ယခင်စစ်အစိုးရလက်ထက် ဖွဲ့စည်းတည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီတရပ်အဖြစ် အသွင်ပြောင်းလဲခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် စိန်ခေါ်မခံရဘဲ လွှတ်တော်ကိုယ်စားလှယ်အများစုတွင် အနိုင်ရပြီး အုပ်ချုပ်ရေးနှင့် တရားဥပဒေပြုရေးတို့တွင် လွှမ်းမိုးနိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေအများစုတွင် အနိုင်ယူခဲ့ခြင်းက ကြံ့ခိုင်ရေးပါတီကို အကြီးအကျယ် စိန်ခေါ်ခြင်းဖြစ်သည်။ တနှစ်ကျော် သက်တမ်းရှိလာပြီဖြစ်သော ကြံ့ခိုင်ရေးပါတီသည် ပထမဆုံးသော ညီလာခံကို နေပြည်တော်တွင် အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ပါတီတွင်းပြုပြင်ပြောင်းလဲရေးများကို အဓိက ရည်ရွယ်ချက်ဖြင့် ဆွေးနွေးလျက်ရှိကြောင်း ပါတီက သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်မြို့အခြေစိုက် ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တွေ့ဆုံပြီး ပါတီ၏ လက်ရှိအနေအထားနှင့် စိန်ခေါ်ခံနေရမှုများအပေါ် သဘောထား အမြင်များကို မေးမြန်းထားပါသည်။
မေး။ ။ လူမှုရေးအသင်းပုံစံကနေ နိုင်ငံရေးပါတီတခုအဖြစ် ပြောင်းလဲလိုက်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီက ပထမဆုံးအကြိမ်ညီလာခံမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်လိုတွေပြင်ဆင်ဖို့ရှိလဲ။ လက်ရှိ ပါတီအနေနဲ့ ရင်ဆိုင်နေရတဲ့ အားနည်းချက်က ဘာလဲ။
ဖြေ။ ။အဓိက ကတော့ အားနည်းချက်ဆိုတဲ့နေရာမှာ ယေဘုယျပဲ ခြုံပြီးတော့ပြောမယ်ဆိုရင် လူထုယုံကြည်မှုလိုတာပေါ့။ လူထုယုံကြည်ရင် ရွေးကောက်ပွဲဆိုတာ သာမညပါပဲ။ အဓိကက လူထုက ယုံကြည်ဖို့လိုတယ်။ လူထုကနေပြီးတော့ သူတို့အကျိုးအတွက်၊ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ပေးနိုင်မယ့်သူတွေလို့ ယုံကြည်ရင် အဲဒီလူကို ရွေးမှာပဲ။ မယုံကြည်သရွေ့ကတော့ ဘာပဲလုပ်ပေးနေ နေရွေးမှာမဟုတ်ဘူး။ ကျနော်တို့ကတော့ အဓိက ဒီနေ့ကျနော်မြင်တာကတော့ ကျနော်တို့ ပါတီဖွဲ့တယ်ဆိုကတည်းက တယောက်တည်း လုပ်တာမကောင်းဘူး။ အများနဲ့လုပ်တာ ပိုထိရောက်မယ်ဆိုပြီး ယုံတဲ့သူတွေ စုပြီးပါတီဖွဲ့လိုက်တာပဲ။ ဒါပေမဲ့ ကျနော်တို့က ဘာလုပ်ချင်တာလည်း ဆိုတဲ့ရည်မှန်းချက်ကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပဲ။ တည်ငြိမ်အေးချမ်းမှု ရှိအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လုပ် မယ်ဆိုတာက ကျနော်တို့ အသင်းဘဝကတည်းက ကျနော်တို့က ဘာကို လေ့ကျင့်ခဲ့သလဲဆိုရင် လူမှုရေးလုပ်ငန်းတွေ လုပ်တတ်လာအောင်၊ ပြည်သူတွေပ ါပေါင်းပြီးတော့ လုပ်နိုင်လာအောင် လေ့ကျင့်လာတာ။ လူမှုရေးစိတ်ဓာတ်ကို အခြေခံတယ်။ လူမှုရေးစိတ်ဓာတ်ဆိုတာက