ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ အကြမ်းဖက်မှုများကို အားမပေးကြောင်း၊ ပဋိပက္ခဖြစ်နေသည့် အစုအဖွဲ့ ၂ ခု၏ တဖက်ဖက်မှ တဖက်သတ် ရပ်တည်လိုခြင်းမရှိကြောင်း အိန္ဒိယရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
ရခိုင်ပြည်နယ်အရေးတွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးအနေဖြင့် ထိရောက်စွာ ပြောဆိုမှုမရှိဟု ဝေဖန်မှုများအပေါ် အိန္ဒိယရုပ်မြင်သံကြား NDTV က မေးမြန်းရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်တယ်ဆိုတာကို ကျမ လုံး၀ ရှုတ်ချပါတယ်။ ဒီအကြမ်းဖက်မှုတွေဟာ နှစ်ဖက်လုံးက လုပ်တာဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်လည်း ကျမက ဘယ်ဖက်ကိုမှ မလိုက်တာပါ။ ကျမ ဒီဘက်နှစ်ဖက်လုံးကို ညှိနှိုင်းစေ့စပ် ပေးချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ ဘက်မလိုက်မှ ရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့သည်။
ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရေးအတွက် နိုင်ငံသားဥပဒေ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဥပဒေလည်း ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသူအားလုံးသည် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရမည်ကို သူ့အနေဖြင့် ရှင်းလင်းစွာ ပြောထားပြီးဖြစ်ကြောင်းလည်း ပြောဆိုသည်။
ထို့အပြင် ရခိုင်အရေးနှင့် ပတ်သက်၍ ပြောဆိုမှုများတွင် ပဋိပက္ခအတွင်း ပါဝင်သူများကို နိုင်ငံသား ပေးသင့်မပေးသင့်နှင့် ထိုသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများဟု အငြင်းပွားနေကြသည်လည်း ရှိကြောင်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီပြဿနာ တခုလုံးမှာ စိတ်ဝင်စားစရာကောင်းတာက၊ စိတ်ဝင်စားစရာ ဆိုတာထက် စိတ်ရှုပ်စရာ ကောင်းတဲ့အချက်ပေါ့နော်။ အဲ့ဒါက ဒီကိစ္စမှာ နယ်စပ်အရေးနဲ့ ပတ်သက်လို့က နိုင်ငံတခုတည်းနဲ့ပဲ သက်ဆိုင်တယ်လို့ တော်တော်များများက ယူဆနေကြတယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံနှစ်ခုနဲ့ဆိုင်တယ်။ တဖက်မှာ ဘင်္ဂလားဒေ့ရှ် ရှိတယ်၊ နောက်တဖက်မှာ မြန်မာနိုင်ငံရှိတယ်။ နယ်စပ်လုံခြုံရေး တာဝန်ဆိုတာ နိုင်ငံနှစ်ခုလုံးနဲ့ ဆိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အားလုံးလိုလိုက ဒါဟာ မြန်မာနိုင်ငံနဲ့ပဲ ဆိုင်တယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရန်မှာ တရားဥပဒေ စိုးမိုးမှုရှိရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုများ ထပ်မဖြစ်လာရန် သင့်လျော်သည့် လုံခြုံရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသူများကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းဝင်ရောက်လာသည့် ကိစ္စရပ်များကိုလည်း စိစစ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“နယ်စပ်တွေမှာ တရားမဝင် ဖြတ်ကူးနေတာတွေ ရှိနေသေးလား စိစစ်ရမယ်။ ဒါတွေကို ရပ်တန့်စေရမယ်။ ဒါတွေ အရင်ကသာ လုပ်ခဲ့ရင် ဒီလို ပြဿနာတွေ တက်စရာအကြောင်းမရှိဘူး” ဟု သူက ပြောသည်။
“ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေဟာ မြန်မာပြည်ကလို့ ပြောတယ်။ မြန်မာကလည်း ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ကလို့ ပြောတယ်။ ဒါပေမယ့် ဒါတွေက သက်သေ ဘယ်မှာလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က NDTV သို့ ဖြေကြားခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့တွင် အိန္ဒိယ ဒုသမ္မတနှင့် တွေ့ဆုံခဲ့ပြီး အိန္ဒိယ အောက်လွှတ်တော် ဥက္ကဌ မီရာကူမာနှင့်လည်း တွေ့ဆုံခဲ့သည်။