ယောကျာ်ချင်းလိင်တူဆက်ဆံသူ (Man Sex With Man – MSM) တဦးဖြစ်သူ ဦးချစ်ကိုကိုသည် ၂၀၀၈ ခုနှစ်မှ စပြီး MSM များ အရေးကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် MSM များအပေါ် ခွဲခြားဆက်ဆံခြင်းများ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် Lotus အမည်ဖြင့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းကာ ဥက္ကဋ္ဌ တာဝန်ယူ၍ လုပ်ဆောင်နေသူ တဦးဖြစ်သည်။ ဦးချစ်ကိုကို သည် HIV ဝေဒနာ ခံစားနေရသူ တဦးဖြစ်၍ ဆေးပုံမှန် သောက်သုံးနေရသူလည်း ဖြစ်သည်။
ဦးချစ်ကိုကို အား MSM များ၏ နေထိုင်မှု ဘဝပုံစံများ၊ Lotus အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များနှင့် MSM များကိုယ်စား ၎င်းတို့ တွေ့ကြုံရင်ဆိုင် နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ MSM နဲ့ Gay ဘာတွေကွာသလဲ ဆိုတာ ဦးချစ်ကိုကိုရဲ့ အမြင်ကို ရှင်းပြပေးပါ။
ဖြေ။ ။ ဘာမှ မကွာပါဘူး၊ အတူတူပဲ။ Gay လဲအခြောက်ပဲ၊ MSM လည်း အခြောက်ပဲ။ MSM ကို အခေါ်အဝေါ် ၄ မျိုး လောက်နဲ့ ခေါ်တာပဲရှိတယ်။ အားလုံးသည် အတူတူချည်းပဲ။ ကျနော်ကတော့ MSM နဲ့ Gay နဲ့က အတူတူပဲလို့ ခံယူ ထားတယ်။ ဖွင့်ပြောတာနဲ့ မပြောတာဘဲ ကွာသွားတာ။ ဒါပေမယ့် ကြားဖူးတာ တခုရှိတယ်၊ အဲဒါက တခြား နိုင်ငံတွေမှာ ဆိုရင် MSM သည် ယောကျာ်ပဲ။ ဒါပေမယ့် သူတို့က မိန်ကလေးတွေနဲ့ ဆက်ဆံရတာကို မကြိုက်ဘူး၊ Gay တွေနဲ့ ဆက်ဆံရတာကိုပဲ သဘောကျကြတယ်။ အဲဒီလိုလူတွေကို MSM လို့ သတ်မှတ်ထားတယ်။ Gay တွေကို ကျတော့ နွဲ့နွဲ့လျလျ နေသူတွေ၊ အခြောက်တွေလို့ သတ်မှတ် ထားကြတယ်။ ဒီမှာတော့ အဲဒီလို ခွဲခြားသတ်မှတ်ထားတာ မရှိပါဘူး။
မေး။ ။ ကိုယ့်ကိုယ်ကိုယ် MSM လို့ သတ်မှတ် ထားတာက ကိုယ်တိုင် ဒီဘဝကို နှစ်သက်လို့လား၊ ပတ်ဝန်းကျင် ကြောင့်လား။
ဖြေ။ ။ ဒီလို MSM တို့ Gay တို့ဆိုတာက ကိုယ်ကိုယ်တိုင် ကြိုက်လို့ ဖြစ်တာပဲလေ။ ကျနော်ဆိုရင် ၁၃ နှစ် ကတည်းက လိင်တူ ဆက်ဆံခဲ့ဘူးတယ်။ လိင်တူ ဆက်ဆံပြီးတော့မှ လိင်တူဆက်ဆံရတာကို ချစ်လို့၊ မြတ်နိုးလို့၊ သဘောကျလို့ကို အဲဒီလို နေတာလေ။ ကြားဖူးတာတွေကတော့ အဓမ္မ ဆက်ဆံခံရလို့ဆိုပြီး မုန်းနေတာ၊ ဝမ်းနည်းနေတာမျိုးပေါ့။ ဒါမျိုး မရှိဘူး။ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ် ကျေနပ်နေတယ်၊ ပျော်နေတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်အမျိုးတွေ ထဲမှာလည်း အဲဒီလိုမရှိဘူး။ ပတ်ဝန်းကျင်မှာလည်း အဲဒီလိုမရှိဘူး။ ကိုယ်တယောက်တည်းပဲ ဒီလိုဖြစ်လာတာ။
မေး။ ။ အသက် ၁၃ နှစ် မတိုင်ခင်က ဘယ်လိုပုံစံမျိုးနဲ့ နေခဲ့ပါသလဲ။
