မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေဘေးသင့်ဒေသများသို့ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အောက်ခြေတွင် အစိုးရ အကူအညီမှာ လုံးဝထိရောက်မှုမရှိဘဲ လူသေဆုံးမှုများပါ ရှိလာကြောင်း စုံစမ်းသိရသည်။
ရေလွှမ်းမိုးမှု အများဆုံးခံရသော ကရင်ပြည်နယ်တွင် ရေနစ်မြုပ်ခံရသော မြို့နယ် မြို့နယ်ခွဲ အုပ်စုပေါင်း ၁၂ ခုရှိရာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်တင်ထားကြောင်း၊ လူသေဆုံးမှုမှာ ကျွဲ နွားပျောက်ရှာမှ သေဆုံးခြင်း၊ ကော့ကရိတ်မြို့တွင် ကလေးအချို့ရေကစားရာမှ သေဆုံးခြင်းများ ရှိနေကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန ကယ်ဆယ်ရေးဋ္ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဧရာဝတီသို့ ပြောသည်။
” အခု ဒုသမ္မတကိုယ်တိုင် ဘားအံကနေ မြဝတီကို ဆင်းဖို့လုပ်နေပြီ။ ကရင်ပြည်နယ်ကိုတော့ နိုင်ငံတော်အဆင့် ကူဖို့ သတ်မှတ်ထားတယ်။ ဝန်ကြီးရော ကျနော်တို့ ဌာနက ညွှန်ချုပ်တွေပါ လိုက်သွားရတယ်။ ရေဘေးမှာ လူသေဆုံးတာတွေ ရှိပေမယ့် အတည်ပြုနေဆဲပါ ”ဟု သူကဆိုသည်။
နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေး ကူညီစောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ ၂ ဦးဉာဏ်ထွန်းကိုယ်တိုင် ကရင်ပြည်နယ် ဘားအံမြို့မှနေ၍ ဦးစီကွပ်ကဲလျက်ရှိပြီး ကရင်ပြည်နယ် အစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူပေါင်းကွပ်ကဲလျက်ရှိသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း ရေးဘေးသင့်ရာဒေသမှ ပြည်သူများမှာ ဒေသခံ နိုင်ငံရေးပါတီတချို့နှင့် ဘာသာရေးနှင့် လူမှုရေး အဖွဲ့အစည်းများကို အားကိုးနေရကြောင်း ရေဘေးသင့်ဒေသဖြစ်သော မြဝတီ၊ ထားဝယ်နှင့်
ဘီးလင်းဒေသခံများက ဧရာဝတီသို့ ပြောသည်။
ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရကြောင်း၊ မြို့ခံ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံရေး လုပ်ငန်းများဆောင်ရွက်နေရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လူသေ အလောင်းတစ်လောင်းပေါ်လာပြီး သေဆုံးသူမှာ အသက် ၃၂ အရွယ် စိတ်မနံှ့သူ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးမင်းက ပြောသည်။
”ပြည်နယ်အစိုးရက လူကြီးဆန်တစ်ဗူး၊ လူငယ် ဆန်ဗူးဝက် ဝေတယ်။ အကျီအဝတ်အစား နည်းနည်းပါးပါး ပါပေမယ်လို့ လူစေ့ မရကြဘူး။ သူတို့အကူအညီက လုံး၀ မထိရောက်ဘူး။ ကျနော်တို့ကတော့ ဝိုင်းကူ တွန်းပေးနေတာပေါ့ ”ဟု သူက ဆိုသည်။
ရေကြီးမှု အများဆုံးခံရသော ပြည်နယ်မှာ ကရင်ပြည်နယ်ဖြစ်ပြီး မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း ရေကြီးမှုဒဏ် ခံစားခဲ့ရကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် ကရင်ပြည်နယ်ကို ပစ်မှတ်ထား လုပ်ဆောင်နေပြီး ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများက တာဝန်ယူလုပ်ဆောင်နေကြောင်း အစိုးရက ထုတ်ပြန်သည်။
“တကယ်ထိတာကတော့ ကရင်ပြည်နယ်ပဲ ရှိတယ်။ ၂၈ ရက်နေ့လောက်က စပြီးတော့ မိုးသည်းထန်စွာ ရွာတယ်။ သောင်းရင်းမြစ်က မြစ်ကျဉ်းဆိုတော့ ရေစီးသန်ပြီး ရေက ထိုးတက်လာတယ်။ မိုးကလည်း အဆက်မပြတ်ရွာတဲ့ အချိန်မှာ ကျနော်တို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မှာ ရှိတဲ့ ဟိုင်ပိုင်ဆည်က ရေဖောက်ချလိုက်တော့ ရေက နှစ်ဆဖြစ်သွားတာပေါ့”ဟု နေပြည်တော် ကယ်ဆယ်ရေးဌာနခွဲမှ အရာရှိ ဦးအောင်ကျော်က ရှင်းပြသည်။