အကျိုးရှိတဲ့လုပ်ငန်း၊ ကိုယ့်ဒေသမှာ ကိုယ့်ပြည်သူ ကိုယ့်ဒေသ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်တာဖြစ်တဲ့အတွက် အခုပါတီဖွဲ့တဲ့အချိန်မှာ ဒီစိတ်ဓာတ်ကို အခြေခံပြီးဖြစ်အောင်လုပ်တာ။ ဒီနေ့ပြောနေကြတာက ဘာတွေလုပ်ခဲ့လဲ။ ဆက်ပြီးတော့မှ ပြည်သူတွေ ဘာတွေလိုအပ်နေလဲ။ ဒါကြောင့် ဘယ်နည်းလမ်းတွေနဲ့ ဆက်လုပ်ရင် သင့်တော်ပါတယ်ဆိုပြီးတော့ သူတို့ပြောကြတာ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်ချမယ်။ ရှေ့လုပ်ငန်းစဉ်ချတဲ့အဓိက ကတော့ ရှေ့လုပ်ငန်းစဉ်တွေချပြီးလို့ရှိရင် ကျနော်တို့ပါတီက ချမှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် အဲဒီဒေသ အဲဒီပြည်သူအတွက်အကျိုးရှိမယ်၊ အဲဒါဆိုရင် ယုံကြည်မှုက ဒုတိယအဆင့်လိုက်လာမယ်။ နောက်ကျတဲ့အချိန်ကျမှ မဲဆိုတဲ့ဥစ္စာ၊ ရွေးကောက်ပွဲဆိုတာ လာမယ်လို့ ကျနော်မြင်တယ်။ ရွေးကောက်ပွဲမနိုင်လို့ မလုပ်ဘူးဆိုရင် ပါတီမှ မဟုတ်တာပဲ။ မနိုင်လည်းလုပ်ရမယ်၊ နိုင်လည်းလုပ်ရမယ်။ သို့သော်လည်းပဲ ပါတီတိုင်းကတော့ နိုင်ချင်ကျတာချည်းပဲ။ ကျနော့်အမြင်ပြောရင်တော့ ရွေးကောက်ပွဲ နိုင်တာ ရှုံးတာက ပြည်သူက အဆုံးအဖြတ်ပဲ ကိုယ်ဘာမှ ပြောလို့မရဘူး။ ကိုယ်လုပ်စရာရှိတာကတော့ အကျိုးရှိတဲ့လုပ်ငန်းတွေကို ဟိုအရင်တုန်းက ကျနော်တို့ရှိတဲ့ လူမှုရေးစိတ်ဓာတ်ကို အခြေခံပြီး လုပ်ဖို့ပဲ။
မေး။ ။ လာမယ့် ရွေးကောက်ပွဲ ကျင့်သုံးမယ့် လမ်းစဉ်တိတိကျကျ ချလိုက်ပြီလား။
ဖြေ။ ။ ပါတီရှေ့လုပ်ငန်းစဉ်တွေ မချရသေးဘူး။ ရှေ့လုပ်ငန်းစဉ်တွေက နှစ်ပေါင်းများစွာအတွက် ကြိုပြီးတော့မလုပ်ဖူး။ တနှစ်တခါပဲ လုပ်ကြတာ များတယ်။ သို့သော်လည်း မလုပ်ဖြစ်ဘူး ဆိုရင်တော့ ဆက်ပြီး Carry လုပ်ပြီးယူသွားမှာပေါ့။
မေး။ ။ပြည်တွင်းပြည်ပသတင်းတွေမှာ ပါတီဥက္ကဋ္ဌရာထူးပြန်ပြီးတော့ ရွေးချယ်မယ်လို့ သတင်းတွေတော်တော် တွင်တွင်ကျယ်ကျယ်ကို ထွက်နေပါတယ်။ ပါတီဥက္ကဋ္ဌ ရာထူး အပြောင်းအလဲလုပ်ဖို့ ရှိပါသလား။
ဖြေ။ ။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဦးသိန်းစိန်က နိုင်ငံရေး ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌတာဝန်ပေးထားတယ်။ သူ့တာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။ ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန် ဆက်ရှိနေမှာပါ။ အပြောင်းအလဲမရှိပါဘူး။
မေး။ ။သမ္မတဦးသိန်းစိန်က ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြည်သူတွေလက်ခံရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်တယ်လို့ပြောတယ်။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူးတဦးအနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်မလား။
