၁၉၄၉ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားရန် အဘက်ဘက်မှ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ် ပုံမှန် အစည်းအဝေးတွင် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိမရှိကို ဒေါ်စန္ဒာမင်းက မေးမြန်းရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ဖြေခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောခြင်း ဖြစ်သည်။
“ဒီမေးခွန်းကို ဒီလိုဖြေမယ်ဆိုတာ တွက်ထားပြီးသား။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး စတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ ဒါတွေကို မသိချင်ယောင် ဆောင်ပြီး မပြင်ဖို့ ကြိုးစားနေတာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁ နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက် မည်မျှရှိသည် ဆိုသည့် မေးခွန်း၊ နိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာကြောင့် ပြည့်တန်ဆာ အမှု များလာခြင်းဖြစ်ကာ ၎င်းတို့ကို ဖမ်းဆီး ပြစ်ဒဏ်ပေးရုံဖြင့် ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်ကို ဟန့်တားနိုင်မည်လား ဆိုသည့် မေးခွန်း၊ အဆိုပါ ဥပဒေအရ အရေးယူခံရသည့် အမျိုးသမီးများသည် အကျဉ်းထောင်တွင် HIV/ AIDS ပပျောက်ရေး အတွက်လည်းကောင်း၊ ဘဝသစ် ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း ထောင်က လွတ်လာသည့်အခါ မည်ကဲ့သို့ ကူညီထားကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းကို ပြန်လည် မရောက်ရှိရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိကြောင်း အစရှိသည့် မေးခွန်းများကိုလည်း ဒေါ်စန္ဒာမင်းက ယနေ့ လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ပြည့်တန်ဆာ ဖမ်းဆီး အရေးယူမှု အရေအတွက်သည် ယခုအစိုးရ လက်ထက် ၂၀၁၁ ခုနှစ်တွင် ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၆၄၀ မှုတို့ အရေးယူခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းသည် စီးပွားရေး၊ လူမှုရေး အကြောင်းများနှင့် ဆက်စပ် နေသည့်အတွက် ပြည့်တန်ဆာ ပပျောက်ရေးသည် မျှော်လင့်ရန် မရသည့် ကိစ္စဖြစ်သော်လည်း အတိုင်းအတာ တရပ်အထိ ဟန့်တားနိုင်မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ဖြေကြားခဲ့သည်။
“ဆင်းရဲမွဲတေမှု၊ အလုပ်ရှားပါးမှုက ပြည့်တန်ဆာ တိုးစေတာလို့ ဆိုနိုင်ပေမယ့် ကိုယ်ကျင့်တရား အပေါ် တန်ဖိုးထားမှု စံနှုန်းလျော့ပါးခြင်း၊ ပြောင်းလဲလာတဲ့ ခေတ်အရ လူမှု ဆက်ဆံရေးအခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်းစတဲ့ တခြားအကြောင်းလည်း ရှိနေတာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်နိုင်တဲ့ အခြေအနေမှာပင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက်လိုစိတ်မရှိဘဲ လွယ်လွယ်နဲ့ ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ရွေးချယ် ကြသူများလည်း ရှိကြောင်း တွေ့ရှိရပါတယ်” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။
ပြည့်တန်ဆာ နှိပ်ကွတ်ရေး အက်ဥပဒေအရ ဖမ်းဆီး အရေးယူခံရသည့် အမျိုးသမီးများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ ပြည့်တန်ဆာလုပ်ငန်း ပြန်လည် မလုပ်စေရန် စာအုပ်များ ဖတ်စေခြင်း၊ အသိပညာပေးခြင်း၊ ဇာထိုး ပန်းထိုးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မျက်တောင်အတု လုပ်ငန်း၊ ဆံကေသာ အလှပြုပြင် သင်တန်း၊ မျက်နှာအလှပြင် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာသင်တန်း၊ အ သုံးလုံး သင်တန်း စသည့် သင်တန်းများ ပေးနေကြောင်း သိရသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ဖမ်းဆီးခံရသည့် ၁၈ နှစ်အောက် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးပြီး လူမှု အသိုင်းအဝိုင်းအတွင်း ပြန်ဝင်ဆံ့နိုင်ရန် မိမိဘဝ ရပ်တည်နေထိုင်ရေး၊ ဆေးဝါးကုသမှု ခံယူရစေရန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေရန်နှင့် သင်တန်းကာလအတွင်း ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ လည်းကောင်း၊ မန္တလေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း ရဲချုပ် ကျော်ကျော်ထွန်းက ပြောသွားသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ် ကာလတွင် လိုက်နာ ကျင့်သုံးလျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“သူတို့တတွေ အခုအချိန်မှာ ဒီဥပဒေကို မပြင်ပေမယ့်လည်း တနေ့နေ့ တချိန်ချိန်မှာတော့ ဒီ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟာ ပြင်ဖို့ လိုနေပြီ ဆိုတာကို သိလာမှာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။
ယနေ့ ဒေါ်စန္ဒာမင်း တင်သွင်းသည့် အဆိုပြုချက်ကဲ့သို့ပင် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ဖူးသည်။