ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက တရားဝင်ထုတ်ပြန် ပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး လုပ်ဆောင်ရန် အရေးကြီး အဆိုတရပ် တင်သွင်းလာချိန်တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
“ရခိုင်ပြည်နယ် အရေးကိစ္စကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်မှာ
အရေးတကြီး အဆိုတင်တယ်။ ဒီအပေါ်မှာ ပြည်ထဲရေးဝန်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အတိုင်း ဆောင်ရွက် မယ်လို့ပြောတယ်။ ဆိုလိုတာက အခန်း (၁၁) ဆိုတာ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်ပါ။ တည်ငြိမ်မှု မရှိတဲ့ ပြည်နယ်/ တိုင်းဒေသ ကြီးတွေမှာ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတနဲ့ အမျိုးသား လုံခြုံရေး ကောင်စီက တိုက်ရိုက်ကွပ်ကဲပြီး စစ်အုပ်ချုပ်ရေး ကြေညာလို့ ရတဲ့ ပြဋ္ဌာန်းချက်မျိုးပါ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁ ပုဒ်မ ၄၁၃ (က) (ခ) တွင် အရေးပေါ် အခြေအနေ ကြေညာသည့် နေရာအတွင်း မူလ အခြေအနေ ပြန်လည် ရောက်ရှိစေရန် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ယင်း အဖွဲ့အစည်းဝင်များ၊ နယ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများသည် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်ရာတွင် တပ်မတော် အကူအညီယူကာ ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်ပါက နိုင်ငံတော် သမ္မတသည် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက လက်ရှိတွင် ရခိုင်ပြည်နယ်ကိစ္စကို နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေးဝန်ကြီး ဌာန စစ်ဆင်ရေး အထူးအဖွဲမှူး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းတို့ ဦးစီး ကွပ်ကဲနေပြီး လုံခြုံရေး တိုးမြှင့် သွားမည် ဖြစ်ကြောင်း၊ အခြေအနေ ထပ်မံဆိုးရွားလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားရန် ရှိသည့်အပြင် ဥပဒေများအတိုင်း ဖမ်းဆီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကလည်း လုံခြုံရေး အင်အားတိုးဖို့၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူပေးဖို့ တက်တက်ကြွကြွ ထောက်ခံ ဆွေးနွေးကြတယ်။ ရခိုင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ဖို့ ဆွေးနွေးကြပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်အမတ် သူရ ဦးအောင်ကိုကလည်း ရခိုင်ပြည်နယ်တွင် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး ကဏ္ဍ အားကောင်းရေး လုပ်ဆောင်ရန် တိုက်တွန်း ပြောဆိုသွားကြောင်း သိရသည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရန် အရေး အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ဝင် တိုင်းရင်းသား စည်းလုံးညွတ်ရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဉာဏ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။