အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ခရီးစဉ်သည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။
“အစိုးရချင်း ဆက်ဆံရေးထက် တိုင်းသူပြည်သားတွေ အချင်းချင်း ဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ ကျမထင်တယ်။ ကျမ အနေနဲ့ နှစ်နိုင်ငံ ပြည်သူပြည်သားတွေကြားက နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ရုပ်မြင်သံကြားသတင်းဌာန Times Now သို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယအာဏာရပါတီဖြစ်သော ကွန်ဂရက်ပါတီဥက္ကဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားချက်ဖြင့် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ရောက်ရှိနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟမ်ဆင်းနှင့်လည်း ယနေ့တွေ့ဆုံမည်ဖြစ်သည်။
သူသည် ယနေ့ညနေ ၆ နာရီတွင် အိန္ဒိယ၏ ပထမဆုံးသမ္မတဖြစ်သော ဂျဝါဟာလာနေရူး၏ ၁၂၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင်လည်း ဟောပြောပို့ချမည်ဖြစ်သည်။
အဆိုပါဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဖြတ်သန်းမှုနှင့် ဂျဝါဟာလာနေရူး၏ မူဝါဒ အဆိုအမိန့်များက သူ့အပေါ် သက်ရောက်မှုများ အကြောင်းု အဓိက ဟောပြောရန် စီစဉ်ထားသည်ဟု Times Now သို့ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ညနေခင်းက သူ အိန္ဒိယတွင်ကျောင်းနေစဉ် ခင်မင်ခဲ့သော သူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံခဲ့သေးသည်။
ယနေ့နံနက်ခင်းကလည်း မဟတ္တမဂန္ဒီ၏ ဂူဗိမာန်နှင့် ဂျဝါဟာလာနေရူး၏ ဂူဗိမာန်တို့သို့ သွားရောက် ဂါရ၀ ပြုခဲ့သေးသည်။