ရေထု ညစ်ညမ်းမှု ဖြစ်ပေါ်နေသော အင်းလေးကန်မှ ရေများ သုံးစွဲခြင်းကြောင့် ကန်အတွင်းရှိ ကျေးရွာ တချို့တွင် အရေပြားရောဂါများ ဖြစ်ပွားစ ပြုနေပြီ ဖြစ်ကြောင်း သိရသည်။
ကန်ထဲတွင် ရေပေါ်ရွာ ၁၇၀ ခန့်နှင့် ကန်တဝိုက်တွင် ရွာ ၄၄၄ ရွာရှိရာ ရေပေါ်ရွာများတွင် အဓိက ဖြစ်ပွားလျှက် ရှိသည်။
“ခရုသင်းလို၊ သမင်ဖြူလို အရေပြားရောဂါတွေ တွေ့လာတယ်၊ နောက် ဝမ်းပျက်ဝမ်းလျှော တွေပါ ဖြစ်လာလို့ သောက်ဖို့မပြောနဲ့ ချိုးရေ၊ သုံးရေ အနေနဲ့တောင် မသုံးတော့ဖို့ ရွာတွေမှာ လိုက်လံနှိုးဆော် ထားပါတယ်” ဟု အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့ အလုပ်အမှုဆောင် ဦးသာဒိုးက ဧရာဝတီသို့ ပြောသည်။
ဒေသခံများ၏ ကျန်းမာရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ စီမံချက်နှင့် ဆေးကုပေးခြင်း၊ အင်းသား စာပေးယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အဖွဲ့က ဦးဆောင်၍ ယင်းအဖွဲ့ဝင်ဖြစ်သော တောင်ကြီးမြို့မှ အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များတို့က တာဝန် ယူပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ အဖွဲ့ ၃ ဖွဲ့နှင့် စင်ကာပူနိုင်ငံ Nanyan တက္ကသိုလ် တို့မှ လာရောက်ပြီး အင်းလေးကန်မှ ရေများကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ရေအရည်အသွေး နိမ့်ကျနေသည်ကို တွေ့ရသည့်အတွက် သောက်သုံးရန် လုံး၀ မဖြစ်နိုင်တော့ကြောင်း၊ ကန်ပတ်ဝန်းကျင်ရှိ တောင်များမှ ထွက်သော စိမ့်စမ်းရေများကိုသာ သောက်သုံးရန် အသိပေး ပြောသွားခဲ့ကြောင်း အင်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
“နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က ရေသွယ်ဖို့အတွက်ကို ဒီနှစ်မှာ ကျပ်သိန်း ၂၀၀ ချပေးထားတယ်” ဟု ၎င်းက ပြောသည်။
နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အဖွဲ့က လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်ပြီး အင်းလေးကန် ရေသန့်ရှင်းရေး အတွက် ကျပ်သိန်း ၃၀ မှ ၄၀ အထိ နှစ်စဉ် ပေးခဲ့ပြီး ယခုနှစ်တွင် အမြင့်ဆုံး ငွေပေးခဲ့ခြင်း ဖြစ်သည်။
ကန်တဝိုက်ရှိ တောင်များမှ စိမ့်စမ်းရေများကို ကျေးရွာများသို့ ပိုက်များဖြင့် သွယ်ယူပေးခြင်း လုပ်ငန်းအား အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အဖွဲ့နှင့် ဂျပန်နိုင်ငံမှ TBA အဖွဲ့တို့က လိုက်လံ ဆောင်ရွက်ပေးလျှက် ရှိသည်။
လက်ရှိတွင် ကန်ပတ်လည်ရှိ တောင်များမှ ရေဦးရေထွက် နေရာနှင့် တောင်ခြေရေထွက် နေရာ နှစ်ခုမှ စိမ့်စမ်းရေများအား ပိုက်လိုင်းများဖြင့် သွယ်ယူပြီး ကျေးရွာပေါင်း ၂၇ ရွာသို့ ရေပေးဝေနေပြီဖြစ်ကြောင်း၊ ရေဂါလံ ၁ သိန်းဆံ့သော ရေလှောင်ကန် တခုကို တောင်ခြေရေထွက်တွင် တည်ဆောက်ထားကြာင်းနှင့် ဂျပန် TBA အဖွဲ့ကလည်း ရေပြုံ နေရာမှနေ၍ ကျေးရွာများသို့ ရေပေးရန် ပိုက်လိုင်းများ သွယ်တန်းခြင်းကို စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