ရေကြီးမှုမှာ ဇူလှိုင်လ ၂၈ ရက်နေ့ ညပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၉ ရက်နေ့သည် အဆိုးဝါးဆုံး အခြေအနေဖြစ်ကြောင်း၊ နောက်ရက်ပိုင်းတွင် ရေအနည်းအငယ် ပြန်ကျခဲ့သော်လည်း မိုးပြန်ရွာသောကြောင့် ရေပြန်တက်လာကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
“အခုအချိန်ထိ ကယ်ဆယ်ရေး လုပ်နေရတုန်း။ လူဦးရေ ၂၀၀၀ ကျော်ကတော့ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိတယ်။ အိမ်တွေမှာရော ဆိုရင် ၄၀၀၀ လောက်ရှိတယ်။ အားလုံးနီးပါး ရေနစ်မြုပ်မှုကို ခံစားရတာပေါ့။ အခု ကျနော်ရောက်နေတဲ့ ရွာမှာဆို အိမ် ၆ လုံးလောက်ကို ရေထဲကို မျောပါသွားတယ်။ ခေါက်ဆွဲခြောက်တို့ အိုးခွက်ပန်းကန်တွေ ကိုယ့်ဘာသာကိုယ် လိုက်ဝေနေတယ်။ အဓိက ကတော့ ထမင်းထုတ်ဝေရတာပေါ့”ဟု ဘီးလင်းဒေသခံက ပြောသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းချောင်းရေ တက်လာသောကြောင့် ကျေးရွာပေါင်း ၅၅ ရွာရှိရာ ရွာပေါင်း ၂၀ ခန့်မှာ ရေနစ်မြုပ်မှုဒဏ်ကို ခံစားနေရကြောင်း၊ ဘီးလင်းမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် လူနှစ်ထောင်ခန့်မှာ အကူအညီများ လိုအပ်လျက် ရှိကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောသည်။
ထားဝယ်မြို့နှင့် ၅၂ မိုင်အကွာတွင် တံတားငယ်တစ်စီး ရေလွှမ်းမိုးမှုကြောင့် ပျက်ဆီးသွားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ ၂ ရက်တိတိ ပြတ်တောက်ခဲ့ရကြောင်း၊ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ကားလမ်းပျက်စီးမှု အနည်းဆုံး ၆ နေရာခန့်ရှိကြောင်း ရန်ကုန်-ထားဝယ်-မြိတ် ပြေးဆွဲသော ရွှေဝယ်ရတနာကားလိုင်း တာဝန်ခံ ဦးသန်းစိုးက ပြောသည်။
”ကားက မနေ့ကအထိ ကလိန်အောင်မှာ နှစ်ည အိပ်လိုက်ရတယ်။ ဒီနေ့တော့ ထွက်လာပြီ။ အစိုးရက လမ်းပြင်တာကတော့ ပျက်မှ ပြင်ပေးတာမျိုးပဲ ရှိတယ်။ ကြိုတင်ကာကွယ်ပေးတာတော့ မရှိဘူး။ အခုတော့ လမ်းအထူး အဖွဲ့ ၁၆ က ဝင်ကူပေးတယ်” ဟု သူက ဆိုသည်။
အစိုးရက ရေဘေးသင့် ဒုက္ခသည်များကို တိုက်ရိုက်ကူညီပေးခြင်း မရှိသော်လည်း စေတနာရှင်များက ကုညီပေးသော ထောက်ပံပစ္စည်းများ လိုက်လံပို့ဆောင်ရာတွင် အကူအညီ ပေးနေကြောင်း၊ ရေကျသွားသော်လည်း သွားလာရေး အဆင်မပြေသေးကြောင်း ကလိန်အောင်မြို့နယ်ခွဲမှ ကိုမိုးကျော်က ပြောသည်။
”အစိုးရက တိုက်ရိုက်မကူပေမဲ့ စေတနာရှင်တွေ လှူတာတွေ လိုက်ဝေပေးတဲ့အခါမှာတော့ ကူညီပေးတယ်။ ကျနော်တို့ကလည်း ဒီမှာ ရေဘေးကယ်ဆယ်ရေး အဖွဲ့ လုပ်ထားတယ်”ဟု သူကဆိုသည်။
” အစိုးရ အကူအညီကတော့ ဘာမှမကြားဘူးရှင့်။ ဒီလိုပါပဲ ကိုယ့်ဟာကို လုပ်နေကြပါ။ တချို့က အိမ်မှာပဲ ရအောင်ကပ်နေကြတယ်။ တချို့ကတော့ သူများအိမ်မှာ သွားပေါင်းနေကြတယ်”ဟု ကလိန်အောင်မြို့နယ်ခွဲမှ ဒေသခံ အမျိုးသမီးကလည်း ပြောသည်။
မိုးလေဝသ သတင်းများကို ပြည်သူများအနေဖြင့် ဂရုစိုက်နားထောင့်သင့်ပြီး မိုးများမည်ဟု မိုးဇလမှ ကြေညာပါက မြစ်နားကမ်းနားတွင် မအိပ်သင့်ဘဲ ဝေးရာ ကုန်းတွင်းပိုင်း နေရာတစ်ခုခုသို့ ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း ဇလဗေဒနှင့် မိုးလေဝသညွှန်ကြားမှု ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဧရာဝတီသို့ ပြောသည်။