ဖြေ။ ။ကျနော် ဒါနဲ့ပတ်သက်လို့ ပြောချင်တာက လူတိုင်းသမ္မတဖြစ်နိုင်တယ်။ သမ္မတဖြစ်ဖို့ဆိုရင် လူထုထောက်ခံဖို့လိုတယ်။ ဘယ်သူမဆိုပါ။ လူထုထောက်ခံမှုမရှိရင် ဘာမှ မရနိုင်ဘူး။ ဒါပေမဲ့လည်း သမ္မတဖြစ်နိုင်ဖို့အတွက် အရည်အချင်း ကန့်သတ်ချက်တွေရှိတယ်။ အဲဒါတွေပြည့်စုံမှ ဖြစ်မယ်။ အဲဒါတွေပြည့်စုံရင် ဘာကန့်ကွက်စရာရှိလဲ။ လုပ်နိုင်တဲ့ အရည် အချင်းတွေရှိကြပါတယ်။ ဒီနှစ်ချက်ပဲ ပြည့်စုံဖို့လိုတယ်။
မေး။ ။ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်းနေတဲ့အချက်တွေရှိတယ်။ အဲဒါတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြင်ဆင်ပေးဖို့ရှိပါသလား။
ဖြေ။ ။ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ သမ္မတဖြစ်ဖို့ ပြည့်စုံရမယ့်အရည်အချင်းသတ်မှတ်ချက်တွေက ၁၉၄၇ မှာလည်း ပါတယ်။ ၇၄ မှာလည်းပါတယ်။၂၀၀၈ မှာလည်း ပါတယ်။ တဦးတယောက်အတွက် ရည်ရွယ်တာ မဟုတ်ပါဘူး။ အားလုံးအတွက် ရည်ရွယ်တာဖြစ်တော့ သူတို့ပြန်ပြီး ပြုပြင်ပေးရမယ်ဆိုရင်လည်း အများသဘောနဲ့လုပ်ရမှာပေါ့။ တယောက်တည်း သဘောတော့လည်း ဘယ်လုပ်လို့ရမလဲ။ကျနော့်သဘောနဲ့ပြောမယ်ဆိုရင် အများသဘောတူမှ ပြင်လို့ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ဆွဲထားတာလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံခဥပဒေ စတင်အသက်ဝင်တဲ့အချိန်မှာတောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲတောင် ရောက်မှ မရောက်သေးတာ။ အားလုံးအတွက် ရည်ရွယ်ထားတာ။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်လို့ရတယ်။ အသစ်တောင်ဆွဲလို့ရတာပဲ။ ၄၇ မကြိုက်လို့ ၇၄ ဆွဲတယ်။ ၇၄ မသင့်တော်လို့ ၂၀၀၈ ဆွဲခဲ့တာပဲ။ တခုလုံးတောင်လုပ်လို့ရတာပဲ။ အများသဘောတူတယ်ဆိုတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းပဲ သွားမှာပဲ။ လက်ရှိမှာတော့ ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့မရှိသေးပါဘူး။
မေး။ ။ ဒီကနေ့ အစည်းအဝေးမှာ ပြည်နယ်/တိုင်းဒေသကြီး ပါတီတာဝန်ရှိသူတွေက ပါတီမှာ ဒီမိုကရေစီစနစ် စကျင့်သုံးဖို့ ပြောကြတာကြားပါတယ်။ အဲဒီတော့ ပါတီအနေနဲ့ ဗဟိုဦးစီးစနစ်ကနေ ဒီမိုကရေစီစနစ် တရားဝင်ပြောင်းလဲကျင့်သုံးပြီလို့ ပြောလို့ရလား။
ဖြေ။ ။ပါတီတွင်း ဒီမိုကရေစီဆိုတာ စနစ်တိုင်း၊ ပါတီတိုင်းမှာ ရှိပါတယ် ။ ဗဟိုဦးစီးစနစ်ဆိုတာလည်း ရှိပါတယ်။ကျနော်တို့ကတော့ ပြည်သူ့ပါတီအဖြစ်ပြောင်းလဲမယ်။ ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးမယ်။ ဒီကနေ့ ဆွေးနွေးတာတွေက ကျနော်တို့ကနေပြီးတော့ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်တွေချမှတ်မယ်ဆိုရင် ကျနော်တို့ကနေ ချမှတ်တာတွေချည်းပဲ လိုက်လုပ်လို့ရမယ်ဆိုတဲ့ သဘောဖြစ်တဲ့အတွက် ဒီနေ့ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ချမယ်။ သဘောထားချမှတ်တာတွေက အောက်ကနေပြီးတော့ တက်လာတဲ့ဟာတာတွေအပေါ် ချမှတ်တယ်ဆိုရင် ပါတီတွင်းဒီမိုကရေစီပါပဲ။
