မြန်မာ့ ရုပ်ရှင်သည် အစိုးရ အဆက်ဆက်၏ ဝါဒဖြန့်ရေး အတွက် အသုံးချခံရခဲ့ပြီး ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုးကြောင့် အနုပညာ အရည်အသွေး ကျဆင်းခဲ့ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း က ပြောဆိုသည်။
ထို့အပြင် ဆင်ဆာမူဝါဒကြောင့် လုံးဝ စွန့်လိုက်ရသည့် ရုပ်ရှင် ဗီဒီယိုဇာတ်ကားများ၊ ပြန်လည် ရိုက်ကူးရသည့် ဇာတ်ကား များစွာ ရှိခဲ့ကြောင်း၊ အနုပညာ လွတ်လပ်စွာ ဖန်တီး ရိုက်ကူးခွင့် မရသဖြင့် သာမန် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများသာ ရိုက်ကူးခဲ့ ကြခြင်း ကြောင့် ပရိသတ် စိတ်ဝင်စားမှု လျော့နည်း၍ ရုပ်ရှင်အရည်အသွေး ကျဆင်းခဲ့ရကြောင်း ဒီဇင်ဘာ ၁ ရက်နေ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆင်ဆာမူဝါဒများ လျှော့ချခဲ့သော်လည်း ရုပ်ရှင်လောကသားများ မျှော်လင့်သည့် လွတ်လပ်စွာ ရိုက်ကူး ဖန်တီးခွင့်နှင့် ဝေးကွာနေဆဲဖြစ်ကြောင်း၊ ဇာတ်လမ်းဇာတ်ညွှန်းပိုင်းတွင်လည်း ဆန်းသစ်တီထွင်နိုင်ခြင်း မရှိ၊ အသုံးပြုနေ ရသည့် ရုပ်ရှင် ဆိုင်ရာ စက်ပစ္စည်း ကင်မရာများအစား ခေတ်မီ အဆင့်မြှင့်တင်ရန်လိုကြောင်း၊ မျိုးဆက်သစ်များ မွေးထုတ်ပေးရန် လည်းလိုအပ်ကြောင်း ဦးဇင်ဝိုင်းက ဆက် ပြောသည်။
နာမည်ကျော် လူရွှင်တော် ဒါရိုက်တာ ဦးဇာကနာကလည်း “မြန်မာ့ရုပ်ရှင် လောကက အခုမှ အစပျိုးမယ့် အခြေအနေပေါ့။ ပြီး ခဲ့တာတွေကို ထားလိုက်ရမှာပဲ။ မှားခဲ့တာတွေလည်း မှားခဲ့ပြီ။ သိလို့ ပြင်မယ် ဆိုရင် ပြင်ဖို့ လိုတယ်”ဟု ပြောသည်။
မြန်မာ့ရုပ်ရှင် အရည်အသွေးသည် ခေတ်စနစ်အခြေအနေ၊ စက်ကိရိယာနှင့် ပြသရေး အခြေအနေများကြောင့် အားသာချက်များ လုံးဝမရှိဘဲ ဆုတ်ယုတ်သွားသည့် အခြေအနေများသာ ရှိနေသည်ဟု ဝါရင့် ဒါရိုက်တာ ဦးမောင်မောင်မြင့်ကလည်း ပြောဆိုသည်။
“သေငယ်ဇောနဲ့ မျောနေတဲ့ ရုပ်ရှင်လောကက ပြန်ရှင်သန်မယ် ဆိုရင်တော့ ဝမ်းသာရမှာပေါ့၊ ရုပ်ရှင်လောကက အားသာချက် လုံးဝမရှိဘူး အားနည်းချက်တွေပဲ အများကြီးရှိနေတယ်”ဟု ၎င်းက ဆိုသည်။
ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်ကမူ စည်းမျဉ်းစည်းကမ်းများလိုအပ်ကြောင်းနှင့် လက်ရှိ မြန်မာ့ရုပ်ရှင်လောက၏ အကြီးမား ဆုံးပြဿနာမှာ တရားမဝင် ကူးယူဖြန့်ဝေခြင်း ဖြစ်နေကြောင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်သည် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတခု အဖြစ်ရပ်တည်နေသည့် အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအမှတ်တံ ဆိပ်အဖြစ် နိုင်ငံတကာသို့ တင်ပြရာတွင် အရေးကြီး လာကြောင်း ပြောဆိုသည်။
ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးသူများသည် အကျိုးအမြတ် ရရှိရေးကိုသာ ဦးတည်နေကြပြီး ဒါရိုက်တာများ အနေနှင့် ဇာတ်ကား ထုတ် လုပ်သူက ချထားပေးသည့် ငွေကြေးအရ ရိုက်ကူးနေရခြင်းကြောင့် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေး နေသည့် အခြေအနေများ ဖြစ်နေကြောင်းလည်း သိရသည်။