ဖြေ။ ။ ၁၃ နှစ် မတိုင်ခင်ကတော့ ယောကျာ်လေး တယောက်လိုနေတယ်။ အခုလည်း ယောကျာ်လေးလိုပဲ နေတာပဲလေ၊ ထမီမှ မဝတ်တာ။ နွဲ့နွဲ့လျလျ နေတာကတော့ အချင်းချင်း တွေ့ရင်တော့ နွဲ့နွဲ့လျလျ နေတာပေါ့။မိသားစုနား ရောက်သွားပြီ ဆိုရင်လည်း ပုံစံတမျိုးနဲ့ နေတယ်။ ဘယ်ဘဝမှာ ဘယ်လို နေရနေရ ပျော်ပျော်နေတတ်ဖို့ပဲ လိုတာလေ။ဒီအလုပ်တွေ လုပ်နေတယ်၊ MSM တွေနဲ့ အချင်းချင်း တွေ့နေရတယ် ဆိုရင်လည်း ပျော်တာပဲ။ ဒါက နေရာဒေသတော့ ရှိတာပေါ့။နေရာဒေသ ဆိုတာက နေရာတိုင်းမှာ နွဲ့နေချင်တိုင်း နွဲ့နေလို့ မရဘူးလေ၊ သူ့နေရာနဲ့သူပေါ့ MSM အသိုင်းအဝန်းကြား ရောက်သွားရင် MSM ဓလေ့စရိုက်အတိုင်း နေတယ်။ သူတို့က နေခိုင်းတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် Auto ပြောင်းသွားတယ်။ ဒီ မိသားစု အသိုင်းအဝန်း ကြားမှာကျပြန်တော့လည်း တမျိုးဖြစ်သွားပြန်ရော။ ဒါက သိပ်တော့ မဆန်းပါဘူး။ MSM တိုင်းလိုလိုကတော့ ဒီလိုပဲလေ။
မေး။ ။ ဦးချစ်ကိုကိုက MSM တယောက် ဖြစ်နေတဲ့အတွက် အလုပ်နဲ့ ပတ်သက်လာရင် ထိခိုက်တာမျိုး၊ အလုပ်ခွင်မှာ အဆင်မပြေတာ မျိုးတွေ ရှိဖူးလား။
ဖြေ။ ။ အလုပ်မှာလည်း ဘာမှ ထိခိုက်နစ်နာတာမရှိဘူး။ ၂၀၀၈ ခုနှစ် မတိုင်ခင်ကဆိုရင် ကိုယ့်ကိုယ်ကိုယ် MSM ပါဆိုပြီး ဝန်ခံတာ မဟုတ်ဘူးလေ။ အဲဒီတုန်းက ကိုယ်က MSM ပါ ဆိုတာကို မပြောဘဲနဲ့နေတယ်။ အခု ဖွင့်ပြောလာတော့လည်း ဘာဖြစ်လာလဲ ဆိုတော့ အလုပ်တွေ ပိုတောင် လုပ်ရသေးတယ်။ ဒီဘက်က အရင်ကတည်းက လုပ်ခဲ့တဲ့ အလုပ်တွေလည်း လုပ်ရတယ်၊ MSM အလုပ်တွေလည်း လုပ်ရတယ်။ လူမှုရေး အလုပ်တွေ များများ ပိုလုပ်ရတယ်။ ဒါက ခံယူတဲ့လူအပေါ်မှာပဲ မူတည်တယ်လို့ ပြောလို့ရတယ်။
မေး။ ။ ကိုယ့်ကိုယ်ကိုယ် MSM လို့ ခံယူထားတယ် ဆိုတော့ မိန်းကလေး တယောက်ကို မြင်ရင် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ မိန်းကလေးတွေကို မြင်ရင် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မချစ်ဘူး။ ဒါပေမယ့် ယေကျာ်လေးကို မြင်ရင် ချောရင် ချစ်တယ်၊ မချောရင် မချစ်ဘူး။ စုံတွဲတတွဲ လမ်းမှာသွားတာတွေ့ရင် ကောင်လေးက ချစ်စရာကောင်းရင် ကောင်မလေးကို ခဲနဲ့တောင် ထုလိုက်ချင်တယ်။ အဲဒီလိုတွေပဲဖြစ်တယ်။ ကိုယ်က ယောကျာ်လေးကိုပဲ နှစ်သက်တာကိုး။
မိန်းကလေးတွေကို ကိုယ်နဲ့တူညီတယ်ဆိုပြီး တွေးမိလို့ မချစ်တာမဟုတ်ဘူး။ မိန်းကလေးတွေနဲ့ တူတယ်လို့လည်း မသတ်မှတ် ဘူး၊ တူမှမတူတာ။ မချစ်ဘူး၊ သဘောမကျဘူး ဆိုတာကတော့ အရင်ကတည်းက ငယ်ငယ်လေး ကတည်းက ယောကျာ်လေး တွေကိုပဲ စိတ်ဝင်စားတာ၊ ချစ်တာလေ။ မိန်းကလေးတွေကို နည်းနည်းလေးမှ ချစ်လို့မရတာ။
မေး။ ။ MSM တွေဆိုရင် တချို့လူတွေက ခွဲခြားဆက်ဆံကြတာတွေ ရှိတယ်။ အဲဒီအခါကျရင် ယောကျာ်လေး တယောက်အဖြစ် ပြန်လိုချင်တာ၊ ပြန်နေချင်တာမျိုး ဖြစ်တယ်လို့ ကြားဖူးတယ်။ အဲဒီလိုမျိုး ဖြစ်လား။
