မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမဝင် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမဝင် ဝင်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအဝင် တရားမဝင်နေထိုင်မှုများကို ဝန်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ဝန်ထမ်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။
“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမဝင် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မမှန်မကန် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမဝင် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်” ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကမူ မန္တလေးတွင် မြန်မာစကား မတတ်သော လူမျိုးခြားများ တရားမဝင် ဝင်ရောက် နေထိုင်မှုများ အများအပြားရှိနေပြီး အထူးသဖြင့် တရုတ်အနွယ်ဝင် အများစုဖြစ်ကြောင်း၊ ယင်းတရုတ် အနွယ်ဝင်များမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ မြန်မာအမျိုးသားပိုင် နေအိမ်ခြံမြေ တိုက်တာအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများမှာ တရုတ်အနွယ်ဝင်များလက်ထဲသို့ ရောက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။
“မန္တလေးမှာ တရားမဝင်နေထိုင်မှု သေချာပေါက် အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အလုံးအရင်းနဲ့ ဝင်လာတယ်။ အလုံးအရင်းဝင်လာတာက အချို့က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဝင်လာတယ်။ တချို့ကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ချိတ်ပြီးဝင်လာတာ။ တရုတ်တွေပါ။ များသောအားဖြင့် ယူနန်ဘက်က ဟာတွေများတာပဲ။ မန္တလေးရဲ့ လက်ရင်း မြန်မာ အမျိုးသားပိုင် စီးပွားရေး၊ အိမ်ယာတွေ ကုန်ပြီဗျ။ မြေတွေလည်းကုန်ပြီ။ ဒီအချိန်ကျမှ အရေးယူမယ်ဆိုတော့ တအား နောက်ကျနေပြီ။ မြန်မာအမျိုးသားတွေ ပိုင်တဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ရေမြေကို အကာကွယ်ပေးတာ၊ အထောက်ကူပေးတာ တွေရှိသင့်တယ်။ တရားမဝင် နေထိုင်မှုတွေနဲ့ အလုံးအရင်း ဖြစ်လာတာက အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေကြောင့် အများဆုံးပဲပေါ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး နောက်ကွယ်ကနေ ဝင်တာတွေလည်း အများကြီးပဲ။ ကိုးကန့်တံဆိပ် တပ်ထားတဲ့ တရုတ်၊ ဝတံဆိပ်ထားတဲ့ တရုတ်တွေချည်းပဲ” ဟု ဆရာဆူးငှက်က ဆိုသည်။
ချမ်းအေးသာဇံမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကမူ တရားမဝင် နေထိုင်မှုများကို အရေးယူရန်မှာ တိကျသေချာမှုနှင့် စေ့စပ်မှု အရေးကြီးသည်ဟု ပြောသည်။
“မန္တလေးမှာက တရုတ်ကိုးကန့်စပ်တွေ၊ ကိုးကန့်တွေ၊ ဝတွေပေါ့၊ တချို့သူတွေက မြန်မာစကားကို ရေရေလည်လည်ကို မတတ်ဘူး။ အဲဒါမျိုးတွေ တော်တော်လေး ရှိတယ်။ တရုတ်အနွယ်ဝင် တော်တော်များများက ချမ်းသာကြတယ်၊ မြန်မာတွေက မချမ်းသာကြဘူး။ မန္တလေးမြို့လယ်ခေါင်မှာက သူတို့တွေချည်းပဲ။ အိမ်ကောင်းနေရာကောင်း ဆိုရင် သူတို့ဟာတွေချည်းပဲ။ တရားမဝင် နေထိုင်မှုတွေကို ဖော်ထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အသေးစိတ် စေ့စေ့စပ်စပ် ဖော်ထုတ် မယ်ဆိုရင်တော့ ဖော်ထုတ်လို့မြန်မှာပါ။ သေသေချာချာ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်တင်တင်မာက ဆိုသည်။
မန္တလေးတွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တရားမဝင် နိုင်ငံသားကတ် ရရှိထားမှုများ၊ တရားမဝင် နေထိုင်မှုများ ကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို တရားဝင် အမြဲတမ်း နေထိုင်ခွင့်ပေးမည့် PR စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၏ အဆိုအရ သိရှိရသည်။