မြန်မာနိုင်ငံတွင် ကလေးစစ်သားများ အသုံးပြုနေခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာတွေကို ကျမ ဆယ်နှစ် ကျော်ကြာ လေ့လာစုဆောင်းခဲ့ပါသည်။ စစ်တပ်ထဲကို အတင်းခေါ်ယူသွားခြင်းခံခဲ့ရစဉ်က အသက် ၁၁ နှစ်မျှသာရှိသေးသည့် လူငယ်လေးတွေနှင့်လည်း တွေ့ဆုံမေးမြန်းမှုများ လုပ်ခဲ့သည်။ ကလေး အမြောက်အများကို စစ်သားအဖြစ် စနစ်တကျ စုဆောင်းခဲ့ကြောင်း သက်သေအထောက်အထားတွေ ရှိနေသော်လည်း အစပိုင်းတွင် မြန်မာ အစိုးရက ကလေးစစ်သား အသုံးပြုခြင်း လုံးဝမရှိပါဟု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါသည်။
ယခုတော့ မြန်မာအာဏာပိုင်တွေက ထိုပြဿနာကို အသိအမှတ်ပြုခဲ့ရုံမက တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ ကလေးစစ်သားများကို ယခုနှစ်မကုန်မီ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂနှင့် သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အသက်မပြည့်သေးသော စစ်သားလေးများကို တရားမဝင်ကုန်သွယ်မှုများ ရှိနေသေးကြောင်း ပြသသည့် အထောက်အထားတွေလည်း ရှိနေသေး၏။
မြန်မာဥပဒေတွင် အသက် ၁၈ နှစ်မပြည့်သေးသောကလေးငယ်များကို စစ်သားအဖြစ်စုဆောင်းခွင့်မရှိကြောင်း ရှင်းရှင်း လင်းလင်း ဖော်ပြထားသည်။ သို့သော်လည်း စုဆောင်းရေး တာဝန်ခံများ အနေနှင့်လည်း စစ်တပ်မှ ထွက်ခွာသွားကြသူများ အရေအတွက်ကို ကာမိရန်အတွက် လူအများအပြား စုဆောင်းရန် စစ်ဌာနချုပ်၏ ဖိအားပေးခြင်းခံနေကြရသည်။ ထို့ ကြောင့် ၎င်းတို့ တာဝန်ကျသည့် ခွဲတမ်းပြည့်မီရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ စာရွက်စာတမ်း အတုများ၊ တရားမဝင် ပြုလုပ်ထားသည့် မှတ်ပုံတင်ကဒ်ပြားများ ပြုလုပ်ကာ အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်သားအဖြစ် စုဆောင်းကြသည်။
အတင်းအဓမ္မ ခေါ်ယူမှုများလည်း မကြာခဏ ဆိုသလိုဖြစ်နေသည်။ ထိုစနစ် တွင်ကျယ်လာရခြင်း အကြောင်းမှာ အကြီးတန်းအရာရှိများ၏ ရှေ့တန်းတပ်ဖွဲ့များအား မပြောင်းလဲနိုင်သေးသည့် အဆီအလျော်မတည့် အမိန့်မူဝါဒကြောင့်ပင်။ ကလေးများကို စစ်တပ်သို့ အတင်းအဓမ္မခေါ်သွင်းခြင်းမပြုရန် သူတို့ ညွှန်ကြားကြသော်လည်း မိမိတပ်ဖွဲ့အင်အားကို များများထားရမည်ဟု သူတို့ပဲ အမိန့်ထုတ်ကြပြန်သည်။ တပ်ဖွဲ့ အများစုကလည်း များပြားသော စစ်သည်အင်အားကို ထိန်းသိမ်းထားရေးမှာ မလုပ်မနေလုပ်ရမည့် ကိစ္စဟု ထင်မှတ်ထားကြ၏။
ကျမ တွေ့ဆုံမေးမြန်းခဲ့သည့် စစ်သားငယ်များ၏ ပြောပြချက်အရဆိုလျှင် စစ်သားစုဆောင်းသူများသည် စုဆောင်းရေး တပ်သို့ တပ်သားသစ်တယောက်ပို့ပေးတိုင်း ငွေကြေး၊ ဆန်အိတ်နှင့် စားသုံးဆီများ ရရှိကြသည်ဟု သိရသည်။ တပ်သား သစ်တဦး စုဆောင်းပေးခ အဖြစ်ရရှိသည့် ငွေမှာ လက်ရှိငွေလဲနှုန်းနှင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ ၂၀ မှ ၅၀ အတွင်း ရရှိနိုင်သည်။ ထိုပမာဏသည် မြန်မာစစ်တပ်အတွင်းမှ တပ်သားတယောက် ရရှိသည့် ပုံမှန်လစာ၏ တဆခွဲ ဖြစ်သည်။ ၎င်းတို့အတွက် သတ်မှတ်ထားသည့်ခွဲတမ်း ပြည့်မီအောင်စုဆောင်း မပေးနိုင်သော တပ်ရင်းမှူးများမှာ ရာထူးမှ ချထားခြင်းကဲ့သို့သော နည်းများဖြင့် အရေးယူအပြစ်ပေးခံရသည်။ ထိုသို့ မက်လုံး၊ ခွဲတမ်းနှင့် ခွဲတမ်းမပြည့်မီသူများကို အပြစ်ပေးသည့် စနစ်များကြောင့် မြန်မာ့တပ်မတော်တွင် ကလေးငယ်များကို စစ်သားအဖြစ် စုဆောင်းသိမ်းသွင်းခြင်းသည် အစဉ်အလာတခုလို ဖြစ်ခဲ့ရပြီး ယနေ့ထက်တိုင်လည်း ရှိနေသေးသည်။