ဖြေ။ ။ အဲဒါကတော့ သိပ်တော့မဆိုင်ဘူး။ ကိုယ့်ရဲ့ စိတ်ပေါ်မှာပဲ မူတည်တယ်။ နေချင်ပြီး နေလို့မရဘူး ဆိုတာကတော့ မရှိပါဘူး။ ကျနော်တို့လည်း ဟန်ဆောင်ပြီး နေလာခဲ့တာပဲ။ ၂၀၀၈ မတိုင်ခင်ကဆို ယောကျာ်လေး တယောက်လို ဟန်ဆောင်ပြီး နေခဲ့တာပဲလေ။ အခုလည်း ယောကျာ် တယောက်လိုပဲ နေတာပဲ။
မိသားစုနဲ့ ဆိုရင်လည်း ခွဲခြားဆက်ဆံ ခံရတာပဲ။ ဟိုးအစကတည်းက ခွဲခြား ခံရတယ်။ ဒါပေမယ့် MSM တွေမှာက ဦးနှောက်က နှစ်ဆ ပိုအလုပ်လုပ်နိုင်တယ်။ အမျိုးသမီး ဦးနှောက်နဲ့ အမျိုးသားဦးနှောက် နှစ်မျိုးနဲ့ တီထွင်နိုင်စွမ်းတွေ ရှိတယ်။တီထွင်ဉာဏ် နှစ်မျိုးရှိတဲ့အတွက် အစွမ်းအစ နှစ်မျိုးရှိတယ်။ ဒါကြောင့် ပိုကြိုးစားကြတယ်။ ပိုကြိုးစားတဲ့ အတွက် လူမှု အသိုင်းအဝန်းမှာ ဆိုရင်လည်း MSM တွေက နေရာ ရလာကြပါတယ်။ အခုဆိုရင် မိသားစုတွေကလည်း အပြစ်မမြင်ဘဲ လက်ခံလာကြတာ တွေ့ရတယ်။
မေး။ ။ မိသားစုကရော ဦးချစ်ကိုကို MSMဆိုတာ သိလား။ သူတို့ကို ဖွင့်ပြောပြ ထားလား။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းကြီးသာ MSM ပါဆိုပြီး မပြောတာဘဲ ရှိတယ်။ ကျနော့်ကို MSM အဖွဲ့အစည်းမှာ လုပ်နေတယ်၊ MSM တယောက်ဖြစ်တယ် ဆိုတာ သိတယ်။ ကျနော့်မှာ ပါတနာ ရှိတယ်ဆိုတာလည်း သိတယ်။ ပေါ်ပေါ်ထင်ထင် လက်ခံတယ် ဆိုတာကို သူတို့ဘက်က မပြောတာပဲ ရှိတယ်လေ။ သူတို့ဘာသာသူတို့ တိုးတိုးတိတ်တိတ် လက်ခံတာတော့ ရှိတာပေါ့။ ကိုယ်ကလည်း သူတို့ရှေ့မှာ ပေါ်တင်တော့ မပြောဘူးပေါ့၊ သိသာသိစေ မမြင်စေနဲ့ပေါ့။
မေး။ ။ မိသားစုက ဦးချစ်ကို MSM ဆိုတာ သိသိချင်း ဘယ်လိုပြဿနာတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ ကျနော့်မိသားစုဆိုရင် စစချင်းမှာ MSM ဆိုတာကို သိတော့ အဖေလုပ်တဲ့သူက ကြိမ်းမောင်းပြီး သတ်မယ် ဖြတ်မယ်တွေတောင် လုပ်တာ။ အမေဆိုရင်လည်း ငါ မွေးထားတာ ယောကျာ်လေးပါ၊ ဒါကြောင့် ယောကျာ်လေးလိုပဲ နေစေချင်တယ်၊ ယောကျာ်လေးလိုပဲ နေတာကို မြင်ချင်တယ်လို့ ပြောတယ်။ ဒါမျိုးတွေကို ငါတို့မကြိုက်ဘူး၊ ငါတို့ အမျိုးတွေ ထဲမှာလည်း ရှိတာမဟုတ်ဘူး ဆိုပြီး ပြောတယ်။ ကြုံတွေ့ ရတာကတော့ တော်တော်ဆိုးဆိုးကြီးကို ကြုံခဲ့ရတယ်။ နောက်ဆုံး ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်တောင် ရှေ့ဆက် မရပ်တည်တော့ဘူးလို့ တွေးလိုက် မိသေးတယ်။ ဒါပေမယ့် အဲဒီလို တွေးမိသလိုသာ လုပ်ခဲ့မယ်ဆိုရင် ဒီလို ဒီအခြေအနေ အထိတောင် ရောက်လာမှာ မဟုတ်ဘူး။
မေး။ ။ အရင်ကနဲ့ အခုနဲ့ဆိုရင် MSM တွေအပေါ် မြန်မာပြည်က လူတွေရဲ့ ဆက်ဆံမှုတွေက ပြောင်းလဲသွားတာ ရှိလား။ MSM တွေကို လက်ခံလာပြီလို့ ပြောလို့ရလား။
