ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်ကမ်း၊ သလဲဦးရွာ အုပ်စုအတွင်းတွင် “အင်းလေးကန် ဟိုတယ်ဇုန်” ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေယာများအတွက် လျော်ကြေးပေးမှု မပြေလည်သေးကြောင်း သတင်းရရှိသည်။
အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်းအတွက် အင်းတိုင်းရင်းသားပိုင် လယ်ယာခြံမြေနှင့် သာသနိက နယ်မြေ ၆၂၂ ဧကကို ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။
လယ်ယာမြေများအတွက် ပေးသော လျော်ကြေးကို ရွာတချို့က မယူဘဲ ဆန္ဒပြသဖြင့် ပဋိပက္ခဖြစ်ပွားပြီး ရွာသားတချို့ကို တရားစွဲဆိုထားကြောင်း ညောင်ရွှေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာ ဦးထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ရွာပေါင်း ၆ ရွာရှိ လယ်ယာမြေကို သိမ်းထားတာပါ။ ရွာ ၄ ရွာကတော့ လျော်ကြေးငွေတွေ လက်ခံပြီး ကျန် ၂ ရွာကတော့ မယူသေးဘူး။ အခုနောက်ပိုင်း ဘာသာရေးအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျန်တဲ့သူတွေက ကာလပေါက်ဈေးရဲ့ ဈေးတဝက်ကျော်ကျော် လိုချင်လို့ပါ” ဟု ဒေါက်တာ ဦးထွန်းအောင်က ပြောသည်။
ဟိုတယ်ဇုန် စီမံကိန်းကာလ၊ တည်ဆောက်နေစဉ် ကာလနှင့် စီမံကိန်း ပြီးဆုံးကာလများတွင် ဒေသခံများအတွက် အခွင့်အလမ်း ထည့်သွင်းထားကြောင်း၊ စီမံကိန်းကြောင့် အင်းလေးကန်၏ သဘာဝ ပတ်ဝန်ကျင်း ထိခိုက်နိုင်သော်လည်း ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ဟိုတယ်ဇုန်တွင် ဟိုတယ် အလုံးရေ ၉၀ ကျော် တည်ဆောက်ရန် လျာထားကြောင်း ဒေါက်တာ ဦးထွန်းအောင်က ဆိုသည်။
“တရားစွဲဆိုခံရတဲ့ လယ်သမားတွေ လျော်ကြေးငွေကို လက်ခံမယ်ဆိုရင် ကျနော်တို့ စွဲဆိုထားတဲ့ အမှုတွေ ပုဒ်မတွေအားလုံး ပြန်လည် ရုပ်သိမ်းသွားပေးမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
လယ်ယာမြေ သိမ်းဆည်းရာတွင် လျော်ကြေးငွေကို အနည်းငယ်သာ ပေးခြင်း၊ အစိုးရက သိမ်းဆည်းသည်ဟုဆိုကာ စိုက်ပျိုးလုပ်ကိုင်ခွင့် မပေးခြင်း၊ လယ်ယာသမားများ ဝင်ရောက်လုပ်ကိုင်လျှင်လည်း ဖမ်းဆီးခြင်းများ ပြုလုပ်ကြောင်း၊ သီးနှံလျော်ကြေး ၃ နှစ်စာအတွက်သာပေးပြီး လယ်ယမြေ လျော်ကြေး မပေးကြောင်း သလဲဦး ကျေးရွာအုပ်စုအတွင်းမှ အင်ကြင်းကုန်းနှင့် ကန်ပဲ့ ကျေးရွာ လယ်သမားများက ဆိုသည်။
ယမန်နေ့ကလည်း လယ်သမားနှင့် အာဏာပိုင်များ ပဋိပက္ခဖြစ်ကာ လယ်ယာသမားတချို့ ကိုယ်ထိလက်ရောက် ပြုမူခံရကြောင်း၊ ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့်လည်း ကလေးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင်လည်း တရားစွဲဆိုခံရကြောင်း အင်ကြင်းကုန်းကျေးရွာမှ ကိုအောင်ကျော်မျိုးက ပြောသည်။
“မနေ့က မနက် ၁၀ နာရီမှာ ကျနော်တို့မိသားစုပိုင် မြေပေါ်ကို အာဏာပိုင်တွေက မြေစာလာပုံတယ်။ ကျနော်တို့လယ်တွေ စိုက်ပျိုးလို့ မရအောင်လို့။ အဲဒီမှာ မလုပ်ဖို့ တားနေချိန်၊ တောင်းပန်နေချိန်မှာ အာဏာပိုင်ဘက်က ကျနော်တို့ကို စတင် ရိုက်တာပါ” ဟု ကိုအောင်ကျော်မျိုးက ဧရာဝတီသို့ ပြောသည်။
ဟိုတယ်ဇုန်အတွက် သိမ်းယူထားသည့် လယ်ယာမြေ ပြဿနာများကို လွှတ်တော်၊ သမ္မတနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ထားကြောင်း၊ မြေသိမ်းယာသိမ်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း လာရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
သိမ်းယူထားသည့် မြေများတွင် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်း ဧက ၃၀၀ ကျော်လည်း ပါဝင်ကြောင်း သိရှိရသည်။
“အင်းလေးမှာ ဟိုတယ်ဇုန် ဆောက်ရင် အင်းလေးကန်နဲ့ ၁၀ မိုင် အကွာမှာ ဆောက်ရမယ်။ အခုက ၁ မိုင်အကွာမှာပဲ ရှိတယ်။အဲဒါတွေကစ စာတင်ထားပါတယ်။ အင်းလေးမှာ ဟိုတယ်ဇုန်တွေ ဆောက်မယ်ဆိုရင်တော့ အင်းလေးကန်ရဲ့ အခြေအနေ တော်တော်ဆိုးသွားနိုင်တယ်” ဟု တောင်ကြီးမြို့နယ် NLD ပါတီဝင် ဦးတင်မောင်တိုးက ဧရာဝတီသို့ ပြောသည်။
ဟိုတယ်ဇုန် တည်ဆောက်မှုကြောင့် သစ်တောများ ပြုန်းတီးပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း၊ ဒေသခံများ စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ ပြဿနာများစွာ ကြုံနိုင်ကြောင်း သစ်တောပညာရှင် ဦးအုန်းက ဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
အင်းလေး ဟိုတယ်ဇုန် စီမံကိန်းနှင့် ဒေသခံ အင်းသားများ အနာဂတ်