ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် အင်း၀ ရှေးဟောင်းနယ်မြေမှ ရှေးဟောင်းသမိုင်းဝင် အင်းဝခေတ် စေတီပုထိုးများနှင့် အဆောက်အအုံ ၂၀ ခန့် စစ်ကိုင်းတိုင်း ရွှေဘိုငလျင်ကြောင့် ထိခိုက် ပျက်စီးကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း တံတားဦး-အင်းဝနယ်မြေရှိ အင်းဝနှင့် ကုန်းဘောင်ခေတ်ဦးပိုင်း ကတည်းက တည်ရှိခဲ့သည့် မဟာမင်္ဂလာစေတီ၊ မဟာဆေးဗိုလ်စေတီ၊ ဒေါ်ဂျမ်းဘုရားစု၊ ခဲတင်စေတီ၊ ရွှေပေါက်တောစေတီ၊ လေးထပ်ကြီးစေတီ၊ စန္ဒမုနိစေတီ၊ တောင်တွင်းကြီးစေတီ၊ ဂူတော်သစ်ဘုရား၊ ထီးလှိုင်ရှင်စေတီ၊ ရွှေစေတီဘုန်းမော်၊ ရွှေရင်းနှဲစေတီ၊ လောကမာန်အောင်စေတီ၊ ရွှေမုေဋ္ဌာစေတီတို့ အက်ကွဲခြင်း၊ စိန်ဖူးတော်များ မြေခခြင်းများ ဖြစ်ပွားခဲ့သည်။
အလားတူ နိုင်ငံခြားသားများ လာရောက်လည်ပတ်သည့် မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း စသည့် ရှေးဟောင်း ဘုန်းတော်ကြီ ကျောင်းများမှာလည်း ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။
အင်းဝမြို့ခံ ကိုသန့်စင်က “နိုင်ငံခြားသား အများဆုံး လာရောက်လေ့လာတဲ့ အင်းဝခေတ် လက်ရာတွေ ပျက်စီးသွားတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ ဆိုရမှာပါ” ဟု ပြောသည်။
အလားတူ စစ်ကိုင်းမြို့ရှိ ထူပါရုံစေတီ၊ ဆင်များရှင်၊ သာလွန်မင်းတရားကြီး တည်ထားသည့် ကောင်းမှုတော်ဘုရားများမှာ ထီးတော်စောင်းသွားခြင်း၊ ကွဲအက်သွားခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မင်းကွန်းဘက်ကမ်းရှိ ထုထည်ကြီးမားသည့် ပုထိုးတော်ကြီးမှာ အရှေ့ဘက်ခြမ်းတွင် ပြိုကျမှုရှိခဲ့ပြီး မင်းကွန်း ခေါင်းလောင်းကြီး မှာလည်း မြောက်ဘက်သို့ အနည်းငယ်ရွေ့လျား သွားသည်ဟု သိရ။
ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၏ အပျက်အစီးစာရင်းကို စုဆောင်းဆဲ ဖြစ်သည့်အတွက် အရေအတွက် အတိအကျမသိရသေးကြောင်း ပြောသည်။
ပြီးခဲ့သည့် စနေနေ့က မန္တလေးတိုင်း သပိတ်ကျဉ်းမြို့အနီး ဗဟိုပြုကာ ပြင်းအား ၆ ဒဿမ ၈အဆင့်နှင့် ပြင်းအား ၅ ဒဿမ ၀ အဆင့်ရှိ ငလျင်များလှုပ်ခတ်သွားခဲ့ရာ နောက်ဆုံးရရှိသော အစိုးရက အတည်ပြုသည့် စာရင်းအရ ၁၆ ဦး သေဆုံးကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းသွားသည့် ကီလိုမီတာ ၁၀၀၀ခန့် ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ငလျင် အကြီးအကျယ် လှုပ်ခတ်ဖူးရာ ၁၉၇၅ ခုနှစ်ကလည်း ပုဂံငလျင်ကြောင့် ပုဂံရှေးဟောင်းနယ်မြေမှ ဘုရားပုထိုးများ ပြိုကျပျက်စီး ခဲ့ရသည်။