ဖြေ။ ။ အခုခေတ်က ပိုပြီး ပွင့်လင်းလာတယ်လို့ ပြောရမယ်။ ဟိုးတုန်းကဆို MSM တွေကို တွေ့ရင် အခြောက်၊ ဂန်ဒူး၊ AIDS ကောင် ဆိုပြီး လိုက်လှောင်ပြောင် ကြတယ်။ အခုဆို အဲဒီလို မခေါ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ပိုပြီး ပွင့်လင်းလာတာရယ်၊ ရှေ့ထွက်ရဲလာတာရယ်၊ ဒါတွေကြောင့် အရင်တုန်းကနဲ့ အခုနဲ့ အများကြီး ကွာလာတယ်။ အားလုံးက နားလည်ပေးကြတယ်၊ လက်ခံပေးကြတယ်။ ဥပမာဆိုရင် မကြီးစန်း (မိတ်ကပ်ခင်စန်းဝင်း) တို့ MSM ပွဲလုပ်တယ်၊ လူတွေကို အုံးအုံးကို ထနေတာပဲ၊ နောက်ပြီး ဒီလထဲမှာပဲ ထိုင်းက MSM တွေလာပြီး ကဖို့လုပ်တော့မယ်။ ဒီလိုတွေ လုပ်တာက လူတွေ လက်ခံလာလို့ ပြောင်းလဲလာလို့ပေါ့။ မဟုတ်ရင် လုပ်မယ့်သူတောင် ရှိမှာမဟုတ်ဘူး။အများကြီး ပြောင်းလဲလာတယ်လို့ ပြောလို့ ရတာပေါ့။
အခုခေတ်မှာ ဆိုရင် အခြေခံလူတန်းစားတွေ ထဲလောက်မှာပဲ MSM တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေတော့တယ်။ ဒီဘက်က ပညာတတ် အသိုင်းအဝန်းတွေ ဘက်မှာကျတော့ အဲဒီလို ခွဲခြား နှိမ့်ချဆက်ဆံတာတွေ မရှိဘူး။ နေရာအပေါ်မှာ၊ လူအပေါ်မှာပဲ မူတည်ပြီး ခွဲခြား ဆက်ဆံမှုတွေ ရှိတာပါ။ ခွဲခြားဆက်ဆံ ခံရရင် ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစား အားထုတ်ပြဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုကို ဂရုစိုက်နေစရာ မလိုဘူး။ MSM တွေက ငါတို့ စွမ်းဆောင်နိုင်တယ်၊ လုပ်နိုင်တယ်၊ တီထွင်နိုင်တယ် ဆိုတာကို ပြဖို့ပဲ လိုတယ်။
မေး။ ။ ကိုယ့်ကိုယ်ကိုယ်၊ ပတ်ဝန်းကျင်မှာရော၊ အသိုင်းအဝန်း ကြားမှာပါ ဘယ်လိုလူအဖြစ် သတ်မှတ်ထားလဲ။
ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ်မှတ်လဲ ဆိုတော့ အကျိုးရှိတဲ့ သူတယောက်၊ ကောင်းကျိုးပေးတဲ့ သူတယောက်လို့ သတ်မှတ် ထားတယ်။ ၂၀၀၃ ခုနှစ်ကစပြီး လူမှုရေး အလုပ်တွေ စလုပ်နိုင်ခဲ့တယ်။ အဲဒီကတည်းက အဲဒီလို သတ်မှတ် လိုက်တာပဲ။ HIV/ AIDS နဲ့ ပတ်သက်တဲ့ လူမှုရေး အလုပ်တွေကို ၂၀၀၃ မှာ စလုပ်တယ်၊ MSM တွေနဲ့ ပတ်သက်တဲ့ လူမှုရေး အလုပ်တွေကို ကျတော့ ၂၀၀၈ မှာ စလုပ်တယ်။
မေး။ ။ MSM နဲ့ ပတ်သက်ပြီး အစိုးရဘက်ကကော ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ပြောလို့ရလား။
ဖြေ။ ။ ပြောင်းလဲလာတယ် ဆိုတာထက် ပြောင်းလဲမှုတွေ ပိုပြီးလုပ်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ MSM အရေးအတွက် တောင်းဆိုပေးဖို့က အဓိကပေါ့။ အဲဒါ ဘာလို့ တောင်းဆိုတာလဲ ဆိုတော့ လိင်တူ ဆက်ဆံသူတွေဟာ အန္တရာယ် များတယ်၊ ၃၇၇ ဆိုတဲ့ ပုဒ်မကလည်း ရှိတယ်။ MSMတွေ လိင်တူဆက်ဆံရာမှာ တရားမဝင်ဘူး၊ HIV/ AIDS နဲ့ ပတ်သက်နှီးနွှယ်ပြီး MSM တွေကို တရားဝင်လာအောင် လုပ်ပေးဖို့လိုတယ်။ ဒီလိုနဲ့ပဲ လက်ခံ နေရုံနဲ့တင် မပြီးသေးဘူး။တောင်းဆို ချင်တာ၊ တရားဝင် ဖြစ်စေချင်တယ် ဆိုတာက ဘာကြောင့်လဲဆိုတော့ HIV/ AIDS ဆိုတာ ကာကွယ်ရေးမှာ အရမ်း အရေးပါတဲ့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လို့ပါ။ HIV ကူးစက်မှုမှာ MSM က ဒုတိယ လိုက်တယ်လေ။ ပထမကIPU၊ ဒုတိယက MSM တတိယက Sex Workers ဆိုတော့ အန္တရာယ်ကျရောက်လွယ်တဲ့ အုပ်စုတွေကို ဒီအတိုင်း ပစ်ထားလို့လည်း မရဘူး၊ လုပ်ပေးဖို့ အရမ်းကို လိုအပ်တယ်။
