ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။
ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအ ထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။
စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသား များဘက်မှ မြို့မိမြို့ဖ ၁၆ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂါလီများဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များတွင် ဘင်္ဂါလီဒုက္ခသည် အရေ အတွက် များသောကြောင့် နိုင်ငံတကာ အကူအညီများသည် ဘင်္ဂါလီများဘက်သို့ ပိုမိုရောက်ရှိသွားသည်ကို ဝန်ခံကြောင်း၊ ထို့အတွက် ရခိုင်လူထုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အာရှော့ နီဂမ်က ပြောသည်။
မစ္စတာ ကင်တားနား၏ ခရီးစဉ်သည် ယခင်လာရောက်ခဲ့ခြင်းနှင့် မတူဘဲ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အပါအဝင် ရခိုင်လူထုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများကို မသုံးဘဲ ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်း ကိုသာ သုံးစွဲ ပြောဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင်စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။
ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ သမိုင်းတွင် မရှိသော ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား ဖြစ်စေရန် နိုင်ငံတကာဖိအားဖြင့် တောင်းဆိုနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီ ဘင်္ဂါလီတွေဟာ တဘက်က ခိုးဝင်လာတာမဟုတ်ဘူးလို့ ပြောနေတယ်။ ဒီဆယ်စုနှစ် ၂ ခုအတွင်းမှာ လူဦးရေ ၂ သိန်း ကနေပြီး ၁၀ သိန်းဖြစ်သွားတယ်။ သာမန် လူသားတယောက်ရဲ့မွေးဖွားနှုန်းနဲ့ ဘယ်လို့မှ လက်ခံနိုင်စရာမရှိဘူး။ ပုံမှန် မွေးနှုန်းထက် ပိုနေတဲ့အတွက် ဘယ်က လာတာလဲဆိုတာ စဉ်းစားမိပါသလားလို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေးသည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခလွန် ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ဘင်္ဂါလီများ ဘက်က လိုလားသော်လည်း ရခိုင်တိုင်းရင်းသားများက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှဘင်္ဂါလီတဦးဖြစ်သည့် ဦးမောင်ဖြူကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘဝကို ပြန်လည်တည်ဆောက် ချင်ကြောင်း ပြောသည်။
“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ဝါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် – ဘင်္ဂါလီ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။
စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။
ဧရာဝတီသတင်းထောက် စနေလင်းနှင့် ငြိမ်းချမ်း ပူးပေါင်းရေးသားသည်။