ပြည်ပနိုင်ငံများသို့ သွားရောက် လိုသည့် မြန်မာနိုင်ငံသားတိုင်း နိုင်ငံကူးလက်မှတ် လျှောက်ထား လာပါက အထောက် အထား ပြည့်စုံလျှင် ၁၀ ရက်အတွင်း အပြီးထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးအဖွဲ့မှ ရဲအုပ်ကျော်မိုးက ဧရာဝတီသို့ ပြောသည်။
ယခင်က နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၉ ၊ ပုံစံ ၁၇ တင်ပြရ သည့်အပြင် တက္ကသိုလ် ဘွဲ့ရများ ဖြစ်ပါက ပညာရေးဝန်ကြီးဌာနက ပညာရေးလျှော်ကြေးပေးအပ်ထားသည့် ထောက်ခံစာ ကိုပါ ပူးတွဲ တင်ပြမှ သာလျှင် နိုင်ငံကူးလက်မှတ် ထုတ်ပေးကြောင်း၊ လျှောက်ထားရသည့် ကာလမှာလည်း အချိန်အားဖြင့် ၂၁ ရက်ထိ ကြာမြင့်ခဲ့ကြောင်း၊ ယခုအခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရန်မလိုတော့ သည့် အပြင် ပညာရေး လျှော်ကြေး ထောက်ခံစာတင်ပြရသည့် စနစ်ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်လျှောက်ထားရသည့်ကာလကိုလည်း ၁၀ ရက်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် မှတ်ပုံတင်၊ သန်းခေါင်စာရင်း ကိုသာ အဓိက တင်ပြရမည်ဖြစ်သည်ဟု သိရှိရသည်။
စည်းမျဉ်း စည်းကမ်း နှင့် လုပ်ထုံးလုပ်နည်း များ ဖြေလျော့လိုက်သော်လည်း ဥပဒေချိုးဖောက်မှုဖြင့် ထောင်ကျခဲ့ဖူး သူတိုင်း နိုင်ငံကူး လက်မှတ် လျှောက်ထားမည် ဆိုပါက ထောက်ထွက် လက်မှတ်ကို မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း၊ တင်ပြလာသည့် ထောင်ထွက်လက်မှတ်ကို စိစစ်မှုများပြုလုပ်မည် ဖြစ်သောကြောင့် ထောင်ထွက်များ အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးမည့် ကာလကို အတိအကျ မပြောနိုင်ကြောင်း ရဲအုပ်ကျော်မိုးက ဆိုသည်။
“ထောင်တခါ ကျဖူးရင် ထောင်ထွက်လက်မှတ်တစောင်ပါရမယ်၊ ထောင် ၂ ခါ ကျဖူးရင် ထောက်ထွက်လက်မှတ် ၂ စောင် ပါရမယ်။ ထောင်ကျခဲ့ဖူးတဲ့သူတွေကတော့ ထောင်ထွက်လက်မှတ်ကိုပါ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အချိန်မှာ တခါတည်းတင်ပြရမယ်၊ အဆင့်ဆင့် တင်ပြပြီးရင် တော့ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးမှာပေါ့၊ အချိန်ကတော့ သာမန်လူ ထက်ပိုကြာနိုင်တယ်” ဟု ရဲအုပ်ဦးကျော်မိုးက ပြောသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ပြစ်ဒဏ် ကျခံခဲ့ဖူးသူများကို ထောင်ထွက် လက်မှတ် တင်ပြခိုင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း နှင့် ခွဲခြား ဆက်ဆံမှုပင် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းဟောင်းများက ဆိုသည်။
“ပြစ်ဒဏ်ကျဖူးတဲ့သူတွေကို နိုင်ငံသားအဖြစ်ကနေ ဖယ်ထုတ်လိုက်သလိုဖြစ်နေတယ်၊ ပြစ်ဒဏ်ကျခံပြီးတာတောင် သာမန်ပြည်သူတယောက်လို့ မသတ်မှတ်သေးတဲ့သဘောဖြစ်နေတာ” ဟု နိုင်ငံရေးအကျဉ်းဟောင်းတဦးဖြစ်သူ ၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုမာကီးက ပြောသည်။
အခွန်ကင်းရှင်းကြောင်းထောက်ခံစာ မလိုအပ်တော့သော်လည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက အစိုးရထံသို့ အခွန်ကြွေးကျန်ရှိ၊ မရှိ စိစစ်မည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ထုတ် ပေးရာတွင် ၁၀ ရက်ထက်ပိုမို ကြာမြင့်နိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။
စစ်အစိုးရ လက်ထက် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု အလွန်စိစစ်ပြီး လာဘ်ပေး လာဘ်ယူ အများဆုံးဖြစ်ပွားသော ဌာနတခုအဖြစ် နာမည်ကျော်ကြားကြောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွင် တာဝန်ထမ်းဆောင်ခွင့်ရရန် အထက် အရာရှိများကို လာဘ်ထိုးပြီး အပြောင်းအရွှေ့လုပ်ရပြီး တာဝန်ကျအရာရှိနှင့် ဝန်ထမ်းများမှာလည်း လာဘ်ပေး လာဘ်ယူမှုဖြင့် ငွေကြေး ကြွယ်၀ ချမ်းသာခဲ့ကြကြောင်း၊ နိုင်ငံကူးလက်မှတ်လျှောက်ထားပေးသည့် ပွဲစားစနစ်မှာ အလွန် တွင်ကျယ်စွာ ဖြစ်ထွန်းခဲ့ကြောင်း သိရှိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်လျှောက်ထားမှုအတွက် ကုန်ကျစရိတ်မှာလည်း ငွေကျပ် ၂၃၀၀၀ ခန့်သာကုန်ကျမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။