ဥပမာ – ဒီ လိင်တူဆက်ဆံသူတွေ အတွက် ဥပဒေ ပုဒ်မတွေကို ပြောင်းပေးဖို့ လိုအပ်တယ်။ နောက်ပြီး ဒီလိုလုပ်ငန်းတွေကို လုပ်ပေးနေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဥပဒေတွေလည်း ပြဌာန်းပေးဖို့ လိုအပ်တယ်။ ကျနော်တို့ကို အချိန်မရွေး လာဖမ်းလို့ ရတယ်လေ။ ဒါတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်၊ လွပ်လွပ်လပ်လပ် လုပ်ခွင့်ပေးဖို့ လိုအပ်တယ်။ အခုလည်း လုပ်လို့ ရပါတယ်၊ လုပ်လို့မရဘူးလို့ မပြောပါဘူး ဒါပေမယ့် ပိုပြီး လွပ်လွပ်လပ်လပ် လုပ်ခွင့်ပေးစေချင်တယ်။
မေး။ ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် MSM ပါဆိုပြီး ဝန်ခံခဲ့တာလဲ။
ဖြေ။ ။ ဘာလို့ ဝန်ခံတာလဲဆိုတော့ ပျော်လို့ မဟုတ်ဘူး၊ ဂုဏ်ယူလို့ မဟုတ်ဘူး။ MSM တွေမှာ HIV နဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ HIV နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အဲဒါတွေကို ကူညီချင်တဲ့ စိတ်တွေကြောင့် ဒီလိုမျိုး ဖွင့်ပြောတာပါ။ အခုလို ဖွင့်ပြောချင်းအားဖြင့် တခြား MSM တွေက အကူအညီလိုရင် ကိုယ့်ကို ဖွင့်ပြောပြီး အကူအညီ တောင်းလာနိုင်တယ်။ ဒါကြောင့် အားလုံးအတွက် အဆင်ပြေနိုင်အောင် အခုလို ဖွင့်ပြောတာပါ။
မေး။ ။ ဦးချစ်ကိုကိုတို့ရဲ့ Lotus အဖွဲ့အကြောင်း ပြောပြပေးပါဦး။
ကျနော်တို့မှာ Lotus ဆိုတဲ့ MSM အရေးကိစ္စတွေ လုပ်ဆောင်ပေးတဲ့ အဖွဲ့လေး တဖွဲ့ရှိတယ်။ အဖွဲ့ဝင် MSM ပေါင်း ၇၀ ကျော်လောက်ရှိတယ်။ သူတို့ကို လစဉ် တွေ့ဆုံပွဲလေးတွေ လုပ်ပေးတယ်။ သူတို့အတွက် ကာကွယ်ရေး အနေနဲ့ ပညာပေးတွေ၊ ဟောပြောပွဲတွေ လုပ်ပေးတယ်။ သွေးစစ်ချင်တာတွေ ဘာတွေဆိုလည်း လုပ်ပေးတယ်။ MSM Positive တွေအတွက်လည်း စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေး ပရောဂျက် တခုကို လုပ်ပေးထားတယ်။ အဲဒီလို လုပ်ရင်းကနေ MSM ကွန်ရက်ဆိုတာ ပုံပေါ်လာတယ်။ ဦးချစ်က ရန်ကုန်ဒေသမှာ ဥက္ကဋ္ဌ ရာထူးတာဝန် ယူထားတယ်။ အဲဒီမှာ ဒေသအလိုက် အစည်းအဝေးတွေ လုပ်တယ်။ Lotus ကို HIV/ AIDS ကိစ္စတွေ ကူညီပေးတဲ့ ALLINCE ကနေ ကူညီထောက်ပံ့ပေးနေတယ်။နောက်ပြီး နိုင်ငံတကာ NGO အဖွဲ့အစည်း တခုက ထောက်ပံ့ပေးတယ်။ Training ပေးဖို့တွေ ကြတော့ UNDP က ပေးတယ်။ ဒီအဖွဲ့က အဓိကအားဖြင့် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ပေးတယ်။ ဒီလို နာမည်ပေးရတာက ကြာပန်းဆိုတာ နွံထဲမှာ နစ်နေပေမယ့် လှတယ်လေ။ အဲလိုပဲ MSM တွေကလည်း ဒီလိုပဲဆိုတဲ့ သဘောပေါ့။
