အစိုးရသစ် လက်ထက်တွင် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားဦးရေ
ထပ်မံ တိုးပွားလာကြောင်း နိုင်ငံရေးအကျဉ်းသား (နိုင်/ ကျဉ်း) များ စိစစ်ရေးကော်မတီက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီသည် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ဦးကိုကိုကြီး၊ ဦးသူရ (လူရွှင်တော် ဇာဂနာ)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဉာဏ်ဝင်း၊ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုဘိုကြည်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့်တို့ အပါအဝင် စုစုပေါင်း အင်အား ၁၉ ဦးဖြင့် ၂၀၁၃ ခုနှစ် မေလတွင် သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားသော ကော်မတီတခု ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုကြောင့် အဖမ်းခံထားရသူ ကိုအောင်စိုးအပါအဝင် ၃ ဦးနှင့် ယမန်နှစ်က မန္တလေးမြို့တွင် ကုန်စိမ်းဈေး မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်ခဲ့၍ ဇွန် ၁၂ ရက်နေ့က ထောင်ဒဏ် အပြစ်ပေးခံရသူ ၇ ဦးတို့ကို နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ်ပြုကြောင်း၊ နိုင်ငံရေးမှုဖြင့် အဖမ်းခံရသူအားလုံး ပြန်လွှတ်ပေးရန် သမ္မတရုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးရဲအောင်က ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော် ကျန်ရှိနေသေးသော်လည်း ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ချခံထားရသူများ ဖြစ်နေသောကြောင့် နိုင်/ ကျဉ်း အားလုံးလွတ်မြောက်ရန် အခက်အခဲများ ရှိနေသည့် အချိန်တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထောင်ချခံရသူများ ရှိလာကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောသည်။
“အခု ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ) တို့နဲ့ အဖမ်းခံရတဲ့သူ တဦးချင်းစီကို ပြန်လွှတ်ပေးဖို့ ပြောနေတာ။ အမှန်တော့ ဒီပုဒ်မတွေက မရှိသင့်တော့ဘူး။ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်မှု ဆိုတဲ့ ပုဒ်မ ၁၈ နဲ့ လဲလိုက်ရတယ်။ အောက်ခြေက ရဲနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးလောက်က အခြေခံဥပဒေရဲ့ အခွင့်အရေးကို ဖျက်နိုင်တယ်ဆိုတာ သိပ်ပြီး ဆီလျော်မှု မရှိပါဘူး” ဟု ဦးရဲအောင်က ဆိုသည်။
သမ္မတ ဦးသိန်းစိန် နောက်ဆုံးပြောဆိုခဲ့သော ရေဒီယိုမိန့်ခွန်းတွင် မြန်မာနိုင်ငံ အကျဉ်းထောင် အားလုံး၌ ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ကတိပြုထားသည်။
သမ္မတဦးသိန်းစိန်က ကတိပြုထားသော်လည်း မန္တလေးမြို့တွင် ကုန်စိမ်းဈေး မပြောင်းရွှေ့ရရေးနှင့် ပတ်သက်၍ စည်ပင်သာယာရုံးရှေ့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ချမ်းအေး သာဇံမြို့နယ် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း၊ ခွက်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်သောကြောင့်
ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရသူ ကိုညီညီကျော်၏ မိတ်ဆွေ ကိုခင်မောင်ထွန်းက ဧရာဝတီသို့ ပြောသည်။
“အမျိုးသမီး ၃ ဦးနဲ့ ကိုညီညီကျော်က ၃ လစီပါ။ ပုဒ်မ ၁၈ ကြောင့်ပေါ့။ ကျန်တဲ့သူတွေက တနှစ်နဲ့ ၃ လပေါ့။ သူတို့က ပုဒ်မ ၁၈ အပြင် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) လည်း ပါတယ်” ဟု သူက ဆိုသည်။
၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ အမှုရင်ဆိုင်ခဲ့ရသော်လည်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သောကြောင့် အယူခံဝင်ရန် စီစဉ်ထားကြောင်း၊ ငွေဒဏ် ချမှတ် နိုင်သော်လည်း ထောင်ဒဏ်အထိ ချမှတ်ခြင်းမှာ မရိုးသားကြောင်းလည်း ကိုခင်မောင်ထွန်းက ဆက်ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒပြခွင့်ကို တရားဝင် တောင်းခံခဲ့သော်လည်း ဒေသခံ အာဏာပိုင်များက ခွင့်မပြုခဲ့ဘဲ ခွင့်ပြုချက်မဲ့ ဆန္ဒ ဖော်ထုတ်သောအခါ လူ ၁၁ ဦး တရားစွဲခံထားရပြီး ၎င်းတို့အနက်မှ ၆ ဦးမှာ ထောင်ချခံခဲ့ရကြောင်း ဖမ်းဝရမ်း အထုတ်ခံထားရသူ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။
“ကျနော့်ကို ဆွဲထားတဲ့ အမှုပေါင်း ၁၁ မှုမှာ ပုဒ်မ ၁၈ ကချည်းပဲ ၆ မှုပါတယ်။ ကျန်တာတွေက ဆူပူလှုံ့ဆော်တယ်တို့၊ ပိုင်နက် ကျူးလွန်တာတို့ အပြင် အသရေ ဖျက်မှုတောင် ပါသေးတယ်။ ကိုအောင်စိုးဆိုရင် အမှု ၃ ခုပဲ စစ်ရသေးတယ်၊ ထောင်တနှစ်ခွဲ ကျသွားပြီ။ သူ့မှာ နောက်ထပ် ၅ မှု ကျန်သေးတယ်။ ဒါတွေအကုန်လုံးက ဆားလင်းကြီးမြို့နယ် ဘက်က အမှုတွေချည်းပဲ” ဟု သူက ဆိုသည်။
လက်ပံတောင်းတောင် အစီရင်ခံစာ မထုတ်ပြန်မီ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ခြင်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဝရမ်း အထုတ်ခံရခြင်း ဖြစ်ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကြောင့် လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ သို့သော် ရှေ့ပိုင်းတွင် ခွင့်ပြုချက်မဲ့ ဆန္ဒ ထုတ်ဖော်ခဲ့မှုများကို နောက်ကြောင်းပြန် အရေးယူခြင်း ဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။
“ခွင့်ပြုချက်မရလို့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိစ္စကို အခုလို အရေးယူတာဟာ အာဏာပိုင်တွေအနေနဲ့ ကတိမတည်တာပဲ။ နောက်ကြောင်းပြန် တရားစွဲကြေးဆိုရင် ပြည့်သူ့ မြေယာတွေကို မတရားသိမ်းခဲ့တာတွေ၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခဲ့တာတွေကို အရေး မယူတော့ ဘူးလား။ ကျနော်တို့ ကွန်ရက်ဝင် ၃ ယောက်ကိုဆိုရင် ခဏစစ်ဆေးဖို့ဆိုပြီး ခေါ်သွား ပြီးတော့ ချက်ချင်း အထဲကို ဖမ်းထည့်လိုက်တယ်။ အခု ကျနော်တို့ကို တရားရုံးက စာထုတ်မခေါ်ဘဲနဲ့ လမ်းဆုံလမ်းခွ တွေမှာ အလိုရှိသည်ဆိုပြီး စာရွက် လိုက်ကပ်တယ်။ နောက်ဆုံးကြားတာက ကျနော်နေတဲ့ ရွာထဲကို ညဘက် အင်အားသုံး ဝင်ဖမ်းမယ်လို့ ပြောနေကြတယ်” ဟု သူက ဆိုသည်။
နိုင်ငံ အသွင်ကူးပြောင်းနေစဉ် ကာလတွင် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရာ၌ အစိုးရအနေဖြင့် သဘောထား ကြီးသော နည်းလမ်းကို အသုံးပြုသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချိုက ပြောသည်။
“ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထိန်းသိမ်း ထောင်ချတာတွေဟာ မဆုံးနိုင်တဲ့ သံသယတွေ ဖြစ်နေမှာ ဖြစ်သလို နိုင်ငံသား အချင်းချင်း ပြန်လည် ပူးပေါင်းဆောင်ရွက်ဖို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပါ ထိခိုက်နိုင်တယ်။ အခုလို ဖမ်းဆီးထိန်းသိမ်းထောင်ချနေတာတွေကို ပြန်သုံးသပ်ပေးဖို့ လိုပြီ” ဟု သူက ဆိုသည်။