ရိုဟင်ဂျာများသည် နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန ခန်းမတွင် ကျင်းပပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“လူတယောက်က နိုင်ငံမဲ့ ဖြစ်လို့တော့မရဘူးလေ။ နိုင်ငံတနိုင်ငံရဲ့ မြေပေါ်မှာ နေထိုင်ခွင့်တော့ ရှိရမှာပေါ့။ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးသာ အဓိကကျတာပါ” ဟု ဝန်ကြီးက ဧရာဝတီကို ပြောသည်။
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်းမှ ထွက်ခွာသွားသည့် အထောက်အထားများ မှန်ကန်ပါက နိုင်ငံသား မဟုတ်သော်လည်း နေထိုင်ခွင့် ပေးထားမည်ဖြစ်ကြောင်း၊ ခေတ္တ ခိုလှုံခွင့် ပေးထားခြင်းမျိုး မဟုတ်ဘဲ အတည်တကျ နေထိုင်ခွင့် ပေးထားခြင်းမျိုး ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီ လဆန်းပိုင်းတွင် ခိုးဝင်ခဲ့သော ရိုဟင်ဂျာပေါင်း ၈၅၀ ကျော်ရှိပြီး အများစုမှာ ထိုင်းနိုင်ငံအတွင်းရှိ ကျွန်းစုများတွင် ပုန်းခိုခြင်း၊ ယင်းမှတဆင့် မလေးရှားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ခိုးဝင်ခဲ့သော ရိုဟင်ဂျာ ၁၉၇ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကော့စ်ဘာဇားမြို့ အခြေစိုက် အမှတ် ၁၇ BGB တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မူဟာမက် ခါလက်ကူ ဂျမန်း၏ ပြောကြားချက်ကို ကိုးကား၍ ကော့စ်ဘာဇား သတင်းစာတွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်မှတဆင့် လှေများဖြင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ဖြတ်ကျော် ဝင်ရောက်မှုများရှိခဲ့ပြီး တဘက် နိုင်ငံများ၏ သက်ဆိုင်ရာများက ဖမ်းဆီးကာ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။
ယမန်နှစ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင်လည်း လက်ရှိအချိန်ထိ ရခိုင်တိုင်းရင်းသား များနှင့် မွတ်စလင်များအကြား ပဋိပက္ခ တချို့ ရှိနေဆဲဖြစ်သည်။
ပထမအကြိမ် အဓိကရုဏ်းများဖြစ်ပွားသည့် ယမန်နှစ် ဇွန်လ ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၅၄ ဦး၊ အဆောက် အအုံ ၂၂၃၀ ဆုံးရှုံးခဲ့ရသည်။
ထို့နောက် ဒုတိယအကြိမ် အောက်တိုဘာလအတွင်း ပဋိပက္ခများ တကျော့ပြန် ဖြစ်ပွားလာသည့်အတွက် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ နေအိမ် ၅၃၅၁ လုံး မီးလောင်ခဲ့ပြီးနောက် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။