အဓိကအားဖြင့် MSM တွေမှာ ခွဲခြား ဆက်ဆံ ခံရမှုတွေလျော့ကျပြီး အများတန်းတူ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ဒီအဖွဲ့ ကြိုးစားနေတယ်။ ခွဲခြား ဆက်ဆံမှုတွေက နေရာတိုင်းမှာ ရှိတယ်။ HIV Positive တွေထဲမှာရော၊ MSM တွေ အချင်းချင်းထဲမှာရော၊ နင်ကဘာ MSM၊ ငါက ဘာ MSM ဆိုပြီးရှိတယ်။ HIV နဲ့ ပတ်သက်ရင်လည်း တန်းတူ အခွင့်အရေးရပြီး ဆေးဝါးရရှိဖို့ လိုတယ်။ MSM တွေကို ဆေးဝါးရရှိဖို့ လုပ်ဆောင်ပေးတဲ့ NGO တွေက တော်တော်လေး နည်းတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ များများဖွဲ့နိုင်ပြီး များများကူညီပေးနိုင်အောင် လုပ်ဆောင်ကြရပါမယ်။
MSM အရေး လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘာသာကိုယ် လုပ်ကြတာထက် ပထမ အစပိုင်းမှာတော့ သူ့အဖွဲ့လေးနဲ့သူ လုပ်နေကြတာပဲလို့ ပြောရမှာပေါ့။ ဒါတွေကို ပြောင်းလဲလာဖို့အတွက် အဖွဲ့လေးတွေက လုပ်လို့မရဘူး။ ကျနော်တို့ ဆီမှာက လွှတ်တော်လိုမျိုး ရှိတယ်။ ဒါတွေကို ဆွေးနွေးနိုင်မှ ဥပဒေ တရပ် ပြဌာန်းနိုင်မှာလေ။ ကာကွယ်ရေးတို့ စောင့်ရှောက်ရေးတို့ ဆိုတာက ပြဌာန်းပေးနိုင်မှ ရမှာကိုး။ ဒါကိုတော့ ကွန်ရက်မှာပဲ တိုင်ပင်ဆွေးနွေးပြီး လုပ်ရတာပေါ့။
အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ကွန်ရက်နဲ့ ချိတ်ဆက်မိတဲ့ အဖွဲ့အစည်းပေါင်း ၇၀ ကျော် ရှိပြီ။ရန်ကုန်မှာပဲ ၁၁ ဖွဲ့ရှိတယ်။ နယ်တွေဆိုရင် ရခိုင်၊ ကချင်၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ စစ်ကိုင်း၊ လားရှိုး၊ အောင်ပန်း၊မိုးကုတ်၊ ပြည်၊ မလှိုင်၊ မြင်းခြံ၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင်၊ ရှမ်းပြည် (တောင်/မြောက်) စသည်ဖြင့် တနိုင်ငံလုံး နီးပါးနဲ့ ချိတ်ဆက် မိနေပါပြီ။ မချိတ်ဆက် မိသေးတာက ကယားနဲ့ ချင်းပဲ ကျန်တော့တယ်။ အဖွဲ့အစည်း ထဲမှာဆိုရင် MSM တွေချည်းပဲ ရှိတယ်။ယောကျာ်တွေ၊ မိန်းမတွေ မရှိပါဘူး။
ကွန်ရက်ကိုတော့ ၂၀၁၀ မှ စပြီးဖွဲ့စည်းခဲ့တာပါ။ ကွန်ရက်မဟုတ်တဲ့ MSMတပိုင်တနိုင် အဖွဲ့လေးတွေကတော့ သူ့ဘာသာသူ ဖွဲ့နေကြတာပဲလေ။ ဒါပေမယ့် တယောက်နဲ့တယောက်တော့ မတူဘူး။ ကျနော်တို့ Lotus ဆိုရင် ၂၀၀၈ မှ ဖွဲ့စည်းတာ။ ပထမဆုံး MSM အဖွဲ့ဆို ၂၀၀၅ လောက်မှာ စတယ်လို့ ပြောလို့ရတယ်။
မေး။ ။ MSM အခွင့်အရေး အတွက် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ။ ။ အဓိကက ပုဒ်မ ၃၇၇ ဆိုတာကြီး ပပျောက်သွားဖို့ပေါ့။ နောက်ပြီး လိင်တူချင်း လက်ထပ်ခွင့် ရရှိဖို့တွေကို တခြား နိုင်ငံတွေမှာ ပြဌာန်းထားပြီးပြီ။ ဒီနိုင်ငံမှာပဲ မပြဌာန်းရသေးတာ။ အဲဒီလိုတွေ လုပ်ပေး စေချင်တယ်။ အဲဒီလိုတွေ ဖြစ်လာမယ်ဆိုရင် Right အနေနဲ့ မပြောဘဲ ကာကွယ်ရေး အနေနဲ့ ပြောမယ်ဆိုရင် အရမ်းကောင်း ပါတယ်။ လိင်ဆက်ဆံမယ့် ပါတနာ နည်းသွားမယ်။ ကိုယ့်ပါတနာ သူများနဲ့ ဆက်ဆံတယ် ဆိုရင်လည်း မကျေနပ်ရင် ပေါ်ပေါ်ထင်ထင် ပြောနိုင်လာမယ်။
