မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူမှာ အစစ် အမှန်ဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း တူးဖော်ရာတွင်တွေ့ရှိရသည့် အထောက်အထားများကို ကိုးကား၍ ထိုင်းသမိုင်း ပညာရှင်များက ပြောဆိုသည်။
အုတ်ဂူကို တူးဖော်စစ်ဆေးရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင်အတွင်းမှ အရိုးများထည့်ထားသည့် မှန်စီရွှေချ သပိတ် တလုံး နှင့် ပန်းချီရေးဆွဲထားသည့် မှန်ချပ်များတွေ့ရခြင်း၊ ထိုင်း ရာဇအနွယ်ဝင်များ၏ ထုံးတမ်းဓလေ့နှင့်အညီ မြှုပ်နှံထားခြင်းများကို တွေ့ရသည့်အတွက် မှန်ကန်သည်ဟု ယူဆခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ သမိုင်းနှင့် ရှေးဟောင်းသုတေသနအဖွဲ့ ဒုတိယခေါင်းဆောင် မစ္စတာ မစ်ကီဟတ်က“အရိုးတွေသပိတ်ထဲမှာ ထည့်ထား တယ် ဆိုကတည်းက ဘုန်းကြီးဝတ်နဲ့ ပျံလွန်တော်မူသွားတဲ့ မင်းကြီး ဥတွန်ပုံ ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသွားပြီ”ဟု ဧရာဝတီ ကို ပြောသည်။
အဆိုပါ မှန်စီရွှေချ မြေသပိတ်သည် အကျယ် ၈ . ၅ လက်မ၊ အမြင့် ၅ . ၅ လက်မရှိပြီး နှုတ်ခမ်းနားတွင် ရွှေချထားကြောင်း၊ သပိတ် အဖုံး လက်ကိုင်မှာ ကြာဖူးပုံသဏ္ဍာန် ပြုလုပ်ထားပြီး သို့သော် ကျောက်စာ ကမ္ပည်းဖြင့် မှတ်တမ်းတင် ရေးထိုးထားခြင်းမရှိဟု သိရ သည်။
ဤအုတ်ဂူသည် ကျောက်ဘွားဒေါက်မဒူူဝါး ဘွဲ့ခံ ထိုင်းဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံ ၏ အုတ်ဂူ အစစ်အမှန်ဖြစ်ကြောင်း မကြာ မီ ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း မစ္စတာ မစ်ကီဟတ်က ပြောသည်။
ယင်းအရိုးများထည့်ထားသည့် မှန်စီရွှေချ မြေသပိတ်ကို မန္တလေးမြို့တော်ဝန်ထံ ယာယီအပ်နှံထားကြောင်း၊ အနီးအနားရှိ တခြား သော ထိုင်းအနွယ်များ၏ အုတ်ဂူများကိုလည်း ဆက်လက်တူးဖော်နိုင်ရန် မြန်မာအစိုးရထံတွင် ထပ်မံခွင့်တောင်းထားကြောင်း၊ ထို့အပြင် အုတ်ဂူအား ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ အစိုးရညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဘုရင်အုတ်ဂူနှင့် ပတ်သက်ပြီး ထိုင်းသမိုင်းပညာရှင်များအကြား တူးဖော်သင့် မသင့် အချိန်ကြာမြင့်စွာ အငြင်းပွားနေရာ ပြီး ခဲ့သည့် နှစ် ဇူလိုင်လအတွင်းက ယင်းအုတ်ဂူရှိသည့် လင်းဇင်းကုန်း သုသာန်ကို ဖျက်သိမ်းရန် ဒေသအာဏာပိုင်များက စီစဉ်နေကြောင်း ဧရာဝတီသတင်းဌာနမှ ဖော်ပြလိုက်ပြီးနောက် ဘန်ကောက်အခြေစိုက် ထိုင်းအသိပညာ ပြန့်ပွားရေး အသင်း (Siam Society)မှ အစည်းအဝေးခေါ်ယူပြီး တူးဖော်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးညိုမြင့်ထွန်းကလည်း ထိုင်းဘုရင်ဟောင်း၏ ဂူဖြစ်သည့် ဤအထိမ်းအမှတ် စေတီ ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဆက်လက်ထားရှိမည်ဆိုလျှင် ရှေးဟောင်းသုတေသနဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဟု ဆိုသည်။
ယခုအခါ အဆိုပါ အုတ်ဂူတည်ရှိရာ လင်းဇင်းကုန်း သုသာန်သည် မန္တလေးမြို့ပြဖွံဖြိုးမှု စီမံကိန်း အကောင်အထည်ဖော်မည့် ဧရိယာ အတွင်း၌ ပါဝင်နေသည့်အတွက် ဖျက်သိမ်းရန် မန္တလေး စည်ပင်သာယာရေးက လုပ်ဆောင်လျက်ရှိသည်။
မန္တလေး စည်ပင်သာယာ သန့်ရှင်းရေးဌာနမှ ဗိုလ်မှူး နေဝင်းမြင့်က“ကျနော်တို့အနေနဲ့ အစိုးရတို့၊ လွှတ်တော်တို့ကို တင်ပြမယ်၊ ထိန်းသိမ်းဆိုရင် ထိန်းသိမ်းပေးမယ်၊ တောင်လေးလုံး ကျောင်းထဲမှာ ထားမယ်ဆိုလည်း ရတယ်”ဟု ဆိုသည်။
တောင်သမန်အင်းစောင်း၌ အများပြည်သူ အပန်းဖြေနိုင်ရေး အတွက် မန္တလေးတိုင်း စည်ပင်သာယာရေးမှ ဆောင်ရွက်နေရာ သက်တမ်းရင့် မယ်ဇယ်ပင်ကြီးများကို ကျောက်စီနံရံများ ကာရံ ထိန်းသိမ်းခြင်း၊ အမှိုက်ပုံများ ရှင်းလင်းခြင်း နှင့် လင်းဇင်းကုန်း သာန်ကိုလည်း ပြောင်းရွှေ့ခြင်းများ ပြုလုပ်လျက်ရှိသည်။
တောင်သမန်အင်းစောင်းရှိ ကမ္ဘာကျော် ဦးပိန်တံတား အနီး ဤ ထိုင်းဘုရင့် အုတ်ဂူကို နှစ်စဉ်နှစ်တိုင်း ထိုင်းလူမျိုးများ လာရောက် ပူဇော်လေ့ရှိသည့်အတွက် မန္တလေး ဒေသအာဏာပိုင်များ အနေဖြင့် ပြုပြင်ထိန်းသိမ်းလိုက်မည်ဆိုပါက ကမ္ဘာလှည့်ခရီးသွား လုပ် ငန်းကို အထောက်အကူပြုမည် ဖြစ်ကြောင်း လေ့လာသူများနှင့် ပညာရှင်များက ပြောဆိုကြသည်။