောင့် စီးပွားရေး၊ နိုင်ငံ အုပ်ချုပ်ရေးမှာ အတွေ့အကြုံ ရှိတဲ့သူလို့ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် သူသမ္မတအဖြစ် တာဝန်ယူချိန်ကစပြီး စီးပွားရေး အရ ပြုပြင် ပြောင်းလဲမှုတွေကို စပြီး လုပ်ဆောင်နေတာ တွေ့နိုင်ပါတယ်။ ဒါကလည်း အရပ်သား အကြံပေးတွေ၊ စီးပွားရေး အကြံပေးတွေ၊ ပြင်ပ အတွေ့အကြုံရှိပြီး အလုပ်လုပ်ခဲ့တဲ့ ပညာရှင်တွေ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေးဘဏ် စတဲ့ အဖွဲ့တွေရဲ့ အကူအညီ အကြံပေးမှုတွေကို ရယူခဲ့တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
ဦးနေဝင်းက အာဏာရှင်ဆိုတော့ သူများပြောတာကို နားထောင်ခဲပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ထက် မှာလည်း တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ပိုလို့တောင် ဆိုးရွားခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ ထူးခြားချက်ကတော့ သူများတွေပေးတဲ့ အကြံနဲ့ ပြောတာကို နားထောင်တဲ့ အလေ့အထရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်နေတာပါ။ ဒါကြောင့် ဒီစစ်ဗိုလ်ချုပ် လူထွက် သမ္မတရဲ့ စီးပွားရေးအရ လုပ်ဆောင် ချက်တွေ ဘယ်လောက် အောင်မြင်မလဲ ဆိုတာကိုတော့ မကြာခင်မျက်မြင် တွေ့ရတော့မှာပါ။
ဒါပေမယ့် တခုအံ့သြဖို့ ကောင်းတာက စစ်ဗိုလ်လူထွက် အတော်များများဟာ သူတို့ လုပ်မှ ရမယ်ဆိုတဲ့ အသိတွေ ဝင်နေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုတွေက အစ နက်နဲခက်ခဲလှတဲ့ စီးပွားရေး ကိစ္စရပ်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေအဆုံး သူတို့ ပါဝင်မှ ရမယ်ဆိုတဲ့ အမြင်တွေကို တွေ့ခဲ့ရပါတယ်။ တိုင်းပြည် အတွက် အတော်ကို ရင်လေးစရာ ကောင်းပါတယ်။
ဒါကြောင့် အခုလို အခြေအနေကောင်းမှာ ကျားမြီးဆက်ဆွဲ ထားချင်တဲ့ သူတွေအနေနဲ့ ဆက်မဆွဲ ကြတော့ပဲ တတ်သိ နားလည်တဲ့ ပညာရှင်တွေ၊ ဗျူရိုကရက်တွေ၊ တက်ကနိုကရက်တွေ၊ ပြည်သူ့ဝန်ထမ်းတွေကို တိုင်းပြည်ရဲ့ အဓိက လိုအပ်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဝန်ကြီးဌာနတွေမှာ ဝင်ရောက် ထမ်းဆောင် ပါဝင်နိုင်ဖို့ အခွင့်အရေး ပေးသင့်တယ်လို့ ထင်ပါတယ်။
ကျားမြီးဆက်မဆွဲဘဲ အမှန်တရားကို ရဲရဲဝံ့ဝံ့ ပွေ့ဖက်ပြီး တိုင်းပြည်မှာ လူမှန်၊ လူတော်၊ လူကောင်းတွေ နေရာအမှန် ရနိုင်ဖို့လိုပါတယ်။ ။