နယူးယော့ခ်မြို့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း၌ ကလေးစစ်သား အသုံးပြုမှုရပ်တန့်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ အတော်လေး ခရီးရောက်နေပြီဖြစ် သည်။ လွန်ခဲ့သောလအတွင်းက ထိုပြဿနာကို ဖြေရှင်းပေးမည်ဟု မြန်မာနိုင်ငံက လုံခြုံရေးကောင်စီကို အခိုင်အမာ ကတိပြုခဲ့ပြီး ဖြစ်သည်။ ယမန်နှစ် ဇွန်လအတွင်းက လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရဆိုလျှင် မြန်မာ နိုင်ငံသည် မိမိ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွင်းမှ ကလေးစစ်သားအားလုံးကို ၁၃၅ ရက်အတွင်း ဖော်ထုတ်မှတ်တမ်း တင်ပြီး ယခုနှစ် ဒီဇင်ဘာလမကုန်မီ ပြန်လွှတ်ပေးရမည် ဖြစ်သည်။
ထိပ်တန်း စစ်ဗိုလ်ချုပ်များက စကားလုံးကြီးကြီးတွေပြောနေသော်လည်း တိုးတက်မှုက အနည်းငယ်သာရှိသည်။ နည်းပါး သည့် ပြန်လွှတ်ပေးမှုနှင့် အတူ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းမှုတွေက တဖက်မှာရှိနေဆဲဖြစ်သည်။
အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က အသက် ၁၀နှစ် မျှသာရှိသည့် ကလေးငယ်များ အပါအဝင် အသက်မပြည့် သေးသော ကလေးငယ်များကို စစ်မှုထမ်းရန်ခိုင်းစေမှု ၇၇၀ ရှိခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ဖော်နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အနည်းဆုံး ၃၂ မှု ရှိသည်ဟုလည်း သိရသည်။ လက်တွေ့တွင် ၎င်း ပမာဏထက်များပြားနိုင်သည်မှာ သေချာ၏။
ကလေးငယ် ထောင်ပေါင်းများစွာ စစ်တပ်အတွင်းမှာ ရှိနေသည်ဟု ယူဆနိုင်သည့် အချက်များ ရှိနေသော်လည်း ၂၀၁၂ ခုနှစ် ဇွန်လ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးချိန်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလကုန် ကာလအတွင်း တွင် ကလေး ၆၆ ယောက်ခန့်သာ အစိုးရစစ်တပ်များမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယခုအခါတွင် ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာ သဘောတူညီချက်များကို ဆန့်ကျင်၍ မူဝါဒအသစ်တခု ချမှတ်ပြီး ကိုးတန်း အောင်မြင်ပြီးသော လူငယ်များကို အသက် ၁၆ နှစ် ပြည့်ပြီးပါက လက်ခံခွင့်ရရှိရန် စစ်တပ်က ကြိုးစားနေသည်။
မြန်မာစစ်တပ်က ကုလသမဂ္ဂ၏ ကလေးစစ်သားများ အသုံးပြုနေကြောင်း သက်သေပြရန် ကြိုးပမ်းမှုများကိုလည်း ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ တာဝန်ရှိသူများ အခြေစိုက် စစ်စခန်း များသို့ သွားရောက် လေ့လာခွင့် ပြုရန် တောင်းဆိုခြင်းကို ယမန်နှစ်က လေးကြိမ်တိုင်တိုင် ငြင်းပယ်ပြီး လက်မှတ်ရေးထိုး သဘောတူထားပြီးဖြစ်သော အစီအစဉ်ကို စစ်တပ်က ဖောက်ဖျက်ခဲ့သည်။