မေး။ ။ ဦးချစ်ကိုကိုတို့ အနေနဲ့ ထိုင်းနိုင်ငံအခြေစိုက် HREIB (လူ့အခွင့်အရေးပညာပေးဌာန – မြန်မာနိုင်ငံ) လို့ခေါ်တဲ့ အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင် နေတာ၊ ချိတ်ဆက် လုပ်ဆောင်နေတာ ရှိပါသလား။
ဖြေ။ ။ အဲဒီလိုတော့ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ လုပ်ဖို့အစီအစဉ်ရှိတယ်။
မေး။ ။ ပြည်သူတွေအပြင် အစိုးရတွေပါ လက်ခံလာဖို့ ဘယ်လို ပညာပေးမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ ပြည်သူတွေရော၊ အစိုးရပါ လက်ခံလာဖို့၊ နားလည်လာဖို့ကို တွေ့ဆုံဆွေးနွေး မှုမျိုးတွေ လုပ်မယ်။ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်မယ်။ အစိုးရကို တောင်းဆိုတဲ့ အခါမှာလည်း လိင်ဆက်ဆံဖို့အတွက်၊ လိင်တူချင်း လက်ထပ်ခွင့် ရဖို့ ဆိုတာထက် ကာကွယ်ရေးတွေကို ဇောင်းပေးပြီး တောင်းဆိုရမှာပေါ့။
မေး။ ။ အရင်က ဒီလို အဖွဲ့တွေမရှိခင်ကနဲ့ ရှိပြီးနဲ့ဆို ဘာတွေကွာခြား လာပါသလဲ။
ဖြေ။ ။ ဘာတွေကွာလာလဲ ဆိုတော့ တစ်သံထဲမဟုတ်တော့ဘဲ အသံတွေ အများကြီး ထွက်တာပေါ့။ တယောက်ထဲ တွန်းတာနဲ့ အများနဲ့ တွန်းတာ ကွာသလိုပေါ့။ တော်တော်တော့ ကွာခြားလာတယ်လို့ ပြောလို့ရတယ်။ဘယ်လောက် ရာခိုင်နှုန်းအထိ အောင်မြင်တယ် ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် အရင်ကနဲ့ ယှဉ်ရင်တော့ တော်တော် ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် တော်တော်များများလည်း အသိအမှတ် ပြုလာတယ်။ UNDP လို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အသိအမှတ် ပြုမှုတွေ ရှိလာတယ်။
အစိုးရ အနေနဲ့လည်း အရင်ကထက်စာရင် အသိအမှတ် ပြုလာတယ်။ ဘာလို့လဲဆိုရင် သင်းဖွဲ့ မှတ်ပုံတင်တွေ လုပ်ခိုင်းတယ်။တရားဝင် လုပ်ခွင့်ရနိုင်အောင် သင်းဖွဲ့ မှတ်ပုံတင်တွေ လုပ်ရတယ်။ ဒီလို မှတ်ပုံတင်ဖို့ကို တနှစ် ကျပ် ၁ သိန်းဆိုပြီး ၅ သိန်း ပေးထားရတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားရင် တရားဝင် လုပ်ခွင့်ရသွားပြီ။
မေး။ ။ ဦးချစ်ကိုကိုက HIV ဝေဒနာ ခံစားနေရတယ် ဆိုတာလည်း ဖွင့်ပြောထားတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို ဘာတွေ ပြောချင်လဲ။