“၉၈၊ ၉၉ ခုနှစ် လောက်က ကန်ထဲမှာ ငါးတွေ အကြီးအကျယ်သေတယ်၊ ငါးပုပ်တွေရှိနေတဲ့ ရေကို သောက်ပြီးတော့ လူတွေ အရေပြားရောဂါ ဖြစ်ခဲ့ကြတယ်။ ဒါကို ရေကြောင့်လို့ မထင်ဘဲ ဗိုင်းရပ်ပိုးတွေကြောင့်လို့ ထင်ပြီး ဆက်သောက်လို့ လူတွေ ဆေးရုံကို ရောက်ကုန်တဲ့ ဖြစ်ရပ်မျိုး ရှိခဲ့တယ်” ဟု ဦးသာဒိုးက ဆိုသည်။
ဆက်လက်ပြီး ၎င်းက အင်းလေးကန်တွင် လွန်ခဲ့သော ၄ နှစ်ခန့်က စတင်၍ ရေထုညစ်ညမ်းမှု ပြဿနာ ဆိုးရွာလာခြင်းကြောင့် NGO များနှင့် ဒေသဆိုင်ရာ အဖွဲ့များက ဝိုင်းဝန်းဖြေရှင်း နေကြရကြောင်း၊ လုံလောက်သော ရန်ပုံငွေများ မရှိသေးကြောင်း၊ ငွေကြေး တတ်နိုင်သူများက ရေဆိုးသန့်စင် စက်များ တပ်ဆင်ပြီး ရေသန့်သုံးစွဲနိုင်သော်လည်း ဒေသခံ ၈၀ ရာခိုင်နှုန်းမှာ သောက်သုံးရေ ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ရှင်းပြသည်။
အစိုးရ အဖွဲ့အနေဖြင့်လည်း ဓာတုဗေဒ ပစ္စည်းများ ပျော်ဝင်နေသော ရေများကို မသောက်သုံးရန် ကျေးရွာများအား လိုက်လံ၍ ပညာပေးခြင်း၊ ကန်အတွင်းရှိ နုန်းမြေများကို ဆည်မြောင်းဝန်ကြီးဌာနမှ စက်ယန္တယားများဖြင့် တူးဖော်ခြင်းနှင့် ကျွန်းမျှော စိုက်ခင်းများတွင် ပိုးသတ်ဆေး သုံးစွဲနှုန်း လျှော့ချကြရန် လိုက်လံနှိုးဆော်နေကြကြောင်း သိရသည်။
ကျွန်းမျှော စိုက်ခင်းများတွင် ဓာတုဗေဒပိုးသတ်ဆေးများ လျှော့ချပြီး အော်ဂဲနစ် နည်းဖြင့် စိုက်ပျိုးသူများ အနေဖြင့် သီးနှံအထွက်နှုန်းမှာ ယခင်ထက်လျော့ကျခြင်း အပြင်၊ အစိုးရအနေဖြင့် ခိုင်မာသော အောဂဲနစ် သီးနှံဈေးကွက် ဖန်တီးပေးနိုင်ခြင်း မရှိသောကြောင့် အောင်မြင်မှု နည်းခဲ့ကြောင်း ဒေသခံ အဖွဲ့အစည်းများက ဆိုသည်။
ပြီးခဲ့သော ၂၀၁၂ ခုနှစ်မှ စတင်၍ အင်းလေးကန်သို့ လာရောက်သော နိုင်ငံခြား ခရီးသွားများထံမှ ကောက်ခံရရှိငွေများ အနက် ၅၀ ရာခိုင်နှုန်းကို အင်းလေးကန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးအပိုင်းက ရရှိခဲ့ကြောင်းနှင့် ကျန် ၅၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ယူထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် အင်းလေးကန်သို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုမှာ ၁ သိန်း ၅ သောင်းခန့် အထိ မြင့်လာခဲ့ကြောင်း၊ ဝင်ကြေးများကို လက်ရှိ ၅ ဒေါ်လာ ကောက်ခံနေသော်လည်း ယခုနှစ် အောက်တိုဘာလမှ စတင်၍ ၁၀ ဒေါ်လာ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ဒေသအာဏာပိုင် များက ဆိုသည်။