၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို သင်္ကန်းကျွန်း စာပေဟောပြောပွဲ၌ ဟောပြောခဲ့သည့် အချက်အလက်တချို့နှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မကြာသေးမီ ရက်ပိုင်းအတွင်း ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။
သင်္ကန်းကျွန်း စ/က ရပ်ကွက် လူထုက အုပ်ချုပ်ရေးမှူးအပေါ် မကျေနပ်ချက်များနှင့် ပတ်သက်၍ ဦးမင်းကိုနိုင်က ပြောဆိုခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းက ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် နီးစပ်သူတဦးက ဆိုသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြည်သူတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က ပြည်သူ သဘောမတူလို့ကတော့ သမ္မတ သုံးဆက်တောင် ဖြုတ်ချခဲ့တာပဲလို့ ပြောတာကို အစိုးရက အဓိပ္ပာယ် အကောက်လွဲသွားပြီး ခေါ်မေးတာပါ” ဟု ၎င်းက ပြောသည်။
ဦးမင်းကိုနိုင်က ၎င်း၏ ဟောပြောချက်များကို ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် သေချာစွာစုံစမ်းပြီးမှ ခေါ်ယူမေးမြန်းသင့်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း၊ မိမိတို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ အနေဖြင့် အစိုးရအဖွဲ့ တည်ငြိမ်ရေးကို လိုလားသည့်အတွက် လက်ငင်းဖြစ်ပေါ်နေသည့် အရေးကိစ္စများကို လိုက်ပါဆောင်ရွက်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဦးမင်းကိုနိုင်က “စစ်ဆေးမေးမြန်း အပြစ်တင်တဲ့ပုံစံတော့ မဟုတ်ပါဘူး၊ အပြန်အလှန်ဆွေးနွေးတဲ့ သဘောပါ။ ကျနော်တို့က သူတို့လုပ်ရပ်တွေကို ဝေဖန်သလို၊ ကျနော်တို့ကိုလည်း အပြန်အလှန် ထောက်ပြဆွေးနွေးတဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် အစိုးရသစ်လက်ထက် ဖြစ်ပေါ်ခဲ့သည့် လက်ပံတောင်းအရေး၊ လှိုင်သာယာ အလုပ်သမား အရေးများနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မိတ္ထီလာ လူမျိုးရေး အဓိကရုဏ်းများတွင်လည်း ဝင်ရောက်ကာ ဖြန်ဖြေကြားဝင် ညှိနှိုင်းခြင်း၊ ပြည်သူများအား ကူညီခြင်းများ ပြုလုပ်ခဲ့သည်။
ယခုလဆန်းပိုင်းကလည်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ၂၀၀၈ ခုနှစ်က အင်းစိန် အကျဉ်းထောင်က လွတ်မြောက်စဉ် ဝတ်ဆင်သွားသည့် အပြာရောင် ထောင်ဝတ်စုံအား ပြန်လည် အပ်နှံရန် ပြည်ထဲရေးဝန်ကြီးဌာနက တောင်းခံခဲ့သေးသည်။
လက်ရှိအခြေအနေတွင် အစိုးရ၏ လုပ်ရပ်များနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၌ အစိုးရ၏ ကိုင်တွယ်ပုံများကို လူသိရှင်ကြား ဝေဖန်ပြောဆိုသူများမှာ ဝါရင့်နိုင်ငံရေး သမားကြီးလည်းဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်နှင့် ဦးမင်းကိုနိုင်တို့ ဖြစ်သည့်အတွက် သွယ်ဝိုက်သောနည်းဖြင့် သတိပေးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ယူဆကြသည်။