ဖြေ။ ။ ကိုယ်နဲ့ ပတ်သက်တဲ့ အနီးအနားက လူတွေကိုတော့ ဘာမှ သိပ် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ MSM ဘဝနဲ့ နေထိုင်တယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်။ ရှေ့လျှောက်လည်း ဆက်လုပ်ဦးမယ်၊ အခုလည်း လုပ်နေတယ်။ သူများတွေ အိပ်ရာထဲ လဲနေချိန်မှာ ကိုယ်တွေက အလုပ်လုပ် နေနိုင်တယ်။ ဒါတွေက ကိုယ်ကျန်းမာလို့ လုပ်နေနိုင်တာလေ ကိုယ် မကျန်းမာရင် ဘယ်လိုလုပ် ဒီလို အလုပ်တွေ လုပ်နိုင်မှာလဲ။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်နေနေ ဆေးပုံမှန်သောက်တယ်၊ ကျန်းကျန်းမာမာနဲ့ နေတယ်။ ဒီ ပိုးရှိနေတာကို စိတ်ထဲ မထည့်ထားဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါတယ်။
မေး။ ။ ARV ဆေးကို ဘယ်အချိန်ကတည်းက သောက်နေရတာလဲ။ အခုလို ကျန်းကျန်းမာမာ ဖြစ်နေဖို့ ဘယ်လိုတွေ ဆောင်ရန်၊ ရှောင်ရန် ကိစ္စတွေ လုပ်ပါသလဲ။
ဖြေ။ ။ ARVဆေးကို ၂၀၀၃ ခုနှစ် ကတည်းက သောက်နေရတာ။ ကျန်းကျန်းမာမာ ဖြစ်နေတာကတော့ ဆေးကို မှန်မှန် သောက်တာကြောင့် လို့လည်း ပြောလို့ရသလို၊ စောစောက ပြောသလိုပဲ ဒီ HIV ပိုးရှိနေတာကို စိတ်ထဲ မထည့်ထားဘဲ ပျော်ပျော်ရွှင်ရွှင်နေတာ ကြောင့်ပါတယ်။
မေး။ ။ HIV ပိုးရှိနေတာကို ဦးချစ်ကိုကိုရဲ့ ပါတနာကော သိလား။ သူ့ကို အသိပေးထားလား။
ဖြေ။ ။ ပါတနာက သိတာပေါ့။ အသိ ပေးထားရတာပေါ့။ မဟုတ်ရင် သူ့ကို ဒီ HIVပိုး ကူးသွားမှာပေါ့။ သူ့ကို အသိပေးထားတယ်။ သူနဲ့ တူတူနေတဲ့အချိန်ဆို ကွန်ဒုံသုံးပါတယ်၊ ဒါမှ သူ့ဆီကို အဲဒီပိုးတွေ မရောက်မှာလေ။ HIV ပိုးရှိတာကို ပါတနာက သိပေမယ့် သူက လက်ခံပေးပါတယ်။ အခုဆို သူနဲ့တွဲနေတာ ၁၀ နှစ် ရှိပါပြီ။ ကျနော့် ပါတနာက သူ့ အမျိုးသမီးနဲ့ ကွဲနေတာပါ။ တချို့ MSM တွေရဲ့ ပါတနာတွေမှာဆို ရည်းစားတွေ၊ မိန်းမတွေ၊ ကလေးတွေ ရှိကြတယ်။ ဒါပေမယ့် ကိုယ်တွေ ဆီကို လာကြတယ်။ ဒါတွေကို ကျနော်တို့ MSM တွေ အားလုံးက နားလည်ပေးထား ရတာပေါ့။
မေး။ ။ ယောကျာ် တယောက် MSM တယောက်ကို လက်ခံလာဖို့ အတွက် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရလဲ။
ဖြေ။ ။ ယောကျာ်တယောက် ကိုယ့်ကို လက်ခံလာအောင် သူတို့ကို ယုယရတယ်။ သူတို့ကြိုက်အောင် ကိုယ်က ဂရုစိုက် ပေးတယ်၊ နေပေးတယ်။ သူတို့ကို ဂရုစိုက်တော့ သူတို့က ဘာပြောလဲဆိုတော့ ကျနော့် မိန်းမတောင် ကျနော့်ကို ဒီလို ဂရုမစိုက်ဘူးလို့ ပြောတယ်။ သူတို့တွေ လက်ခံလာဖို့ အများကြီးပေးဆပ်ရတယ်။ အဲဒီလိုပဲ အများကြီးလည်း ဆုံးရှုံး ခဲ့ရဖူးတယ်။ ကိုယ်က မေတ္တာတွေ ပေးဆပ်တယ်၊ ဒါတွေကို တန်ဖိုးမထား၊ အလေးမထားတဲ့ သူတွေရှိသလို၊ တန်ဖိုးထားတဲ့ လူတွေလည်း ရှိတာပဲ။ ဒီလို အများကြီး ကြုံဖူးတယ်။ ရသလောက်ခွာပြီး ထွက်သွားတဲ့သူတွေလည်း ရှိတာပဲ။ ကိုယ်တွေ ပေးဆပ်တယ် ဆိုတာကလည်း ဘာရယူလိုမှုကြောင့်မှ မဟုတ်ဘူး။ ချစ်လို့၊ သူတို့ဘဝ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် နေရဖို့ပဲ လိုချင်တာ။ တခါတလေ သူတို့ သားသမီးတွေ ရှိတဲ့နေရာကိုသွားတယ်၊ စကားတွေဘာတွေ ပြောတယ်။အဲဒီအချိန် ကျရင်တော့ ညီအစ်ကို မောင်နှမလို စိတ်မျိုးပဲ ရှိတော့တယ်။ ။