အလုပ်သမား အခွင့်အရေးအတွက် စက်ရုံအလုပ်သမားများ ပူးပေါင်းဆန္ဒပြခြင်းကို ပထမဦးဆုံး အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအသီးသီးမှ အလုပ်သမားများ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စက်ရုံပေါင်း ၃၆ ရုံမှ အလုပ်သမား ကိုယ်စားလှယ် ၂၀၀ ကျော်သည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမှ ကျန်စစ်သားလမ်းကို ဖြတ်၍ ရန်ကုန်-ညောင်တုန်းလမ်းရှိ လှိုင်သာယာမြို့နယ် အားကစားကွင်းသို့ ချီတက်ဆန္ဒ ပြခဲ့ကြသည်။
“ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမားတွေကိုလည်း ကျနော်တို့ ဖိတ်ခေါ်ထားတယ်။ အခုလောလောဆယ်တော့ လှိုင်သာယာစက်ရုံ အများစုက အလုပ်သမားတွေ လာပူးပေါင်းပါတယ်။ အများဆုံးက အထည်ချုပ်စက်ရုံတွေကပါ” ဟု အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သည့် ခွန်းပိုင် ဘလောက်တုံးစက်ရုံမှ ကိုပြည့်ဖြိုးအောင်က ပြောသည်။
အလုပ်သမားများ စုစည်း ဆန္ဒထုတ်ဖော်ကြခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ၊ ကြိုတင် ခွင့်ပြုချက်တောင်းခံပြီးမှ ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။
စက်မှုဇုန် အလုပ်သမားများက နေ့တွက် လုပ်ခ ၈ နာရီအတွက် အနည်းဆုံး ၃၀၀၀ ကျပ် ရရှိရေး၊ နေ့စား လရှင်းများအား လခစား အလုပ်သမားများအဖြစ် သတ်မှတ်ပေးရေး၊ အလုပ်ထုတ်ပစ်မှု ရပ်ဆိုင်းရေး၊ ကလေး အလုပ်သမားအရေး ကာကွယ်ဖြေရှင်းပေးရေး၊ အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ထူထောင်ရေးအတွက် အလုပ်ရှင်၏ လွှမ်းမိုးချုပ်ကိုင်မှု ရပ်ဆိုင်းပေးရေး စသည့် အချက်များအပါအဝင် ၈ ချက် တောင်းဆိုထားကြောင်း သိရသည်။
“ကျမတို့ အနိမ့်ဆုံး Day ကြေး လစာ၊ အိုတီတို့၊ ရက်မှန်ကြေးတို့၊ ဘောနပ်စ်တို့ မပါတဲ့ Day ကြေး လစာသက်သက်ကို အနည်းဆုံး ၂၀၀၀ အထိ ညှိနှိုင်းပေးနိုင်ပါတယ်။ အခု ကျမတို့ တောင်းဆိုထားတာ ၃၀၀၀ ပါ။ ဒါပေမယ့် ၂၀၀၀ အထိပေးရင်ကို ကျမတို့ ကျေနပ်ပါတယ်။ နောက်ပြီးတော့ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်၊ ပါဝင်ခွင့်၊ အဲဒါကို ကျမတို့ လိုချင်ပါတယ်” ဟု ငွေကံ့ကော် အထည်ချုပ်စက်ရုံမှ အလုပ်သမတဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ မြောင်းတကာ စသည့် စက်မှုဇုန်များတွင် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုများ
ဖြစ်ပေါ်ခဲ့သည်။ ထို ဆန္ဒထုတ်ဖော်မှုများကြောင့် စက်ရုံအတွင်း ဦးစီးဦးဆောင် ပြုသည့် အလုပ်သမားများ၊ ပါဝင်သူများကို အလုပ်မှ ထုတ်ပစ်ခြင်း၊ အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကို ခံစားနေရကြောင်း အလုပ်သမားများက ပြောသည်။
“စက်ရုံမှာ ကိုယ့်လိုအပ်ချက်ကို တောင်းဆိုခဲ့ပြီးပြီ။ စက်ရုံပိုင်ရှင် အများစုက ဆန္ဒပြတုန်းက ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မလိုက်နာဘူး။ ကျမတို့ ထပ်ခါ ထပ်ခါ ချိုးဖောက်ခံနေရတယ်” ဟု ငွေကံ့ကော် အထည်ချုပ်စက်ရုံမှ အလုပ်သမက ဆိုသည်။
အထည်ချုပ် လုပ်ငန်းရှင်များကလည်း ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒများကြောင့် လုပ်ငန်းအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သြဂုတ်လ ၂၄ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
စက်ရုံများ ပူးပေါင်း ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုချက်ရသရွေ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်လိုပြီး တောင်းဆိုထားသည့် အခြေခံအခွင့်အရေးများ ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။