ယခင်က အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့များနှင့်လည်း ဆက်ဆံခွင့်မပေးခဲ့ပေ။ ၎င်းတပ်ဖွဲ့များသည် ယခုအချိန်တွင် မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသများတွင် အခြေချပြီး မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ် နေပြီဖြစ်သည်။ သို့သော်လည်း တရားမဝင် ကူးသန်းရောင်းဝယ်မှုနှင့် သယံဇာတ ထုတ်ယူရောင်းချခြင်းများတွင် မကြာခဏ ပါဝင်ပတ်သက်ကြသည်။
၂၀၁၁နှောင်းပိုင်းကတည်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အကြိုသဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်သည့် ကရင်၊ ရှမ်းနှင့် ၀ တပ်ဖွဲ့များ အပါအဝင် တဒါဇင်ထက်ကျော်သော အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များသည်လည်း ကလေး စစ်သားများ အသုံးပြုခဲ့သည်မှာ ကာလရှည်ကြာခဲ့ဲပြီဖြစ်ကြောင်း ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်ကလည်း နိုင်ငံတကာလေ့လာသူများ၏ ကမ်းလှမ်းမှု အားလုံးကို ငြင်းဆန်ခဲ့သည်။
နှစ်ကာလရှည်ကြာစွာ ကလေးစစ်သားအသုံးပြုမှု ရာဇဝင်ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက “အမြဲတမ်း တရားခံ” တယောက်ဟုပင် သဘောထားပြီး ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားနေသည်။ လုံခြုံရေးကောင်စီဝင်များက မြန်မာအစိုးရ၏ အခြေအနေ တိုးတက်လာစေရန် အာမခံမှုများကို ယုံကြည်လက်ခံရန်လိုအပ်နေသည်။
ယခင်လအတွင်းက ကလေးစစ်သား အသုံးပြုမှုရပ်တန့်ရန် လုပ်ဆောင်မှုသည် နောက်ဆုံးတွင် “အောင်မြင်သော ဇာတ်လမ်းပုံစံ” တခုဖြစ်လာလိမ့်မည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာနိုင်ငံက ပြောခဲ့သည်။ သို့သော်လည်း အခြားနိုင်ငံအစိုးရများ၏ အနီးကပ်စောင့်ကြည့်မှု နှင့် အဆက်မပြတ် တွန်းအားပေးမှုများ မရှိဘဲနှင့် အကောင်အထည်ပေါ်လာနိုင်မည် မဟုတ်ပေ။ လုံခြုံရေးကောင်စီ အနေဖြင့်လည်း မြန်မာနိုင်ငံက ယခုနှစ် ဒီဇင်ဘာလကုန်တွင် ကလေးစစ်သားအသုံးပြုမှု အားလုံး အဆုံးသတ်ရမည်ဟု ကတိပေးထားခြင်းကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်လျှင် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားရန် လိုအပ်ပါသည်။
ကာလရှည်ကြာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံမှ ကလေးစစ်သား အသုံးပြုမှုနှင့် နိုင်ငံတကာမှ အပြစ်တင်ဝေဖန်မှုများသည် မြန်မာစစ်တပ် ကိုယ်တိုင်က ၎င်း၏ သဘာဝကို ပြောင်းလဲပစ်ပြီး ဥပဒေများအတိုင်း ရှင်းရှင်းလင်းလင်း အကောင်အထည် ဖော်ပြနိုင်မှ ရပ်တန့် အဆုံးသတ်သွားမည်ဖြစ်သည်။ လူငယ်လေးများကို စစ်ထဲဝင်ဖို့ ခေါ်ဆောင်လာသူများ အတွက် မက်လုံးများ ပေးနေဦးမည်၊ သို့တည်းမဟုတ် သူတို့ကို ဖမ်းဆီးမိသည့် အခါတွင် ပေါ့ပါးသော ပြစ်ဒဏ်များသာ ချမှတ်အရေး ယူနေဦးမည် ဆိုလျှင် ကလေးစစ်သား ပြဿနာ အဆုံးသတ်သွားမည် မဟုတ်ပါ။
သတ်မှတ်ရက် မရောက်မှီ စစ်တပ်ထဲမှ ကလေးများကို ပြန်လွှတ်ပေးရန် မြန်မာစစ်တပ်အတွက် အချိန် ၇ လ ကျန်ပါသေးသည်။ ကလေးစစ်သား ပြဿနာကို အလေးအနက်ထား လုပ်ဖို့ လိုပါသည်။
( Jo Becker ၏ In Myanmar the Underground Trade in Boy Soldiers Continues ကို နိုင်မင်းသွင် ဘာသာပြန်သည်။ Jo Becker သည် Human Rights Watch ၏ ကလေးအခွင့်အရေးဌာနခွဲ ဒါရိုက်တာဖြစ်သည်။)