ရန်ကုန်မြို့လယ်ခေါင်ရှိ သက်တမ်း နှစ်တရာကျော် ရှိနေပြီဖြစ်သော ကိုလိုနီခေတ် အဆောက် အအုံနှစ်ခုဖြစ်သည့် ယခင် ဗဟိုတရားရုံးချုပ်(ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ဆန့်ကျင်သည့် အနေဖြင့် ရှေ့နေ့များကွန်ရက်က ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အဆောက်အအုံနှစ်ခုသည် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော အဆောက်အအုံများဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဆောက်အဦးများ စာရင်းတွင်ပါဝင်နေကာ ထိန်းသိမ်းသင့်သော အဆောက်အအုံများဖြစ်ကြောင်း၊ ယင်းအဆောက်အအုံနှစ်ခုကို စားသောက်ဆိုင်၊ ဟိုတယ်နှင့် ပန်းဥယျာဉ်အဖြစ် ပြောင်းလဲလုပ်ကိုင်မည့် ပုဂလိကလုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးမည့်အပေါ် ရှေ့နေများကွန်ရက်အနေနှင့် လက်မခံနိုင်ကြောင်း ရှေ့နေများကွန်ရက်မှ ဦးကိုနီက ပြောသည်။
“ဧပြီလ မတိုင်ခင်ကစပြီး ရန်ကုန်တိုင်း စုပေါင်းတရားရုံးကို ဖယ်ခိုင်းတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်(ယခင်ဗဟိုတရားရုံးချုပ်) ကိုကျတော့ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်တွေကိုတော့ ဒီအတိုင်းဆက်ထားပြီးတော့ တတိယထပ်မှာ ပြတိုက်၊ အဆောက်အအုံပြင်ပမှာတော့စားသောက်ဆိုင်နဲ့ ပန်းဥယျာဉ်လုပ်ဖို့ပြင်တယ် ။ဒါကြောင့် ဒီလ ၁၇ ရက်နေ့မှာ ဆန္ဒပြမယ်။လျှောက်လွှာကို လာမယ့်ရက်ပိုင်းအတွင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ.မှူးရုံးမှာသွားတင်မယ်” ဟုရှေ့နေဦကိုနီက ဧရာဝတီသို့ ရှင်းပြသည်။
သမိုင်းဝင် ကိုလိုနီခေတ် အဆောက်အအုံနှစ်ခုကို ပုဂ္ဂလိကသို့ မလွှဲပြောင်းဘဲ အမျိုးသား ယာဉ်ကျေးမှု အမွေအနှစ် အဖြစ်ထိန်းသိမ်းပေးရန် ရှေ့နေများကွန်ရက်က သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ သုံးကြိမ်တိတိ ကန့်ကွက်စာ တင်သော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိသောကြောင့်ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
၁၉၉၈ခုနှစ်တွင် ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုဒေသများနှင့် အဆောက်အအုံများ ကာကွယ်ရေး ဥပဒေများကို စစ်အစိုးရက ပြဌာန်းပြီးနောက် ဗဟိုတရားရုံးချုပ်နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုစလုံးသည် ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု အဆောက်အအုံစာရင်း ပါဝင်လာကြောင်း၊ ထိုအဆောက်အအုံများကို တရားရုံးများအဖြစ် ယခုနှစ် ဧပြီလမတိုင်ခင်အထိ အသုံးပြုခဲ့ရာမှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ပုဂလိကသို့ ငှားရမ်းအသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ရှေ့နေများကွန်ရက်၏ ဆန္ဒပြပွဲအတွက် လူဦးရေ ၁၀၀ သာ ဆန္ဒပြမည်ဟု စီစဉ်ထားသော်လည်း ဆန္ဒပြသည့်နေ့တွင် လူဦးရေ ပိုများလာနိုင်ခြေရှိခြင်း အပါအဝင် ဆန္ဒပြပွဲ စီစဉ်ရန် အသေးစိတ်အ ချက်အလက်များကို ညှိုနှိုင်းတိုင်ပင်နေဆဲဟု သိရှိရသည်။ သက်ဆိုင်ရာများက ဆန္ဒပြခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဦးကိုနီက ပြောသည်။
“ဆန္ဒပြဖို့ အတွက် ခွင့်ပြုချက်ရမယ်လို့ပဲ မှန်းထားပါတယ်။ ဘာလို့လဲဆိုတော့ အခုလိုဆန္ဒပြရတဲ့ အကြောင်းအရင်းက အမျိုးသား အမွေအနှစ် ပစ္စည်းကို ကာကွယ်ဖို့ဖြစ်တယ်။ဒီလိုဆန္ဒပြလိုက်လို့ ဘယ်သူမှ မထိခိုက်သွားနိုင်ဘူး။ ဆူပူအုံကြွမှုလည်း ဖြစ်လာနိုင်စရာ မရှိဘူး။နောက်ပြီးတော့ အန်ကယ်တို့က ရှေ့နေတွေဖြစ်တဲ့ အတွက် စည်းကမ်းတကျနဲ့ ဥပဒေဘောင်အတွင်းကနေ လုပ်မှာဖြစ်တယ်။ ဒါကြောင့်ခွင့်ပြုချက် ရကိုရရမယ်လို့ မှန်းထားတယ်”ဟု ဦးကိုနီ ကဆိုသည်။
ဆန္ဒပြခွင့် ငြင်းပယ်ခံရလျှင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး လွှတ်တော်အမတ်များမှတဆင့် လွှတ်တော်သို့ တင်ပြပြီး ဗဟိုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရထံသို့ မေးခွန်းများ တင်ပြမေးမြန်းသွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရှိရသည်။
“ဒီလို သမိုင်းဝင် အမွေအနှစ် ပစ္စည်းတွေကို ဟိုတယ်လုပ်ဖို့ပုဂ္ဂလိကကို လွှဲပြောင်းပေးဟာ တရားဥပဒေနဲ့ ညီလား မညီလားဆိုတာ စဉ်းစားစရာ ရှိတယ်။ ဒီလို ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ဒီအတိုင်းထားရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဟိုတယ်လုပ်ငန်း လုပ်ပြီဆိုတာနဲ့ ပုံသဏ္ဍာန်က ပြောင်းသွားရတော့မယ်။ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းက ပုံသဏ္ဍာန် ပြောင်းလို့မရဘူး။ အဲဒါတွေက ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ဒါတွေကိုတားမြစ်ပေးဖို့ အတွက် နည်းလမ်းတွေ အများကြီးကို တိုင်ပင်ပြီး လုပ်ရမှာပေါ့”ဟု ဦးကိုနီကဆိုသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသော အဆောက်အအုံအား ပြောင်းလဲမှု တစုံတရာပြုလုပ်လျှင် ထောင်ဒဏ်ငါးနှစ်ကျခံရမည်ဟု ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။