မေး။ ။ဧရာဝတီတိုင်းဒေသကြီးမှာ လွှတ်တော်နဲ့ အစိုးရကြားမှာ စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းဖို့အထိ တင်းမာလာတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဘယ်လိုမျိုး ဆက်လုပ်ဖို့ရှိသလဲ။
ဖြေ။ ။ ကျနော့်ဆန္ဒ ဘယ်သူမှ မဖြစ်စေချင်ဘူး။ တနှစ်ခွဲကျော်ကျော်လောက်ပဲရှိသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့ သတင်းတွေလည်း ကြားပါတယ်။ ကျနော့်သဘောနဲ့ မရဘူး။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ဒါမဖြစ်သင့်ဘူး။ တယောက်နဲ့တယောက် ထိခိုက်နစ်နာအောင် လုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါက လွှတ်တော်နဲ့ဆိုင်တယ်။ ကိုယ့်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီအခြေအနေတွေရှင်းပြရတယ်။ တကယ်လို့ ဆက်တိုးမယ်ဆိုရင် မဖြစ်အောင်လုပ်ပါလို့ ဒါပဲ ဆုံးဖြတ်တယ်။ ဒါ ဆုံးဖြတ်တဲ့အတွက် ဒီဆုံးဖြတ်နဲ့ပဲ သွားနေတယ်။ ကျနော်လည်း မဖြစ်စေချင်ဘူး။ ဘယ်သူမှ မဖြစ်စေချင်ဘူး။ အခြားနည်းလမ်း မရှိဘူးလား။ အခြားနည်းလမ်းနဲ့ စဉ်းစားလို့ရှိရင်လည်း ရနိုင်တယ်လို့ ကျနော်ထင်တယ်။
မေး။ ။ လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ စစ်ရေးအသုံးစရိတ်လျော့ချဖို့၊ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တေ ွတိုးမြှင့်ဖို့ ကြံ့ခိုင်ရေးပါတီက အဆိုတင်သွင်းဖို့ရှိလား။
ဖြေ။ ။ မရှိပါဘူး။ ဘတ်ဂျက်ကိစ္စက နောက်တခေါက်မှ။
မေး။ ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးကနေ အနားယူပြီး စာဖတ်နေတယ်လို့ ဦးဌေးဦးအပါအဝင် ဝန်ကြီးတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ခဏခဏပြောနေကြတယ်။ ဒါပေမဲ့လည်း တပ်မတော်အပေါ်မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာသက်ရောက်မှု ရှိသေးတယ်လို့ လူတွေက ပြောဆိုနေကြဆဲပဲ။ ဒီအပေါ်
ဘယ်လို သဘောထား မှတ်ချက် ပေးချင်ပါသလဲ။
ဖြေ။ ။တပ်မတော်ပေါ်မှာ သြဇာညောင်းသလားဆိုတော့ အမိ၊ အဖလို ဖြစ်နေတာကိုး။ ရှိနိုင်တာပေါ့။ သို့သော်လည်းပဲ ကျနော်သိသလောက်တော့ တပ်မတော်သည် လက်ရှိ သမ္မတကြီးအောက်ထဲမှာ ရှိနေတာပဲ။ ဗိုလ်ချုပ်မှူးကြီးက သြဇာညောင်းလို့ တပ်မတော်ကိုပြောလည်း သမ္မတက လုပ်ပေးမှဖြစ်တာကိုး။ ကျနော်သိသလောက် အနားယူနေတဲ့သဘော၊ ဘုရားတရားတွေ လုပ်နေတယ်။ ကျနော်တွေ့တာ ရေပြာတာပါ။ တပ်ကိုလည်း ခေါ်ပြီးတော့မှ မင်းတို့ ဘာတွေလုပ်လည်း မေးသံမကြားပါဘူး။