“ရုပ်ရှင်လောက နိုင်ငံတကာ အဆင့်အတန်း မီဖို့အတွက် လိုအပ်ချက်တွေကတော့ အများကြီးပဲ။ ဈေးကွက်၊ စတူဒီယို၊ ရုပ်ရှင်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ စက်ကိရိယာတွေလိုတယ်”ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြောသည်။
မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၁၀၀၀ ကျော်အတွက် ဇာတ်ညွှန်း ရေးသားပေးနေသူမှာ ဦးရေ ၃၀ ခန့်သာရှိသောကြောင့် ဇာတ် လမ်း များမှာ အပ်ကြောင်းထပ်နေကြောင်း၊ ဗီဒီယို တကားအတွက် အချိန်တပတ်ခန့်ဖြင့် အပြီးရိုက်ကူးခြင်းများရှိနေသည့်အတွက် ငွေကြေးရရှိမှု ကိုသာ အခြေခံလာသည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ ၁၉၆၀ ခုနှစ်က ရန်ကုန်နှင့်မန္တလေးတွင် ခေတ်မီစတူဒီယို ၂၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် လုံးဝ မရှိတော့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ စာရင်းများအရ တနိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၁၁၆ ရုံရှိသော်လည်း လက်ရှိ ပြသနေသည်မှာ ၄၉ ရုံရှိ ကြောင်း၊ ၆၀ ရာခိုင်နှုန်းမှာ အများပြည်သူ ကြည့်ရှုရန် မသင့်သည့် ရုံများဖြစ်နေကြောင်း၊ ရုပ်ရှင်စတူဒီယို ပညာရှင်များ၊ စင်တင် ပညာရှင်များလည်း မျိုးဆက်ပြတ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင် လောက ပြန်လည်ဖွံ့ဖြိုးစေရေးအတွက် မြန်မာ့ရုပ်ရှင် လောကသားများနှင့် ဟောလိဝုဒ်၊ ဘောလိဝုဒ်နှင့် ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ အနုပညာရှင်များ၊ ကာတွန်းရုပ်ရှင်လောကမှ ပညာရှင်များသည် ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် မြန်မာ့ရုပ်ရှင်၏ ခိုင်မာသောအနာဂတ်ဆီသို့ အလုပ်ရုံဆွေးနွေးပွဲ၌ တက်ရောက် ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။
ကမ္ဘာ့ရုပ်ရှင် ပေါ်ထွန်းလာပြီးနောက်၂၅ နှစ်ခန့် အကြာ ၁၉၂၀ ဝန်းကျင်က မြန်မာနိုင်ငံတွင်လည်း ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာပြီး အစပိုင်းတွင် အသံတိတ် ရုပ်ရှင်ဖြင့် စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားမှာ “ဘားမားဖလင်” ကုမ္ပဏီက ရိုက်ကူးသည့် “မေတ္တာနှင့် သူရာ” ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းရေးသူမှာ စာရေးဆရာ ပီမိုးနင်း၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ သရုပ်ဆောင်များမှာ မောင်ညီပု၊ မအေးကြည်၊ မောင်မောင်ချစ်၊ မောင်မောင်ကလေး၊ ကိုညိမ်းနှင့် ဦးပါကြီး တို့ ဖြစ်သည်။
ထို့နောက် ၁၉၂၈ ဝန်းကျင်ခန့်တွင် နိုင်ငံတကာ၌ အသံထွက် ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ပြီး ၄ နှစ်ခန့်အကြာတွင် မြန်မာပြည်တွင်လည်း အသံထွက် ရုပ်ရှင် ပေါ်ပေါက်လာခဲ့သည်။
မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာစေရန် ကြိုးပမ်းခဲ့သူမှာ လန်ဒန်အတ် ဦးအုန်းမောင်ဖြစ်ပြီး ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားကို ၎င်းနှင့်အတူ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ မောင်ညီပု တို့က ရိုက်ကူးခဲ့ကြကြောင်း သိရသည်။