မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ အရေးနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မေးမြန်း ဆွေးနွေးသွားရန် ရှိကြောင်း ပြောဆိုသည်နှင့် တပြိုင်တည်း အမေရိကန် အစိုးရအနေဖြင့် “လူမျိုးတုန်း သန့်စင်ရေး”အပေါ် အနီးကပ် စောင့်ကြည့် နေကြောင်း ဆိုသည်။
“အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာအစိုးရဟာ ရိုဟင်ဂျာအရေးမှာ အသိဉာဏ်ရှိရှိ မျှမျှတတ ဆုံးဖြတ် ဆောင်ရွက် သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အပြုသဘောဆောင်တဲ့ ရလာဒ်ကောင်းတွေအတွက် ကူညီဆောင်ရွက် ပေးသွားချင်ပါတယ်” ဟု တနင်္လာနေ့က စင်ကာပူသို့ ထွက်ခွာမည့် ဂျကာတာ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသမ္မတက ပြောကြားသည်။
ယခုသီတင်းပတ်အတွင်း ကျင်းပရန်ရှိသည့် ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာ အရာရှိများအား အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါကလည်း ယင်းအရေး တိုက်တွန်းပြောဆိုရန်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားမြောက်ပိုင်းရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းတွင် ရခိုင်ပြည်မှ ထွက်ပြေးလာကြသော မွတ်စလင်များက မြန်မာဗုဒ္ဓဘာသာဝင် ၈ ဦးအား ဝိုင်းသတ်ဖြတ်ခဲ့သည့် အရေးမှာ မြန်မာပြည်တွင်းရေးမျှသာမက ဒေသတွင်းသို့ ပြန့်နှံ့ကူးစက်ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြ ပြောဆိုခဲ့သည်။
သမ္မတ ယူဒိုယိုနိုသည် မြန်မာနိုင်ငံသို့ ယနေ့ ဆိုက်ရောက်လာခဲ့သည်။
တချိန်တည်းမှာပင် အမေရိကန်ကလည်း မြန်မာနိုင်ငံ၏ မွတ်စလင် လူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပေါ်ရေး တားဆီးထိန်းချုပ်ရန် ဖော်ပြတိုက်တွန်းသည်။
အမေရိကန် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ပက်ထရစ်ဗန်ထရဲလ် က “ကျနော်တို့ စိုးရိမ်ချက်တွေ ရှိနေတုန်းပါ။ လူအုပ်ဖွဲ့ပြီး အကြမ်းဖက်မှု၊ ဘာသာရေးနဲ့ လူမျိုးစု လူနည်းစုတွေကို တိုက်ရိုက် အကြမ်းဖက်မှုတွေကို ကျနော်တို့ စိုးရိမ်နေတုန်းပါ။ အဲဒီလို ဖိနှိပ်မှုအပေါ် အစိုးရက တားဆီး ကာကွယ် ပေးသွားဖို့၊ အဖိနှိပ်ခံရသူတွေ ကိုလည်း အထောက်အပံ့ပေးဖို့၊ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးတာတွေကိုလည်း အတားအဆီး မဖြစ်စေဘဲ အားလုံးကို ပေးသွားနိုင်ဖို့ ဆိုတာတွေကို ကျနော်တို့ တောင်းဆိုထားပါတယ်” ဟု ဆိုသည်။
“ကျနော်တို့ ဆက်ပြီး အလေးအနက်ထား ရမှာတွေက ဘာသာရေး ခေါင်းဆောင်တွေရော၊ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ပုဂ္ဂိုလ် တွေရော လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ လူ့အခွင့်အရေး အတွက် အကာအကွယ် ပေးဖို့ပါ။ ပြီးတော့ အခြေခံ ကျတဲ့ လွတ်လပ်မှု၊ ပြန်လည်ပေါင်းစည်းပြီး ရင်ကြားစေ့ နေထိုင်နိုင်ရေး ကနေ နောက်ဆုံး တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိပြည့်စုံမယ့် လမ်းကို ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပက်ထရစ်ဗန်ထရဲလ် က ပြောသည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာပါ “လူမျိုးတုန်း သန့်စင်ရေး”လုပ်ခဲ့သည်ဟူသော စွပ်စွဲချက်အပေါ် သတင်းထောက်များက မေးမြန်းရာ အမေရိကန် အစိုးရအနေဖြင့် အနီးကပ် စောင့်ကြည့်နေကြောင်း ပြောဆိုသည်။ “ကျနော်တို့ အစီရင်ခံစာနဲ့ သတင်းအချက်အလက်တွေကို သတိပြုမိပါတယ်။ အမေရိကန်ဟာ ဆက်လက်ပြီး အနီးကပ် သတိရှိရှိနဲ့ ဖြစ်စဉ်အခြေအနေကို ချဉ်းကပ် သွားမှာပါ။ ပြီးတော့ ရရှိတဲ့ သတင်း အချက်အလက်တွေထဲမှာ ဖြစ်တန်ရာတွေကို ချင့်ချိန်သွားမှာပါ။ ကျနော်တို့ဟာ အခြေအနေနဲ့ ဖြစ်စဉ် တရပ်လုံးကို စောင့်ကြည့်နေပါတယ်၊ ကျယ်ပြန့်တဲ့ သတင်းအချက်အလက် တွေကို နားထောင်နေပါတယ်၊ ပြီးတော့ ထပ်ဆင့်တက်လာမယ့် စွပ်စွဲ ပြောဆိုတာတွေ အပေါ်မှာလည်း စုံစမ်းစစ်ဆေး သွားမှာပါ” ဟု ပြောဆိုသည်။